Sunday, September 22, 2019

သတိဆိုသည့်ဓမ္မစေတီ

သတိဆိုသည့်ဓမ္မစေတီ

★ နေ့တိုင်းနေ့တိုင်း ကိုယ့်အိမ်မှာနေရင်းနဲ့လဲပဲ ဓမ္မစေတီတည်ဆောက်လို့ရတယ် ကရုဏာနဲ့လုပ်နေတာ။ ကိုယ်ကပိုက်ဆံရှိလို့သုံးနိုင်တယ် ဒီရေသုံးနိုင်တယ် သွားတိုက်ရင် ရေဖွင့်ထားတယ်တခါတည်း သွားတိုက်ရင်းရေကကျနေတယ်။ မသုံးနိုင်တဲ့ပုဂ္ဂိုလ်အတွက်က ဒီရေသိပ်မရှိတော့ဘူး ဒီမှာများများသုံးလိုက်ရင် ဟိုဘက်မှာနည်းသွားမှာပေါ့ ရေကအကန့်အသတ်ရှိတယ်။

★ စီးပွားရေးပညာရဲ့အခြေခံ သီအိုရီကဘာတုန်းဆိုရင် Scarcity ပစ္စည်းဥစ္စာတွေက အရင်းအနှစ်တွေက Scarce ဖြစ်တယ် ရှားပါးတယ်။ အကန့်အသတ်ရှိတယ်။ အဲ့ဒီအကန့်အသတ်ရှိတာကို လူတိုင်းသုံးနိုင်အောင် စီမံခန့်ခွဲတဲ့ပညာ ဟုတ်တယ်မို့လား သူက ကရုဏာအခြေခံတယ်တဲ့ပညာ။
★ အဲတော့ သတိနဲ့ကရုဏာနဲ့ အခြေခံပြီးတော့ ကိုယ့်ရဲ့ဘဝကို နေထိုင်သွားမယ်ဆိုရင် တရားနာပရိတ်သတ်တို့ ကိုယ့်ရဲ့နေ့စဉ်ဘဝကို သွားလာလှုပ်ရှားနေရင်းနဲ့ပဲ နေရာတိုင်းမှာ နေရာတိုင်းမှာ အလုပ်မှာရော အိမ်မှာရော အလုပ်နဲ့အိမ် ကူးသန်းသွားလာတဲ့နေရာမှာရော အချိန်တိုင်းမှာ ဓမ္မစေတီတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်။
★ အဲ့ဒီလို ဓမ္မစေတီတည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေများမှ ဒီနိုင်ငံ တကယ့်သာသနာထွန်းကားမှာပေါ့။ မြေပေါ်မှာပေါက်တဲ့စေတီ အိန္ဒိယနိုင်ငံမှာ မများဘူးလား အများကြီးပဲ သာသနာမကွယ်ခဲ့ဘူးလား။ ကွယ်ခဲ့တာပဲ။ အင်ဒိုနီးရှားနိုင်ငံမှာ စေတီတွေမများဘူးလား အများကြီးပဲ ဒီလောက်နာမည်ကြီးတဲ့ Borobudur တချိန်တုန်းက၊ ဘယ်သူမှ မသိတော့ဘူး နောက်ပိုင်းမှ ပြန်တွေ့တာ။
★ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံမျိုးမှာ စေတီတွေမရှိဘူးလား သာသနာ့တက္ကသိုလ်လဲ ရှိခဲ့တယ်။ နာမည်ကြီးတဲ့ တချို့ သာသနာ့တက္ကသိုလ်တွေ ဘဂ်လားဒေ့ရှ်မှာ ရှိတာ ဟုတ်တယ်မို့လား။
★ ဒါပေမဲ့ ကိုယ်တည်ထားကိုးကွယ်တဲ့စေတီက လူတိုင်းရဲ့နုလုံးသားထဲမှာ တည်ထားနိုင်မှ၊ မြေပေါ်မှတည်ထားတဲ့ စေတီက စျေးကြီးတယ် လူတိုင်းမတည်နိုင်ဘူး။ ဘုန်းကံပါရမီရှိတဲ့ ဆရာတော်ကြီးတွေ ဦးဆောင်မှပဲ တည်နိုင်တဲ့ဟာ။ အဲတော့ စီးပွားရေးအရ နေရာတိုင်းမှာ မတည်နိုင်ဘူး။ တည်ပြီးတော့ မထိန်းသိမ်းနိုင်တဲ့ မမွမ်းမံနိုင်တဲ့ ပုဂံပဲကြည့် တခြားနေရာလည်းရှိတယ်။
★ ဒါဖြင့် စျေးနည်းနည်းနဲ့ စျေးသက်သက်သာသာနဲ့ အမြတ်အစွန်း ဘယ်လိုပြောမှာတုန်း minimum investment and maximum benefit အရင်းအနှီးမြှုပ်နှံမှုက နည်းနည်းလေးနဲ့ အမြတ်ကျ အများကြီးရတဲ့ဟာက ဓမ္မစေတီတည်ဆောက်တာ။
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“သတိဆိုသည့်ဓမ္မစေတီ (၆.၂.၂၀၁၈)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။
credit to #ThazinHteik