Monday, September 23, 2019

ပိဏ္ဍောလဘာရဒွါဇနှင့်ဥဒေနမင်း

ပိဏ္ဍောလဘာရဒွါဇနှင့်ဥဒေနမင်း

တစ်ချိန်က ပိဏ္ဍောလ လို့ ခေါ်သော ဘာရဒွါဇမထေရ် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ လူတိုင်း လူတိုင်း နားလည်လွယ်အောင် ပြောရလို့ရှိယင် ရာဇဂြိုဟ် သေဋ္ဌေးရဲ့ စန္ဒကူးသပိတ်ကို ကောင်းကင်က တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ယူတော်မူတဲ့ ပိဏ္ဍောလဘာရဒွါဇ လို့ခေါ်သော မထေရ်သူမြတ် ကောသမ္ဗီပြည်ရဲ့ အနီး ဃောသိသာရုံ ဃောသိတသေဋ္ဌေး= ဃောသကသေဋ္ဌေး ဆောက်လုပ် လှူဒါန်းတဲ့ ဃောသိသာရုံ ခေါ်သော ကျောင်းတိုက်ကြီးမှာ သီတင်းသုံး နေထိုင်တော်မူတဲ့ အခိုက် ဖြစ်ပါတယ်။
ဒီကိုယ်တော်ကို ဘာပြုလို့ ပိဏ္ဍောလလို့ ခေါ်သတုံး၊ ဘာပြုလို့ ဘာရဒွါဇ ခေါ်သတုံးဆိုတဲ့ အကြောင်းဖော်ပြထားတယ်။ သူ့ရဲ့ မိဘ ဘိုးဘေး အစဉ်အဆက် အနွယ်က ဘာရဒွါဇ ပုဏ္ဏားရဲ့ အနွယ်မို့လို့ သူ့ကို ဘာရဒွါဇလို့ ခေါ်တယ်တဲ့။ ဒီအရှင်မြတ်ကို ပိဏ္ဍောလလို့ ခေါ်တာကတော့သူ လူ့ဘဝတုန်းက အင်မတန် ဆင်းရဲနွမ်းပါးရှိတဲ့ ပုဏ္ဏားတစ်ယောက်ပါပဲတဲ့။ လူ့လောကမှာ စားရေး ဝတ်ရေး အင်မတန် ပင်ပန်းနွမ်းနယ်ရတဲ့အတွက် သာသနာဝင်ပြီးတော့ စားရေး ဝတ်ရေး ချမ်းသာရေးအတွက် ပထမပိုင်းမှာ ဝင်ပြီးတော့ လာလို့ သူ့ကို
ပိဏ္ဍောလလို့ခေါ်တယ်။
သာသနာတော်ထဲ ရောက်လာတဲ့အခါကျတော့ ဆိုကြပါစို့။ ဒီ ပိဏ္ဍောလ ဘာရဒွါဇ ကိုယ်တော်မြတ်က အစား ဝမ်းမီး တေဇော ကောင်းတယ်တဲ့။ ကောင်းတဲ့အတွက် အစားအသောက် သူများထက် ပိုပြီးတော့ ဘုဉ်းပေးနိုင်တယ်။ အဲဒီလို ဝမ်းမီး ကောင်းလွန်းလို့ အစားကောင်းတဲ့အတွက် မြတ်စွာဘုရားက သူ့ကို ကွက်ပြီးတော့ သပိတ်အိတ်ကို သူ့ကို ခွင့်မပေးဘူးတဲ့။ ဒီ့ပြင် အရှင်သူမြတ်တွေသာ သပိတ်အိတ် ဆောင်ရတယ်၊ ရှင်ပိဏ္ဍောလကို မြတ်စွာဘုရားက ပထမပိုင်းမှာ သူ့ကို သပိတ်အိတ် ခွင့်မပေးဘူး။
ချစ်သားမှာတော့ သပိတ်အိတ် မလိုဘူးတဲ့။ သပိတ်အိတ် မဆောင်ရဘူး။ ဒီအတိုင်း သပိတ်ကို ပွေ့ပြီးတော့ သွားဆွမ်းခံ၊ ဆွမ်း ကိစ္စပြီးတော့ သပိတ်ကို ခုတင် ညောင်စောင်းရဲ့ အောက်မှာ ချစ်သား သွင်းတဲ့အခါမှာ အောက်က မြေကြီးကို သပိတ်နှုတ်ခမ်းနဲ့ တိုက်တိုက်ပြီးတော့ သွင်းရမယ်။ ထုတ်ယူတဲ့အခါမှာလဲ မြေကြီးနဲ့သပိတ်နှုတ်ခမ်းနဲ့ တိုက်ပြီးမှ ထုတ်ယူရမယ်။ ဒီလို မြတ်စွာဘုရားက အရှင်ပိဏ္ဍောလကို အမိန့်ပေးတယ်။
အဲဒီလို တိုက်ဖန်များ ပွတ်ဖန်များတော့ တော်တော်ကြာတော့ သပိတ်အနားက တဖြည်းဖြည်း ပွန်းပွန်း ပွန်းပွန်းပြီးတော့ လာလိုက်တာ တစ်ခွက်ချက်= တစ်ခွက်ဆံ့တဲ့အချိန် ရောက်လာတယ်။ အဲဒီတော့မှ မြတ်စွာဘုရားက သူ့သပိတ် အခြေအနေကြည့်ယင် တစ်ခွက်ချက် ဆွမ်း ဆံ့တဲ့ အခြေအနေရောက်တော့မှ “ဒါဖြင့် ချစ်သား သပိတ်အိတ် ဆောင်တော့” ဒီလို အမိန့်ရှိတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက ဒီလိုပဲ ဝမ်းမီးကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
အဲဒီ သပိတ်အိတ် ဆောင်တော့ ဆိုလို့ တစ်ခွက်ချက် ဘုဉ်းပေးတဲ့ အချိန်က စပြီးတော့ ခန္ဓာကိုယ်လည်း အင်မတန် မျှမျှတတ ဖြစ်ပြီး ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်တဲ့အခါ ဒီအရှင်မြတ်သည် ရဟန္တာ ဖြစ်ပါတယ်တဲ့။
အဲဒီလို ရဟန္တာ ဖြစ်ပြီးတဲ့ နောက်တစ်နေ့မှာ ကောသမ္ဗီပြည် ဃောသိကသေဋ္ဌေး ဆောက်လုပ်တဲ့ ဃောသိတာရုံကျောင်း သီတင်းသုံးတော်မူတဲ့ အခိုက်ဖြစ်ပါတယ်။
နွေရာသီမှာ ကျောင်းတိုက်ထဲ နေရတာ အင်မတန် ပူပြင်းတဲ့အတွက် တစ်နေ့သ၌ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဥဒေနမင်းတရား ပိုင်ဆိုင်သော ဂင်္ဂါမြစ်ကမ်းနားမှာ ရှိတဲ့ ဥဒါပါနခေါ်သော မင်္ဂလာဥယျာဉ်အတွင်း တစ်ခုသော သစ်ပင်ရင်းမှာ သွားပြီး နေ့သန့်နေတော်မူတယ်။ ဖလသမာပတ် ချမ်းသာဖြင့်။ သစ်ပင်ရင်း= ဝိဝေက ဆိတ်ငြိမ်ရာအရပ်မှာ ရာသီဥတုလည်း ကောင်းတယ်လေ ဆိုပြီး အဲဒီမှာ စမ္မခဏ် သရေပိုင်းလေးနဲ့ နေ့သန့်နေတော်မူတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
အဲဒီနေ့မှာ ဥဒေနမင်းတရားသည် များစွာသော မင်းချင်းတွေ၊ အမှုထမ်းတွေ ခြံရံ၍ သေသောက်ပွဲကြီး ကျင်းပတာ ခုနစ်ရက်၊ ရှစ်ရက်။ “ကနေ့တော့ မင်္ဂလာ ဥယျာဉ်သွားပြီးတော့ တို့... ဥယျာဉ်တော် ကစားမယ်” ဆိုပြီး ထွက်လာတဲ့နေ့။ မင်္ဂလာဥယျာဉ် ရောက်တဲ့အခါ ကျတော့ ခုနစ်ရက် မြူးတူးပျော်ပါး သောက်စားပြီး အင်မတန် ပင်ပန်းထားတဲ့ မင်းတရားကြီးဟာ တစ်ဦးသော မောင်းမငယ်၏ ရင်ခွင်မှာ ခေါင်းချပြီးတော့ မင်္ဂလာကျောက်ဖျာပေါ်မှာ အိပ်စက်သွားတယ်။
ဘေးက တီးကြ မှုတ်ကြ ကကြ ခုန်ကြရမယ့် ရံရွေတော်တွေက “မင်းတရား အိပ်ပျော်သွားပြီ၊ ဒီတော့ တီဖို့ မှုတ်ဖို့ ကဖို့ ခုန်ဖို့ မလိုတော့ဘူး” ဆိုပြီးတော့ မင်္ဂလာဥယျာဉ်ထဲ လျှောက်ပြီး လှည့်ကြည့်ကြတယ်။ လှည့်ကြည့်တဲ့အခါ အရှင်ပိဏ္ဍောလ တွေ့တော့ အရှင်ပိဏ္ဍောလထံ သွားပြီးတော့ ရိုသေမြတ်နိုး ရှိခိုး၍ တစိုးတစိ ဩဝါဒ ရလိုရကြောင်းနဲ့ သွားပြီးတော့ တရားနာကြတော့ အရှင်ပိဏ္ဍောလက
“ဣဿာတရားများ မထားကြနဲ့၊ မစ္ဆရိယတရားများ မထားကြနဲ့” ဆိုပြီးတော့ အမျိုးသမီးများနဲ့ လိုက်လျောသော တရားစကား ဟောကြားတော်မူနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလို မောင်းမမိဿံများ တရားနာနေတဲ့အချိန် ဥဒေန မင်းတရားကို တစ်ယောက်တည်း စောင့်ပြီးကျန်နေတဲ့ မောင်းမမိဿံက ငါ တစ်ယောက်တည်းရှိတော့တယ်၊ ဒီမိန်းမတွေကိုတော့ ဒုက္ခရောက်အောင် ငါလုပ်ဦးမှပဲဆိုတဲ့ အကြံနဲ့ မင်းတရား မနိုး နိုးအောင်လှုပ်ရှားတော့ ဥဒေနမင်းက နိုးတယ်။ ဘေးနားမှာ အခြွေအရံတွေ မမြင်တော့ “ဟိုမိန်းမတွေ ဘယ်သွားကုန်သလဲ” ဆိုတော့ “ဟောဟို သစ်ပင်ရင်း တစ်ခုမှာ ကိုယ်တော်တစ်ပါး သွားပြီးတော့ ဝန်းရံနေတယ်။ အရှင်ဘုရားရဲ့ လခရိက္ခာ စားပြီးတော့ ခစားတော့ ဟို ရဟန်းရဲ့အပါး သွားပြီး ခစားတယ်” လို့ ကတုံးကတိုက် စကားပြောတော့ ဥဒေန မင်းတရား ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး ဒီနေရာက ထသွားတယ်။ ပါးပျဉ်းထောင်တဲ့ မြွေဟောက်ကြီးလိုပ။ အင်မတန် ဒေါသကြီးပြီးတော့ သွားတယ်။
သွားရင်းကနေပြီး ဒီကိုယ်တော်တော့ သိရော့မယ်။ ဒီကိုယ်တော့်အပေါ် ခါချဉ်ထုပ်နဲ့ ငါပေါက်မယ် ဆိုသောအကြံဖြင့် ဥဒေန မင်းတရားက သော်ကပင် တစ်ခုမှာ စွဲနေတဲ့ ခါချဉ်ထုပ်ကြီး သွားပြီးတော့ အကိုင်းဆွဲတယ်။ ကိုင်းဆွဲပေမယ့် အကိုင်းကို သူက မချိုးနိုင်တော့ သူလိုချင်တာက ဒီခါချဉ်ထုပ်ကြီးကို အကိုင်းချိုးပြီး သူယူချင်တာ။ သူက အကိုင်းကို လှမ်းဆွဲတုန်းရှိသေးတယ်၊ ခါချင်ထုပ်ကြီးက ပြေပြီးတော့ သူ့ခေါင်းပေါ် ကျတယ်။ ခေါင်းပေါ်ကျတော့ သူ့ တစ်ကိုယ်လုံးပေါ့လေ။ ခါချဉ်ကောင်တွေကိုက်လို့၊ ဟိုက ခုနင်က ရှင်ပိဏ္ဍောလ အနားမှာ နေတဲ့ မောင်းမမိဿံတွေကလည်းပဲ ဥဒေနမင်းရဲ့ ဒေါသထွက်၍ လာပြီးနှိပ်စက်မယ့် အခြင်းအရာနဲ့ လုပ်တာ သိတော့ ဟိုအနားမှာ မနေတော့ဘူး။ မင်းတရားကြီးအနား အကူအညီပေးသလို လာပြီး ဝိုင်းဝန်းပွတ်သပ်ပေးသကဲ့သို့ လုပ်ပြီး၊ ဘယ် တကယ် ပွတ်သပ်ပေးတာ ဟုတ်မလဲ။ အောက်ကျတဲ့ ခါချဉ်တွေကို မင်းတရား အပေါ် တစ်ခါ ကောက်ကောက်တင်ကြတယ်။ ကောက်ကောက်တင်ရုံတင် ဘယ်ကမလဲ။ ဒီအမျိုးသမီးတွေက ပြောလိုက်တယ်။ ဘာပြောလဲဆိုတော့...
ဒီပြင် မင်းတွေ မင်းတွေဆိုယင် ရဟန်းရှိရာ လာပြီး ရှိခိုးကြ၊ ပြဿနာများ မေးကြ။ တို့အရှင် ဥဒေန ဘုရင်မင်းတရားကတော့ ဟုတ်ပေါင်တော်၊ တကတည်း ရဟန်းတော်ရှိရာ လာရမယ့်အစား ခါချဉ်ထုပ်ကို ကိုယ့်ခေါင်းပေါ် ကိုယ်ဖြုတ်ချရတယ်လို့ ဝိုင်းပြီးတော့ လှောင်ကြတော့ မိမိရဲ့ အပြစ်ကို ဥဒေနမင်းကသိတော့ ဘယ့်နှယ်မှ မပြောဘူး။ မပြောဝ့ံဘဲ ဒီခါချဉ်ကိုပဲ မနည်းခါတွက်ချပြီးတော့ အရှက်ပြေပလေ၊ အရှင်ပိဏ္ဍောလ ဘာရဒွါဇဆီ ရောက်အောင်တော့ မသွားဘူး။ ကြည့်လိုက်တဲ့ အချိန်မှာပဲ အရှင်ပိဏ္ဍောလက မရှိဘူး။
“ငါနေလို့ရှိယင် ဒီရှင်ဘုရင် အင်မတန် စိတ်ဆိုးပြီးတော့ ငါ့လာပြီးတော့ အန္တရာယ်ပြုယင် အကုသိုလ်ဖြစ်ချေရဲ့”ဆိုပြီး အရှင်ပိဏ္ဍောလက တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ဇောတိကာရုံကျောင်း ပြန်သွားတယ်။ ဒီတော့မှ ဥယျာဉ်မှူးကို သူက မေးတယ်။
ဥယျာဉ်မှူး၊ ဘယ်နှယ်လဲတဲ့။ ဒီကိုယ်တော် အရှင်မြတ်ဟာ ဒီ့ပြင် ဒီ့ပြင် နေ့များမှာလည်းပဲ ငါရဲ့ ဒီမင်္ဂလာဥယျာဉ်ကို ကြွရောက်လာသလားလို့ မေးတယ်။“ကြွရောက်လာပါတယ် အရှင်မင်းကြီး” လို့ ဥယျာဉ်မှူးက လျှောက်ကြားတဲ့ အခါကျတော့ ဥဒေနမင်းက ဘာပြောသလဲ ဆိုတော့-
``လာသောနေ့၌။ သင်သည်။ ငါ့အား။ လာရောက် လျှောက်ထားရမယ်”လို့- အမိန့်တော်များ မှတ်ပြီး ရွှေနန်းတော် ပြန်သွားတယ်။ နှစ်ရက် သုံးရက်လောက်ရှိတော့ အရှင်ပိဏ္ဍောလဟာ ဒီဥယျာဉ်အတွင်း ကြွလာတော် မူပြန်ပါတယ်။
ဒီလိုပဲ သစ်ပင်ရင်းမှာ နေ့သန့် ဖလသမာပတ် ချမ်းသာဝင်စားပြီး နေတော်မူတဲ့အခါ ဥယျာဉ်မှူးကလည်းပဲ-ဤသတင်း ဤလက်ဆောင်ကား အင်မတန်ကြီးစွာသော လက်ဆောင် ဖြစ်တယ်။ ဒီ အရှင်မြတ် ရောက်လာတဲ့ အကြောင်း မင်းကြီးထံ သံတော်ဦးတင်မှ တော်မယ် ဆိုပြီးတော့ ဥဒေနမင်းတရားထံမှောက် သွားရောက်၍-
“လွန်ခဲ့တဲ့ သုံးရက်က အရှင်သူမြတ် ဥယျာဉ်တော်အတွင်း ရောက်ဆိုက်တော်မူနေပါသည် ဘုရား” လို့ လျှောက်ထားတော့ ဥဒေနမင်းတရားသည် ထိုနေ့အဖို့ရာ တူရိယာငါးပါး မပါဘဲနဲ့ အင်မတန် ထင်ရှားကျော်ဇောသော မှူးကြီးမတ်ရာ သေနာပတိ တကယ့် လူကြီးလူကောင်းပရိသတ် ခြံရံ၍ ဥပါဒါန မင်္ဂလာဥယျာဉ်တော်အတွင်း အရှင်ပိဏ္ဍောလ ရှိရာကို သွားတယ်။ ရောက်ပြီဆိုတော့မှ သမ္မောဒနီယကထာ ခေါ်တဲ့-
“အရှင်ဘုရား၊ ဥတုသပ္ပယ မျှတပါရဲ့လား။ ဣရိယာပထ ကျန်းခံ့ပါရဲ့လား” စသည်ဖြင့် ပဋိသန္တာရ စကားများ ပြောကြား၍ သင့်လျောက်ပတ်ရာက ထိုင်၊ ပြီးပြီဆိုတော့မှ ပြဿနာ သူ မေးတယ်။ ဘယ်လို မေးလိုက်သလဲလို့ ဆိုတော့-
အရှင်ဘုရားတဲ့၊ အရှင်ဘုရားတို့ ဘုရားသာသနာမှာ ဦးဇင်းငယ်ကလေးတွေ ရှိတယ်၊ ရဟန်းငယ်ကလေးတွေ။ အဲဒီ ရဟန်းငယ် ကိုယ်တော်ကလေးတွေဟာ သူတို့ကြည့်လိုက်မယ်ဆိုယင် အင်မတန်နုနယ်တဲ့ အရွယ်လေးတွေ။ ဆံတစ်ပင်မျှ မဖြူသေးဘူး၊ မည်းနက်သော ဆံပင် ရှိကြတယ်။ ပထမအရွယ်နဲ့ ပြည့်စုံတော်မူကြတဲ့ ဒီကိုယ်တော် ကလေးတွေ တစ်နည်းအားဖြင့် ငယ်ဖြူကိုယ်တော်လေးတွေဟာ-တဲ့။
လူ့ပြည်လောကမှာရှိတဲ့ လူရဲ့ ဝတ္ထုအာရုံ ကာမဂုဏ်ကို သုံးဆောင်ခံစားပြီးမှ ငြီးငွေ့လို့ ရဟန်းဘောင်ရောက်တဲ့ ပုဂ္ဂိုလ်များကို မပြောလိုပါဘူးတဲ့။ အခု ကိုယ်တော်လေးတွေဟာ လူ့လောက အာရုံ ကာမဂုဏ်ကို မသုံးဆောင် မခံစားရ၊ ခံစားပြီးပုဂ္ဂိုလ်များ မဟုတ်ကြပါဘဲလျက်... တဲ့။ အသက်ထက်ဆုံး ဗြဟ္မစရိယခေါ်သော သီလ၊ သမာဓိ၊ ပညာ-ဒီ သိက္ခာသုံးပါးကို သူတို့ ဖြည့်ကျင့်တော် မူနိုင်ကြတယ်။
သာသနာ အစဉ်အဆက်ဆိုတဲ့ ပဝေဏီကို အစဉ်မပျက်အောင် စောင့်ရှောက်တော် မူကြတယ်။ ဘာကြောင့် သူတို့ စောင့်ရှောက်နိုင်တုံး။ တပည့်တော် စဉ်းစားကြည့်တယ်။ လူ့ပြည်ဟာ ကာမဘုံ၊ ကာမဘုံ ဆိုတာ ဝတ္ထုအာရုံ ကာမဂုဏ်ကို မှီဝဲ သုံးစွဲရတဲ့ ဘုံ၊ မမှီဝဲဘဲနဲ့သာဖြင့် အသက်ကိုပေါ့လေ၊ အဆုံးရောက်အောင် ကောင်းသော အကျင့်ကို ကျင့်မသွားနိုင်ဘူး။ သုံးစွဲပြီးသား ပုဂ္ဂိုလ်များမှ ငြီးငွေ့ပြီးတော့ သွားရိုးရှိတယ်။
အခုတော့ ဒီလို မသုံးစွဲဖူးပါဘဲလျက် ဒီကိုယ်တော်လေးတွေ အသက်ထက်ဆုံး သာသနာတော်မှာ ပျော်ပျော် ပိုက်ပိုက် မွေ့လျော် နှစ်ခြိုက် နေသွားနိုင်တာ ဘာ့ကြောင့်တုံး။ ကာမဘုံသား တစ်ယောက်က ကာမဘုံသားရဲ့ ဓမ္မတာကို မေးလိုက်တယ်။
ဒီတော့ အရှင်ပိဏ္ဍောလက ဘာဖြေလိုက်သလဲလို့ ဆိုတော့-“ဒကာတော်၊ ထားနိုင်မှာပေါ့။ နေနိုင်မှာပေါ့။ မြတ်စွာဘုရားက လက်နက်ကောင်းတစ်ခု ပေးထားတယ်။ ဘယ့်နှယ်လဲ။ ချစ်သားတို့၊ လာကြ။ သာသနာတော်ဆိုတာ ကုန်ရောင်း ကုန်သွယ်၊ ကုန်သည် လယ်လုပ် ဘာအလုပ်မှ ပရိယေသန အလုပ်မရှိဘူး။ မရှိတော့ နေ့စဉ် နေ့စဉ် ဒကာ ဒကာမလှူတဲ့ ဆွမ်းအလို့ငှာ မြို့ထဲရွာထဲ သွားရလိမ့်မယ်။ သွားတဲ့အခါ ဝိသဘာဂ အာရုံအနေနဲ့ အမျိုးသမီး အကြီး အငယ် အရွယ် အလတ် ဆိုတဲ့ အမျိုးသမီး အမျိုးမျိုးကို တွေ့ကြရလိမ့်မယ်။ တွေ့ကြရလို့ရှိယင် အမိအရွယ်ရှိတဲ့ အမျိုးသမီးများရဲ့ အပေါ်မှာ ဒါ ငါ့ရဲ့မိခင်ပဲလို့ ပစ္စုပ္ပန် ဤဘဝမှာ မိခင်မဟုတ်ရသော်လည်း အတိတ်ဘဝက အမိဟောင်းပဲ ဆိုတဲ့ မိခင်စိတ် မဖြစ် ဖြစ်အောင်၊ မရ ရအောင် ထားရမယ်။ နှမအရွယ် အစ်မအရွယ် ကျပြန်တော့လည်းပဲ ဒါတွေ ငါ့နှမလေးတွေ၊ ငါ့အစ်မကြီးတွေပဲလို့ ဒီလိုမေတ္တာစိတ် ထားရမယ်။ သမီးအရွယ် မြေးအရွယ်တွေကို ဒါ ငါ့သမီးလေးတွေ၊ ငါ့မြေးလေးတွေပဲ ဆိုတဲ့ မေတ္တာစိတ်ကို ထားရမယ်လို့ မြတ်စွာဘုရား ဒီလို ဩဝါဒစကား မိန့်ကြားထားတော်မူတယ်။ ထားတော်မူတဲ့ အတိုင်းလည်းပဲ ကိုယ်တော်မြတ်ရဲ့ တပည့်သား သာဝက ရဟန်းငယ်တွေဟာ အမိစိတ်၊ အစ်မစိတ်၊ နှမစိတ်၊ သမီးစိတ် ထားတော်မူကြသောကြောင့် သာသနာတော်မှာ အသက်ထက်ဆုံး လူ့ဘောင်လောက မလျှော့ကျဘဲနဲ့ ဗြဟ္မစရိယခေါ်သော သုံးပါးသိက္ခာ သာသနာကို အသက်ထက်ဆုံး ကျင့်သုံးတော်မူနိုင်ကြတယ်။ သာသနာအသက် ပဝေဏီ အစဉ် မပျက်အောင် စောင့်ရှောက်တော်မူနိုင်ကြတယ်။
ဒီလို အရှင်ပိဏ္ဍောလ ဘာရဒွါဇ မထေရ်က ဖြေကြားတယ်။ ဥဒေန မင်းတရားက ဒီစကားကို အကြွင်းမဲ့ အကုန်လုံး လက်မခံနိုင်ဘူး။ ကိုယ်တော်၊ ဒီအကြောင်းနဲ့တော့ အကုန်လုံးလောက် မဖြစ်သေးဘူး ကိုယ်တော်။ ဘာပြုလို့တုံး။ ဟို... အမိအရွယ်ပေါ်မှာ မိခင်စိတ်၊ အစ်မ နှမအရွယ်ပေါ်မှာ အစ်မ နှမစိတ်၊ သမီးအရွယ် မြေးအရွယ်ပေါ်မှာ သမီးစိတ်၊ မြေးစိတ် ထားနိုင်တယ်ဆိုတာ ပုဂ္ဂိုလ်တိုင်း ထားလို့မဖြစ်ဘူး၊ ပုထုဇဉ်စိတ်ဆိုတာ တခါတလေ လျှပ်ပေါ်လော်လီလာတဲ့ အခါကျတော့ အသက်အရွယ်ကြီးသော ငယ်သော ရွယ်သော လတ်သော မဟုတ်ဘူး၊ လောဘတရားများ ဖြစ်ပွားတတ်တယ်။ ဒီတော့ ဒီ့အပြင်များ သာသနာတော်မှာ ရဟန်းငယ်ကလေးတွေ အသက်ထက်ဆုံး သိက္ခာသုံးပါးကို ရိုမြေကျ ကျင့်ကြံသွားနိုင်တဲ့ အခြားအကြောင်းများ ရှိသေးသလား အရှင်ဘုရား၊ ရှိယင် ပြောပါ ဆိုတော့ အရှင်ပိဏ္ဍောလက ဒုတိယ ကြောင်း အနေနဲ့ ပြောတယ်။
မဟာရာဇာကြီး... သိတော်မူ မြင်တော်မူ ပူဇော်အထူး ခံတော်မူထိုက်တဲ့ သဗ္ဗညုတဉာဏ်ရှင် ထို ဘုရားသခင် ကိုယ်တော်မြတ်ကြီး (အခု ပြောမယ့် စကား) ဟောထားတာရှိတယ်။ ဘယ်လိုလဲလို့ ဆိုတော့-
ဪ….ငါရဲ့ ဒီ တလံမျှလောက်သော ကိုယ်မှာ ဆံပင် တည်းဟူသော ကောဋ္ဌာသတွေ ရှိတယ်။ မွေးညင်း တည်းဟူသော ကောဋ္ဌာသတွေ ရှိတယ်။ ခြေသည်း လက်သည်းဆိုတဲ့ ကောဋ္ဌာသတွေသာ ရှိပါတကား။ အရေထူ အရေပါးဆိုတဲ့ ကောဋ္ဌာသတွေသာ ရှိပါတကား။ အပေါ်ယံကြောက ဒီတစပဥ္စက ခေါ်တဲ့ ကောဋ္ဌာသ ငါးပါးပဲ ရှိတယ်။ ဒီကောဋ္ဌာသငါးပါးက လွဲလို့ အပေါ်ယံ ဘာမှမရှိဘူး။
ဟင်….အတွင်းထဲ ကြည့်ဦးမလား။ အတွင်းထဲလျှောက်ပြီးတော့ ကြည့်လိုက်တဲ့အခါ- မံသံ= (ကွက်ပြီး ကြည့်ယင်) အသားတစ် အသားတုံးတွေ ရှိတယ်။ နှာရု= အကြောတွေ၊ အဋ္ဌိ= အရိုးတွေ၊ အဋ္ဌိမိဥ္ဇံ= ရိုးတွင်းခြင်ဆီတွေ၊ ဝက္ကံ= အညှို့တို့၊ ဟဒယံ= နှလုံးတို့၊ ယကနံ= အသည်း၊ ကိလောမကံ= အမြှေးတို့၊ ပိဟကံ= အဖျဉ်းတို့၊ ပပ္ဖာသံ= အဆုတ်တို့ ဆိုတဲ့ ကောဋ္ဌာသတွေ ရှိပါကလား။
ဒီအတွင်းကို လိုက်ပြီးတော့ ကြည့်လို့ရှိယင် အန္တံ= အူမကြီးတွေ၊ အန္တဂုဏံ= အူသိမ်တွေ၊ ဥဒရိယံ= အစာသစ်တွေ၊ ဟို-ခွေးအန်ဖတ်တွေလို နေတဲ့ အစာသစ်အိမ်ထဲမှာ အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ရှိတဲ့ အစာသစ်တွေ ရှိပါကလား။ ဟင်… ကရီသံ= အဲဒီအောက်နား ကြည့်လိုက်တော့ အစာဟောင်းတွေ။ ခေါင်းထဲ ကြည့်လိုက်ဦးမလား လို့ ဆိုတော့ အုန်းသီးပုပ်ကြီးထဲက အုန်းသီးဆံထဲ အုန်းရည်တွေ ရောထွေးပြီး သကာလ စက်ဆုပ်ဖွယ်ရာ ဖြစ်နေသလို ဦးနှောက်တွေ၊ ထုတ်များကြည့်လိုက်ယင် အင်မတန် ရွှံစရာကောင်းတယ်။ တစ်ခုစီကြည့်။ ဒါတင်ပဲလားလို့ ဆိုတော့-
ပိတ္တံ= သည်းခြေ၊ သေမှံ= သလိပ်၊ ပုဗ္ဗော= ပြည်တွေ၊ လောဟိတံ= သွေးတွေ၊ သေဒေါ= ချွေးတွေ၊ မေဒေါ= အဆီခဲတွေ၊ အဿု= မျက်ရည်၊ ဝသာ= ဆီကြည်၊ ခေဋ္ဌော= တံတွေး၊ သိင်္ဃာဏိကာ= နှပ်၊ လသိကာ= အစေး၊ မုတ္တံ= ကျင်ငယ်။
အဲဒီလို သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသတွေက ငါရဲ့ တစ်လံမျှလောက်သော ကိုယ်မှာ ရှိပါတကားလို့ ဒွတ္တိံသာကာရ ပဋိကူလမနသိကာရကို သင်ချစ်သားတို့ အမြဲတမ်း နှလုံးသွင်းရမယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသရဲ့ အပေါ်မှာ ဒွတ္တိံသာကာရကမ္မဌာန်း စီးဖြန်း နှလုံးသွင်းတော်မူကြသောကြောင့် ဤဘုရားသာသနာတွင် အစဉ် ရောက်ဆိုက်နေကြတဲ့ ရဟန်းငယ် အရှင်သူမြတ်များဟာ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို မသုံးဆောင် မခံစားရဖူးပဲ အသက်ထက်ဆုံး သီလ သမာဓိ ပညာ သုံးပါးသိက္ခာဆိုတဲ့ ဗြဟ္မစရိယကို ကျင့်သုံးသွားနိုင်တယ်တဲ့။ အရိုးမြေကျသည်ထိအောင် သိက္ခာသုံးပါး ကျင့်တရား ပွားများကြိုးကုတ် အားထုတ်သွားနိုင်တဲ့။ သာသနာအဓွန့် အစဉ်မပျက် ပဝေဏီဆက်အောင်လည်း စောင့်ရှောက်သွားတော်မူနိုင်ကြတယ်လို့ ဒုတိယဖြေတာ။ အဲဒီ ဒုတိယ အဖြေကိုလည်းပဲ ဥဒေန မင်းတရားသည် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းအတွက် လက်မခံနိုင်ဘူး။ ကွန့်ပြီးတော့၊ ညွှန့်ပြီးတော့ သူ... သူ့စိတ်ထဲ ရှိတာ ရိုးရိုးလျှောက်တယ်။
ဘာဝနာလေးပါး ပွားပြီးတဲ့ပုဂ္ဂိုလ်များမှာ လောကကြီး တစ်ခုလုံးကို ပဋိကူလ စက်ဆုပ်ဖွယ်ပဲလို့ ကြည့်ဖို့ လွယ်ကူသော်လည်းပဲ ဒီဘာဝနာလေးပါး ကာယဘာဝနာ၊ သီလဘာဝနာ၊ စိတ္တဘာဝနာ၊ ပညာဘာဝနာ ဆိုတဲ့ ဒီဘာဝနာလေးပါး မပွားရသေးတဲ့ ကိုယ်တော်ကလေးများအဖို့ ဒွတ္တိံသာကာရကိုပဲ စက်ဆုပ်ရွံရှာဖွယ်အနေနဲ့ ကြည့်နေတုန်းကိုပဲ၊ အသုဘအနေနဲ့ ကြည့်နေတုန်း သုဘ ထင်တတ်တယ် ကိုယ်တော်…။
ကိုယ်တော်... အဲဒီ အာရုံတစ်ခု(ကို) ကြည့်၊ ကြည့်လိုက်တဲ့အခါမှာ ဒီအာရုံကို အသုဘထင်အောင် ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ အရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ စသည်ဖြင့် အဲဒီလို ကြည့်ပေမယ်လို့ အသုဘဖြစ်အောင် ဆိုပြီး ကြည့်ပေမယ့်လို့ ကြည့်ရင်း ကြည့်ရင်း တော်တော်ကြာ သုဘထင်တတ်တယ်။
ပုထုဇဉ်တို့ရဲ့ စိတ်ဟာ ဝိပ္ပလ္လာသ မကင်းသေးတော့ အသုဘအနေနဲ့ ငါ နှလုံးသွင်းပါသော် ကောလို့ သွင်းနေရင်းက သုဘထင်တတ်တယ် ကိုယ်တော်…။ ဒါကြောင့် ဒီအလုပ်လည်းပဲ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်သကောလို့ မပြည့်စုံနိုင်ဘူး။ ဒါကြောင့် ဒီအကြောင်းကို တပည့်တော် အပြည့်အစုံ လက်မခံနိုင်သေးဘူး။
မြတ်စွာဘုရားက ဣန္ဒြေခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို ချစ်သားတို့ သတိ တည်းဟူသော တံခါးဗိုလ် တံခါးမှူးများ ခန့်ထားပြီးတော့ တံခါးခြောက်ပေါက်က ဝင်၍ လောဘတည်းဟူသော ကိလေသာ ခိုးသူတွေ၊ ဒေါသ တည်းဟူသော ကိလေသာ ခိုးသူတွေ၊ မျက်စိ, နား, နှာ,လျှာ, ကိုယ်, စိတ် ဆိုတဲ့ တံခါးကြီး ခြောက်ပေါက်က ဝင်ရောက်ပြီး ချစ်သားတို့ သန္တာန်မှာရှိတဲ့ ရဟန်းတရား တည်းဟူသော ရတနာတွေကို လုယက်တိုက်ဖျက် ဖျက်ဆီးမသွားအောင် သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူး ခန့်ပြီး ဒီဣန္ဒြေခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို ချစ်သားတို့ စောင့်ရှောက်ရမယ်။ အဲဒီလို ဟောကြား ပညတ်ထားတယ်။
ဟောကြား ပညတ်တဲ့ အတိုင်းလည်းပဲ ကိုယ်တော်မြတ်ရဲ့ သာဝကတွေ အထူးသဖြင့် ရဟန်းငယ်တွေဟာ ဣန္ဒြေခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးခန့်၍ လုံခြုံအောင် စောင့်ရှောက်တော် မူကြတဲ့အတွက် ဒကာတော်တို့လို လူ့ပြည်လောကက ဝတ္ထုအာရုံ ကာမဂုဏ်တွေကို ခံစားကြဖူးသူတွေ မဟုတ်ဘဲလျက် အသက်ထက်ဆုံး စင်ကြယ်အောင်၊ ပြည့်စုံအောင်၊ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးပါး အကျင့်တရား ပွားများ အားထုတ်သွားနိုင်ခြင်း ဖြစ်တယ်-တဲ့။
သာသနာ အဓွန့်အနွယ် ပဝေဏီ အစဉ်အဆက် မပျက်အောင် စောင့်ရှောက်သွားတော် မူနိုင်ကြတယ်။ အဲဒီလို သုံးချက်ဟောတယ်။
ပထမ အချက်က အရှင်ပိဏ္ဍောလ ဘာဖြေသလဲ။ မြတ်စွာဘုရားက အမျိုးသမီးတွေရဲ့ အပေါ်မှာ အမိအရွယ် အမျိုးသမီးတွေ အပေါ်မှာ မိခင်တည်းဟူသော မေတ္တာနှင့် ယှဉ်တွဲစိတ်ထား၊ သမီးအရွယ်၊ နှမအရွယ်၊ အစ်မအရွယ် အမျိုးသမီးတွေရဲ့ အပေါ်မှာ နှမ၊ အစ်မ၊ သမီး ဟူသော အမှတ်နဲ့ ယှဉ်တဲ့ မေတ္တာစိတ်ထားရမယ်။ အဲဒီလို ဟောကြားတဲ့အတိုင်း မေတ္တာစိတ်ထားလို့ အသက်ထက်ဆုံး သာသနာမှာ ကျင့်သုံးသွား နိုင်တာပေါ့လို့ ဒီလိုဖြေတာ။
ဒီအဖြေကို အကြွင်းမဲ့ လက်မခံနိုင်လို့ အို... ကိုယ်တော် စိတ်ဆိုတာ အင်မတန် လျှပ်ပေါ် လော်လီတာ၊ တစ်ခါတစ်လေများ အမိအရွယ်ပေမယ့် စိတ်က ဟင်-သမီးအရွယ်၊ မြေးအရွယ်ပေမယ့် လောဘ ဖြစ်တတ်တယ်။ အစ်မအရွယ်၊ နှမအရွယ်ပေမယ့် အစ်မ၊ နှမစိတ် မထားနိုင်ဘဲနဲ့ လောဘစိတ်များ ဖြစ်တတ်တယ် ကိုယ်တော်၊ ဒီ့ပြင်အကြောင်းများ ရှိသေးသလား ရှိတယ်။ ဘာလဲဆိုတော့ ဒွတ္တိံ သာကာရကို နှလုံးသွင်းဖို့ ဘုရားဟောထားတယ်။
အဲဒီလို မြတ်စွာဘုရား ဟောကြားထားတဲ့ အတိုင်းနှလုံးသွင်းခြင်း တည်းဟူသော အကြောင်းကြောင့် ကိုယ်တော်ငယ် ကလေးတွေဟာတဲ့ လူ့လောကီ အာရုံ ကာမဂုဏ်တွေကို မသုံးဆောင် မခံစားသေးဘဲလျက် ဥဒေနမင်း ထင်တာက လူ့လောကီ ကာမဂုဏ်တွေ သုံးဆောင်ပြီးမှ ငြီးငွေ့စက်ဆုပ်ပြီးတော့မှ အသက်ထက်ဆုံး အကျင့် ကျင့်နိုင်တာကို သူ အင်မတန် အံ့ဩတယ်။
အေး... ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်း နှလုံးသွင်း ကျင့်သုံးတော် မူကြသောကြောင့် အသက်ထက်ဆုံး ငယ်ဖြူကိုယ်တော်ကလေးတွေဟာ သာသနာမှာ ကျင့်သုံးသွားနိုင်တယ်။ သာသနာ ပဝေဏီ အစဉ်အဆက် မပျက်အောင် စောင့်ရှောက်သွားနိုင်တယ် ဆိုတော့- ဒါကလည်း ကိုယ်တော်တဲ့၊ ကာယဘာဝနာ၊ သီလဘာဝနာ၊ သမာဓိဘာဝနာ၊ ပညာဘာဝနာ ဆိုတဲ့ ဒီဘာဝနာ လေးပါး ပွားများပြီး ပုဂ္ဂိုလ်များမှ လွယ်ကူတာနော်။ မပွားများရသေးတဲ့ ပုဂ္ဂိုလ်ဆိုယင် အဲဒီလိုဒွတ္တိံသာကာရ ပဋိကူလကမ္မဋ္ဌာန်း စီးကို မစီးဖြန်းနိုင်ဘူး ကိုယ်တော်။ ပုထုဇဉ်စိတ်ဆိုတာ တစ်ခါတစ်လေများ ဒီအာရုံတစ်ခုကို ငါ အသုဘ ထင်အောင် ရှုပါသကောလို့ ရှုနေရင်းက ဟောဒီ အာရုံကို သုဘလို့ ထင်ထင်လာတတ်တယ် ကိုယ်တော်။
ဒါ အင်မတန်မှ မှန်တဲ့စကားတွေ။ လူ့လောက ကစောဒကတက်စရာ စကားတွေ၊ ဘုန်းကြီးတို့ ဒီကနေ့ ဆိုကြပါစို့။ ရှေ့ပိုင်းမှာ ဟို- အသိဉာဏ်ပေးပြီးတော့ ဟောနေတာပါ။ အဲဒီလိုဖြစ်တော့ ကိုယ်တော် ဒီ့ပြင် အကြောင်းတစ်ပါးများ မရှိဘူးလားတဲ့။ ကိုယ်တော်လေးတွေ အသက်ထက်ဆုံး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မြတ်သောအကျင့် ကျင့်သုံးသွားနိုင်တဲ့ အခြားအကြောင်းများ ရှိဖူးသလားဆိုတော့ ရှိတယ်။ ဘာလဲ။ မြတ်စွာဘုရားက ဣန္ဒြိယသံဝရသီလ ဟောထားတယ်။
ချစ်သားတို့ လာကြ၊ ဣန္ဒြေခြောက်ပါး တံခါးကြီး ခြောက်ပေါက်မှာ လုံခြုံအောင် ပိတ်ဆို့ထားတဲ့ တံခါးရှိကြတဲ့ သားတော်ကောင်းများ ဖြစ်ကြစေ၊ မျက်စိနဲ့ အဆင်းကို မြင်ယင်၊ နားနဲ့ အသံကိုကြာယင်၊ နှာခေါင်းနဲ့ အနံ့ကို ရှူရယင်၊ လျှာနဲ့ အရသာကို လျက်ရ စားရယင်၊ ကိုယ်နဲ့ ဖောဋ္ဌဗ္ဗာရုံကို တွေ့ရ ထိရယင်၊ စိတ်နဲ့ ဓမ္မာရုံကို သိရလို့ရှိယင် အဲဒီ မြင်အပ် ကြားအပ် နမ်အပ် လျက်အပ် ထိအပ် သိအပ်ဆိုသော ဒီအာရုံခြောက်ပါးရဲ့ အပေါ်မှာ ယောက်ျားပဲ မိန်းမပဲ ဆိုတဲ့ နိမိတ္တတရားများ မယူမှားမိကြစေနဲ့။ လက်ကလေးက တင့်တယ်တယ်၊ ခြေထောက်ကလေးက တင့်တယ်တယ်၊ မျက်လုံးလေးက တင့်တယ်တယ်၊ နှာခေါင်းလေးက၊ နဖူးကလေးက၊ ဆံပင်လေးက တင့်တယ်တယ် စသည်ဖြင့် အင်္ဂါအစိတ်အပိုင်း၊ အင်္ဂါအမည်တွေကို လိုက်ယူပြီးတော့ ငါမစွဲစေနဲ့။ အနုဗျဥ္ဇနဂ္ဂါဟီ မမှတ်နဲ့၊ မမြင်နဲ့။
နှစ်သက်တဲ့ အာရုံကိုမြင်ယင် လောဘအဘိဇ္စျာ ဖြစ်တတ်တယ်။ အဲဒီလို မဖြစ်အောင် စက္ခုန္ဒြေမှာ စောင့်စည်းကြ။ သောတိန္ဒြေမှာ၊ ဃာနိန္ဒြေမှာ၊ ဇီဝိန္ဒြေမှာ၊ ကာယိန္ဒြေမှာ၊ မနိန္ဒြေမှာ စောင့်စည်းကြ။
ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်မှာ သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးများ ခန့်အပ်ပြီးတော့ အဲဒီ တံခါးခြောက်ပေါက်က ဝင်ရောက်၍ ခန္ဓာကိုယ်အတွင်း မိမိတို့ ကာလလျားစွာ စုဆောင်းထားတဲ့ ရဟန်းတရား၊ သူတော်တရား တည်းဟူသော လောကုတ္တရာ ရတနာတွေ၊ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကုသိုလ်ခိုးသား လူပျက်များရဲ့ အလုအယက် မခံရအောင် သတိကို အစောင့် တံခါးဗိုလ်ခန့်ထား ဆင်ခြင်ကြ.. လို့... အဲဒီလို ပညတ်ချက်၊ ဟောကြာချက်ရှိလို့ ဟောကြားချက်အတိုင်း သတိတည်းဟူသော တံခါးဗိုလ် ခန့်ထား၍ တံခါးကြီး ခြောက်ပေါက် လုံခြုံအောင် စောင့်ရှောက်ကြတဲ့ ဣန္ဒြိယ သံဝရသီလကြောင့် အသက်ထက်ဆုံး ဒီကိုယ်တော်ကလေးများဟာ သိက္ခာသုံးပါးကို ကျင့်သုံးသွားနိုင်ပါတယ်။ တတိယအဖြေ။
အဲဒီ တတိယအဖြေကျတော့ ဥဒေနမင်းတရား အကြွင်းမဲ့ ထောက်ခံတယ်။ အေး-ဘာဖြစ်လို့ ဒီကိုယ်တော်လေးများဘက်က ကြည့်မယ်ဆိုယင် တို့တစ်သက်လုံး ဗြဟ္မစရိယကို ကျင့်သုံးနိုင်ဖို့ အကောင်းဆုံး အကြောင်းဟာ ဘာလဲလို့ ဒါစဉ်းစားတယ်။ စဉ်းစားလို့ရှိယင် ဣန္ဒြိယသံဝရသီလ- ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်မှာ သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးခန့်၍ အကုသိုလ်ခိုးသားတို့ မဝင်ရောက်အောင် စောင့်ရှောက်ခြင်းဟာ ဒါအကြောင်းရင်းပဲ။
ဣန္ဒြိယသံဝရသီလကို လုံလုံခြုံခြုံ ပိတ်ဆို့ စောင့်စည်းထားလို့ ရှိယင် ကိုယ်တော်လေးတွေ တစ်သက်လုံး ဗြဟ္မစရိယကို ကျင့်သုံးနိုင်တယ်။ ဒီအဓိပ္ပာယ်လည်း ထွက်တယ်။ အဲဒီထွက်တော့ ဒီအချက်ကို ဥဒေနမင်းတရားသည် အကြွင်းမဲ့ လက်ခံတယ်။
အရှင်ဘုရား ဘာရဒွါဇ၊ အကြင်အခါ တပည့်တော် ရွှေနန်းတော် အဆောင်ကူးတဲ့အခါ ကာယကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ ဝစီကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ မနောကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ သတိ(ကို) ထားပြီးတော့ ဣန္ဒြေကြီးကြီးနဲ့ တပည့်တော် ရာဇဣန္ဒြေနဲ့ ရွှေနန်းတော် ဝင်သွားယင် အဲဒီအခါ တပည့်တော်ရဲ့ ကိုယ်ခန္ဓာသန္တာန်အတွင်းမှာ လောဘတရားတွေ မထိန်းမသိမ်းဘဲ သွားတုန်းကလောက် မလွှမ်းမိုးဘူး၊ မနှိပ်စက်ဘူး ကိုယ်တော်။
ဒါကြောင့် ဣန္ဒြိယသံဝရသီလသည် ရဟန်းတော်ငယ်များအား အသက်ထက်ဆုံး သာသနာတော်မှာ ပျော်ပျော်ပိုက်ပိုက် သိက္ခာ သုံးပါးကို ကျင့်သုံး နိုင်ကြောင်း မှန်တယ် ကိုယ်တော်၊ မှန်တယ်။ ဒီမှာ အကြွင်းမဲ့ သူ လက်ခံတယ်၊ အကြွင်းမဲ့ ထောက်ခံတယ်၊ အကြွင်းမဲ့ ကောင်းချီးပေးတယ်၊ အကြွင်းမဲ့ ဒီအချက်ကို လက်ခံပြီးတော့ ဒီအချက်နဲ့ပဲ သရဏဂုံ တည်သွားတယ်။
အဘိက္ကန္တံ ဘော ဘာရဒွါဇ၊
အဘိက္ကန္တံ ဘော ဘာရဒွါဇ။
အရှင်ဘုရား ဘာရဒွါဇ၊ အင်မတန် နှစ်သက်ဖွယ်ကောင်း၊ အင်မတန် အားရဖွယ် ကောင်းပါတယ် ဘုရား-တဲ့။
မျက်စိအမြင် ကောင်းတဲ့ပုဂ္ဂိုလ်သည် အဆင်းအမြင်ကို မြင်ကြစေဟဲ့ လို့ အမိုက်မှောင်ထဲမှာ လျှပ်စစ် လျှပ်စီး မီးကြီး ထွန်းညှိထားသလို...
ဤနည်းအတူ အရှင်ဘုရား ဘာရဒွါဇဟာ တပည့်တော်ကို များစွာသော အကြောင်းသုံးချက်နဲ့ နားမလည် နားလည်အောင်၊ မကျေနပ် ကျေနပ်အောင် အကြောင်းသုံးချက်ဖြင့် လှည့်၍ တပည့်တော် တရားထင်ရှားအောင် ပြတော်မူပါပေစွ။
ဧသာဟံ ဘော ဘာရဒွါဇ တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဥ္စ ဘိက္ခု သံဃဥ္စ။
ဘော ဘာရဒွါဇ= အို- အရှင်ဘုရား ဘာရဒွါဇ။ ဧသာဟံ= ထို တပည့်တော် ဥဒေန မင်းတရားသည်။ တံ ဘဂဝန္တံ= ထို ဘုန်းတော်သခင် ရှင်ပင်ဘုရားကိုလည်းကောင်း။ ဓမ္မဥ္စ= တရားတော်ကိုလည်းကောင်း။ ဘိက္ခုသံဃဥ္စ= ရဟန်းသံဃာကို လည်းကောင်း။ သရဏံ= ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဂစ္ဆာမိ= ဆည်းကပ်ပါ၏။ ဥပါသကံ မံ ဘဝံ ဘာရဒွါဇော ဓာရေတု အဇ္ဇတဂ္ဂေ= ယနေ့ကအစပြု၍။ မံ= တပည့်တော်ကို။ ဘဝံ ဘာရဒွါဇော= အရှင်ဘုရား ဘာရဒွါဇသည်။ သရဏံဂတံ ဥပါသကံ= သရဏဂုံတည်သူ ဥပါသကာ ဒါယကာတစ်ယောက်ဟူ၍။ ဓာရေတု= မှတ်တော်မူစေချင်ပါသည် ဘုရား။
သရဏဂုံများ ဒီနေရာမှာ ခံပြီးတော့ ဒီအချိန်က စပြီးတော့ ဥဒေန မင်းတရား ဗုဒ္ဓဘာသာ ဖြစ်သွားတယ်။ နောက်ကို ဥဒေနမင်းတရား ဘယ်တရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်သလဲ။ ကိုယ်တော်ကလေးတွေ သာသနာမှာ ပျော်ပိုက်ဖို့ရာ တရားအကြောင်း သုံးပါးနဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ သိကြ။

(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသဟောကြားတော်မူအပ်သော ဘာရဒွါဇသုတ္တန် တရားတော်မှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)
အညတြဘိက္ခု