Monday, September 23, 2019

ဒိဋ္ဌိ၏အထင်

ဒိဋ္ဌိ၏အထင်

★ ဒိဋ္ဌိမညနာ - ဒိဋ္ဌိမညနာ ကျတော့ သူမြင်ပုံက တစ်မျိုး၊ ဘာနဲ့ ဥပမာတူတုန်း ဆိုလို့ရှိရင် ကိုယ့်ခန္ဓာကိုယ်ကို မှန်ကြည့်လို့ မှန်ထဲမှာပေါ်လာတဲ့ အရိပ်ကို ငါလို့ထင်မှတ်သလို ဖြစ်နေတယ်၊ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ကို ငါလို့ ထင်မှတ်သလို ဖြစ်နေတယ်။
★ တကယ်တော့ မှန်ထဲမှာ ပေါ်လာတဲ့အရိပ်ဟာ လှမ်းကိုင်ကြည့်လို့လည်း မရဘူး၊ တကယ်လည်း ရှိတာမဟုတ်ဘူး၊ တကယ်မရှိပေမယ့် ရှိတယ်လို့ ထင်နေတယ်ပေါ့။

★ အဲဒီလို တကယ်မရှိတဲ့အရာကို ရှိတယ်လို့ ထင်တယ်၊ သက္ကာယ ဆိုတဲ့ ခန္ဓာငါးပါးနဲ့ ပတ်သက်ပြီး တွေးထင်တဲ့ ပိုင်ဆိုင်မှုဆိုတဲ့ "အတ္တနိယ" ရှိတယ်လို့ အဲဒီအတွေးတွေ ဝင်လာလို့ရှိရင် မှန်ရိပ်ထဲက ရုပ်ပုံလွှာကို ငါလို့ထင်သလို ထင်နေတာဟာ မှားယွင်းတဲ့ အထင်တစ်ခုပါတဲ့၊ ဒါကို "ဒိဋ္ဌိမညနာ" လို့ခေါ်တယ်၊ ဒိဋ္ဌိမညနာ - အတွေးအမြင် မှားယွင်းတာတဲ့။
★ မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် မှန်ရိပ်ထဲက ရုပ်ပုံလွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ဒီ ကိုယ်ထင်ပြီးတော့ အားကိုစရာ အရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့ မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အရာသာဖြစ်တယ် ဆိုတာကို ဘုန်းကြီးတို့တစ်တွေ မမြင်နိုင်ကြဘူးတဲ့၊ ဘာဖြစ်တုန်းဆိုရင် ခုနကပြောတဲ့ "ဒိဋ္ဌိမညနာ" မှားယွင်းတဲ့ အထင်မှားမှု တစ်ခုကြောင့် ဖြစ်တာတဲ့။
★ ကောင်းပြီ အဲဒီအထင်မှားမှုတွေ - တဏှာကြောင့် အထင်မှားမှုတွေ တွယ်တာမှုကို စွဲလန်းပြီးတော့ အထင်မှားမှုတွေ၊ မာနကြောင့် ဖြစ်ပေါ်လာတဲ့ အထင်မှားမှုတွေ၊ သက္ကာယပေါ်မှာ အဲဒီလို အထင်မှားမှုတွေဟာ လွယ်လွယ်ကူကူနဲ့ ဒီ သက္ကာယဆိုတဲ့ ခန္ဓာငါးပါးကြီးက လွတ်အောင်, ကျွတ်အောင် ကြိုးစားလို့ ဖြစ်သလားလို့ဆိုရင် အင်မတန်မှ ခဲယဉ်းတယ်။
★ မြတ်စွာဘုရားက ဥပမာ ပေးထားတာ ခွေးတစ်ကောင်ကို ချည်တိုင် ငုတ်တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ထားလို့ရှိရင် အဲဒီခွေးဟာ ရုန်းတယ်၊ ဘယ်လိုပဲ ရုန်းရုန်း သူဟာ ချည်တိုင်ငုတ်နားပဲ အဝေးကို မသွားနိုင်ဘူး။
★ ဘုန်းကြီးတို့တစ်တွေလည်း ဘယ်ဘဝပဲရောက်ရောက် ချည်တိုင်ငုတ်နဲ့ အလားတူတဲ့ ဟောဒီ သက္ကာယက ဝေးပြီးတော့ မသွားနိုင်ဘူး၊ ဘယ်ဘဝ ရောက်သွားသွား ခန္ဓာပဲ ပြန်ရတယ်။
★ ဥပမာ - လူ့ဘဝကနေ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ နတ်ဘဝ ရောက်သွားတယ်၊ ခန္ဓာပဲ ပြန်ရတယ်၊ တရားကျင့်လို့ ဗြဟ္မာဖြစ်သွားတယ်၊ ခန္ဓာပဲ ပြန်ရတယ်၊ အကုသိုလ်လုပ်လို့ ငရဲကျသွားတယ်, တိရစ္ဆာန်ဖြစ်တယ်, ပြိတ္တာဖြစ်တယ်၊ ခန္ဓာပဲပြန်ရတယ်။
★ ခွေးတစ်ကောင်ဟာ ကြိုးနဲ့ချည်ထားလို့ ငုတ်နားမှာပဲ သူဟာ တဝဲလည်လည် ဖြစ်နေသလို ဘုန်းကြီးတို့တစ်တေါဟာလည်း ခန္ဓာငါးပါးနဲ့ပဲ တဝဲလည်လည် ဖြစ်နေကြတယ်, အဝေးကို မရောက်နိုင်ကြဘူးလို့ ဒီလို ဂဒ္ဒုလသုတ်မှာ မြတ်စွာဘုရားက ဟောတော်မူတယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
“အထင်မှားအမြင်မှား” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu