Monday, September 23, 2019

မာန၏အထင်

မာန၏အထင်

★ "မာနမညနာ" - ဘဝတစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး၊ သိလည်း မသိကြဘူး၊ ဘဝ ရလာတာနဲ့ လူတိုင်း လူတိုင်းဟာ နိစ္စထာဝရ မသောတော့မယ့်ပုံမျိုးပဲ နေကြတယ်။
★ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာ မရှိဘူး။
★ ဘုန်းကြီးတို့ တစ်ခါတစ်ခါ မြင်မိတယ် - ကြက်ကလေးတွေ ဖမ်းပြီး ခြင်းတောင်းထဲ ထည့်ထားတယ်၊ အဲဒီ ကြက်ကလေးတွေဟာ ခြင်းတောင်းထဲကနေပြီး တွန်နေကြတယ်၊ တစ်ကောင်နဲ့ တစ်ကောင် ဆိတ်ကြတယ်၊ ကြည့်လိုက်တဲ့အခါ သူတို့မှာ စိတ်ညစ်နေတဲ့ပုံ မရှိဘူး၊ ပျော်နေကြတဲ့ပုံပဲ ရှိတယ်။
★ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာ "တို့ သေရတော့မှာပဲ" ဆိုတဲ့ အတွေးမရှိလို့ပဲ၊ ဒီခြင်းတောင်းထဲ ရောက်လာတာကို ဘာကြောင့်ရောက်တယ်၊ ငါတို့ မကြာခင် ဘာဖြစ်မယ်ဆိုတဲ့ အသိစိတ်က မရှိဘူး၊ ရလာတဲ့ အချိန်ပိုင်းလေးမှာ ပျော်ဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်။
★ အဲဒီလိုပဲ ပုထုဇဉ်သတ္တဝါတွေ ဘဝတစ်ခုရလာရင် ဒီဘဝကြီးဟာ နိစ္စထာဝရလို့ အောက်မေ့လာတယ်၊ စည်းစိမ်ချမ်းသာတွေ ရလာလို့ရှိရင်လည်း ထာဝရ စည်းစိမ်ကြီးလို့ သတ်မှတ်လာကြတယ်။
★ လူတွေက ရာထူးဌာနန္တရ ရလာလို့ရှိရင်လည်း ထာဝရကြီးလို့ ဒီလိုထင်ကြတယ်ပေါ့၊ အဲဒီလို အထင်တွေ ရောက်လာတဲ့အခါကျတော့ ဘာဖြစ်တုန်း ဆိုလို့ရှိရင် မာနဆိုတဲ့ အထင်အမြင်တွေ ဝင်လာတယ်၊ အထင်မှားမှုတွေ ဝင်လာတယ်။
★ မာနဆိုတဲ့ အထင်မှားမှုတွေကြောင့် ဟာဒီသက္ကာယကို စည်းစိမ်ချမ်းသာ ခံစားစရာကြီးအဖြစ် လူတွေက ယူဆလာကြတယ်၊ ကိုယ့်ခန္ဓာနဲ့ မောက်မာလာကြတယ်၊ လှတဲ့လူကလည်း အလှမာန် တက်လာတယ်၊ ငယ်ရွယ်တဲ့သူကလည်း “ယောဗ္ဗနမဒ” ဆိုတဲ့ ငယ်ရွယ်မှုမာန်တွေ တက်လာတယ်။
★ ပညာတတ်တဲ့ သူကလည်း ပညာမာန်တွေ တက်လာတယ်၊ ရာထူးအာဏာရှိသူကလည်း ရာထူး အာဏာမာန်တွေ တက်လာတယ်။ ဒါ အထင်မှားနေလို့ မာန်တက်နေကြတာ၊ "တို့ ဟာ တစ်ခဏလေးပါလား" ဆိုတာ မစဉ်းစားမိဘူး၊ မစဉ်းစားမိသည့်အတွက် နိစ္စထာဝရလို့ထင်ပြီး မာန်မာနတွေ တက်နေကြတာတဲ့။
★ အဲဒီ မာန်မာနတက်တာ ဥပမာ ဘာနဲ့တူတုန်းဆိုရင် မစင်အညစ်အကြေးကိုစားတဲ့ သတ္တဝါတစ်ကောင်ဟာ မစင်ပုံကြီးပေါ် ရောက်တဲ့အခါ နိစ္စထာဝရ တစ်သက်တာ စိတ်ချရတဲ့ အရာတစ်ခုလို့ အထင်မှားပြီးတော့ မာန်မာနတွေ ပွားသလိုပဲတဲ့၊ အဲ့ဒါနဲ့ အလားတူတယ်တဲ့ ဒီလိုဆိုတယ်။
★ ဒီတော့ ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာငါးပါး ရ,ထားတဲ့အခါ ဒီခန္ဓာငါးပါးကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ကြတာပဲ၊ ခုနက ပြောတဲ့ မာန်မာနတွေ - ငယ်ရွယ်တဲ့သူက ငယ်ရွယ်တဲ့မာနတွေ တက်တယ်၊ “ယောဗ္ဗနမဒ” လို့ ခေါ်တယ်။
★ ကျန်းမာတဲ့ သူကလည်း "ငါ ကျန်းမာတယ်၊ ငါ ဘာမှ မဖြစ်ဘူး" ဆိုတဲ့ “အာရောဂျမဒ” မာန်မာနတွေ တက်တယ်၊ ဒါတွေဟာ တစ်ခါတစ်လေ အလွန် သိမ်မွေ့တယ်၊ မာန်မာနတက်တာကို တက်မှန်းတောင် မသိဘူး၊ တက်မှန်းတောင် မသိရအောင် ဒီတရားတွေက သိမ်မွေ့တယ်။
★ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကလည်း “ဇီဝိတမဒ” "သူသာ သေတယ်၊ ငါမသေဘူး" ဆိုတဲ့ အတွေးမျိုးဝင်ကြတယ်၊ ကြည့်လေ - လူတစ်ယောက် မတော်တဆ ဆုံးသွားလို့ရှိရင် ပြောကြတယ်၊ "ဒီလူက အစားမရှာင်ဘူး၊ ဒီလူက ဘာမလုပ်ဘူး" နဲ့၊ ဒီလို အပြစ်အပြောခံ ကျန်ရစ်ခဲ့ကြရတာမျိုးချည်းပဲ။
★ သို့သော်လည်း ကိုယ့်ကျတော့ ဒီလိုဖြစ်မယ်လို့ လူတိုင်းဟာ စဉ်းစားခဲ့တယ်ပေါ့၊ အသက်ရှင်နေတဲ့ ဇီဝိတမဒ ဆိုတာတွေ တက်လာတယ်။
★ စီးပွားချမ်းသာရှိတဲ့ ပုဂ္ဂိုလ်ကလည်း စီးပွားဥစ္စာကို အကြောင်းပြုပြီး မာန်မာနတွေ တက်လာတယ်၊ ရုပ်ရည်ရူပကာယ ချောမောလှပတဲ့သူကလည်း ရုပ်ရည် ရူပကာယ အလှအပအပေါ်မှာ မာန်မာနတွေတက်တယ်၊ ရာထူးအာဏာရှိတဲ့သူကလည်း ရာထူးအာဏာ မာန်မာနတွေ တက်တယ်၊ ဒါတွေဟာ မာနဲ့ပတ်သက်တဲ့ “မာနမညနာ” လို့ ခေါ်တဲ့ အထင်မှားမှုတွေချည်းပဲ။
★ အဲဒီ အထင်မှားမှုတွေကို ဘာနဲ့ ဖျောက်ရမလဲဆိုရင် မှန်ကန်တဲ့ အသိဉာဏ်၊ မှန်ကန်တဲ့ အတွေးနဲ့ ဖျောက်ရမယ်၊ မှန်ကန်တဲ့အတွေးဆိုတာ "နေသာဟမသ္မိ - တကယ်ကတော့ ဒါတွေဟာ ငါ မဟုတ်ဘူး" ဒီလို အတွေးလေးရှိဖို့ လိုတယ်တဲ့၊
★ "ဒါ ငါ မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ညီညွတ်နေတဲ့အခိုက် ဖြစ်တာ၊ နုပျိုတာလည်း ငါမဟုတ်ဘူး"၊ သူ့ အချိန်က မရင့်ကျက်သေးလို့ နုပျိုတယ်လို့ ထင်တာ တကယ်တော့ တဖြည်းဖြည်း ရင့်ကျက်နေတာနော်။
★ "အဆင်ပြေတဲ့အချိန် အကြောင်း အကျိုး ညီညွတ်လို့ ဖြစ်နေတာ၊ တကယ်ကတော့ ငါ မဟုတ်ဘူး၊ တစ်ခဏတာမျှအတွင်းမှာ ပြောင်းလဲသွားမယ်" ဆိုတဲ့ အတွေးတွေတွေးဖို့ လိုအပ်တယ်တဲ့။
★ "နေသာဟမသ္မိ - ငါမဟုတ်ဘူး" ဆိုတဲ့ အတွေးမျိုး မှန်ကန်တဲ့ အမြင်မျိုးရှိမှသာလျှင် အခု “မာနမညနာ” ဆိုတဲ့ ဒီအတွေးအထင်ကြီး အထင်မှားမှုကြီး ပျောက်ကင်းနိုင်ပါတယ်တဲ့၊ နို့မို့ဆိုရင် သက္ကာယ အပေါ်မှာ အထင်မှားနေတဲ့ မာနမညနာ ဆိုတာ မပျောက်ကင်းနိုင်ဘူးတဲ့။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
“အထင်မှားအမြင်မှား” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

Credit --- Shwe Thu