အချိန်အကန့်အသတ်ရှိတယ် - Time is limited
★ သေခြင်းတရားကို သတိရပြီးတော့ ငါလည်းပဲ တနေ့ကြသေရမယ်၊ ငါရှိတဲ့အချိန် ငါရတဲ့အချိန် အကန့်အသတ်ရှိတယ်။ တချိန်ကြရင် ဒီအချိန်ဟာ ကုန်ဆုံးသွားမှာ၊ ဒီအချိန်က ထာဝရမဟုတ်ဘူး။ လိုသလောက်ရနိုင်တဲ့ အချိန်မဟုတ်ဘူး။ ပိုက်ဆံနဲ့ဝယ်နိုင်တဲ့ အချိန်တွေမဟုတ်ဘူး။★ တချို့ဆို ပိုက်ဆံ အရမ်းချမ်းသာတယ်လေ ခုပဲပြောတဲ့ Steve Job ပိုက်ဆံ အရမ်းချမ်းသာတယ်။ တယ်လီဖုန်းကို ကြိုးမလိုဘဲ အသုံးပြုနိုင်အောင် ခလုတ်တွေတောင် မလိုတော့ဘူး ဒီလောက်ဉာဏ်ကောင်းတဲ့ လုပ်နိုင်တဲ့သူမှာလည်းပဲ သေခြင်းတရား ရောက်လာတယ်။ ဒီသေခြင်းတရားကို သူမလွန်ဆန်နိုင်ဘူး။ အချိန်ပြည့်ပြီ အချိန်ရောက်ပြီ ဆိုတာနဲ့ သူလည်း ဘာမှ မတတ်နိုင်တော့ဘူး။ အသက်(၅၀)ကျော်ပဲ ရှိသေးတာ။
★ အချိန်အကန့်အသတ်ရှိတယ် Time is limited. ဒါကြောင့် အချိန်အကန့်အသတ်ရှိတယ်လို့ ကိုယ် စိတ်ထဲမှာသိထားရင် ဒီအချိန်ကို စီမံခန့်ခွဲလုပ်တဲ့နေရာမှာ အသိမှန် ပိုမြင်တယ်တဲ့။ စီမံခန့်ခွဲတဲ့နေရာမှာ မဖြုန်းယူဘူး။ စျေးသွားမယ် ပိုက်ဆံငါးထောင်ပဲရှိတယ်၊ ဒီငါးထောင် ဘယ်လိုလုပ်မလဲ လောက်အောင် သုံးမလဲ ဒီတိုင်းဆို မလိုတာအပိုမသုံးဘူး။
★ ပစ္စည်းဝယ်ဖို့အတွက် သူကကျကျနနစီစစ်မယ်။ ဆုံးဖြတ်ချက်ချရင် ပိုက်ဆံငါးထောင်ပဲရှိတယ် အကန့်အသတ်ရှိတယ်ဆိုတဲ့အသိက ဒီဆုံးဖြတ်ချက်ကို အများကြီးအကူအညီပေးတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရအောင် လမ်းညွှန်ပေးတယ်။ အကန့်အသတ်ရှိတယ်ဆိုတဲ့ အသိ။
★ ဒီအတိုင်းပါပဲ ဒို့ရဲ့အချိန်လည်း အကန့်အသတ်ရှိတယ်ဆိုတာ အသိလေးရှိရင် ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ အချိန်မဖြုန်းဘူး။ တချို့ကြတော့ အချိန်တွေ အများကြီးရှိတဲ့ပုံစံမျိုးနဲ့ ထိုင်ပြီးတော့ သူများအကြောင်း အတင်းပြောနေတာလေ။
★ သူများတောင် အတင်းပြောတယ်ဆိုတော့ ကိုယ့်ဘဝကိုနေတာလား သူ့ဘဝကိုနေတာလား? သူ့ဘဝကိုနေတာ၊ ကိုယ့်ဘဝကို မနေဘူး။ လူ့ဘဝနေတာလည်းပဲ ကိုယ်က ကောင်းတဲ့ အသိမျိုးနဲ့ နေတာမဟုတ်ဘူး။ Positive emotion အပြု့သဘောဆောင်တဲ့ စိတ်ခံစားမူလေးတွေ၊ အပေါင်းလက္ခဏာဆန်တဲ့ စိတ်ခံစားမူလေးတွေနဲ့ နေတာမဟုတ်ဘူး အနုတ်လက္ခဏာဖြစ်တဲ့ စိတ်နဲ့နေတာ။
★ ဘာဖြစ်လို့တုန်းဆိုတော့ အချိန့်အကန့်သတ်ရှိတယ်ဆိုတာ သတိမပြုမိလို့ သတိမထားမိလို့။ ကိုယ့်ကိုလည်း ခွင့်မလွှတ်တတ်ဘူး။ ကိုယ်အဆင်မပြေတာ တခုလုပ်မိရင် ကိုယ့်ကိုယ်ကို တခါတည်း အမြဲတမ်း ဒဏ်ပေးချင်တဲ့ပုစံမျိုး ခွင့်မလွတ်နိုင်တဲ့အကြည့်မျိုးနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ကြည့်တယ်။
★ အမှန်ဆိုရင် လဲကျပြီဆိုရင် ချက်ချင်းထပြီးတော့ ဖုန်ခါပြီး ရှေ့ဆက်ဆက်လျှောက်ရမယ် ဆက်ပြီးတော့ လမ်းလျှောက်ရမယ်။ ရှေ့ဆက်မလျှောက်ဘဲနဲ့ ကိုယ်လဲကျတာ ကိုယ့်ကိုယ်ကိုအပြစ်တင် ဖုန်လည်းမသုတ်ဘူး ဒီတိုင်းဆို ရှေ့ခရီးမရောက်ဘူး။ ရှေ့ခရီးဘယ်သွားလဲ စိတ်ချမ်းသာမူဆီကိုသွားတာ။
★ ဒါကြောင့် သေခြင်းတရားအကြောင်းကို မြတ်စွာဘုရားက တွေးခိုင်းတာ အမှတ်ရခိုင်းတာ။ မြတ်စွာဘုရားက လူတွေကို ကြောက်အောင် ခြောက်တာမဟုတ်ဘူး။ ဘာသာတွေထဲမှာ ကိုးကွယ်တဲ့ ဘာသာတွေထဲမှာ ဘုန်းဘုန်းဖတ်မိတာသလောက် သေခြင်းတရားကို တရားထိုင်တဲ့နေရာမှာ နုလုံးသွင်းတာ၊ တရားထိုင်တဲ့အာရုံအဖြစ် အသုံးပြုတာ ဗုဒ္ဓဘာသာတခုတည်းပဲ ရှိတယ်။
★ ဘာဖြစ်လို့တုန်းဆိုတော့ သေခြင်းတရားကို မသိသေးရင်လေ မနေတတ်သေးဘူး ဘဝကို မနေတတ်သေးဘူး။ သေခြင်းတရားကို တချက်လောက် မျက်စောင်းထိုးရတယ်ဆိုရင် လန့်သွားပြီးတော့ ထိတ်လန့်တယ်ဆိုတဲ့စကားလုံး ပါဠိလို သံဝေဂ ထိတ်လန့်သွားတယ်။
★ အဲ့လို့ထိတ်လန့်သွားတဲ့ ပုဂ္ဂိုလ်က အချိန်အကန့်အသတ်ရှိနေတယ် မကုန်မဆုံးနိုင်အောင် ဒီလို အများကြီးမဟုတ်ဘူး အဲ့ဒီအသိလေးဝင်ပြီတော့ ဘဝမှာ ဘာကအရေးမကြီးဘူး ဘာကအရေးမကြီးဘူး အဲ့ဒီလို ဆုံးဖြတ်ချက်ချတတ်တယ်။
★ စိတ်ညစ်တယ်ဆိုရင် အဲ့ဒီစိတ်ညစ်တာကို ဘယ်သူ့ကြောင့်ပဲ စိတ်ညစ်တာဖြစ်ဖြစ် အဲ့ဒီစိတ်ညစ်တာကို ဒီအတိုင်း ဆုပ်ကိုင်ထားတဲ့သူ၊ စိတ်ညစ်တာကို ပျောက်သွားအောင် တရားနဲ့ကိုယ့်ကိုယ်ကို မဖြေတတ်တဲ့ပုဂ္ဂိုလ် အဲ့ဒီပုဂ္ဂိုလ်က သေခြင်းတရားကို မေ့နေလို့။ သူ့မှာ အချိန်တွေအများကြီးရှိတယ်လို့ သူ့ကိုယ်သူထင်နေတာ။
★ မြတ်စွာဘုရားက ဥပမာပေးထားတယ် စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်တာ ဘာနဲ့တူတုန်း။ အဆိပ်ရှိတဲ့ မြားပစ်ခဲ့ရတာနဲ့တူတယ်။ အဲ့ဒီ မြားပစ်ခံရရင် အဲ့ဒီမြား ကိုယ်ရဲ့ခန္ဓာကိုယ်ထဲမှာ စိုက်မိတာ အဆိပ်တွေနဲ့။ ဒါကို ဒီတိုင်းထားမလား? တရားနာ ပရိတ်သတ်လို့ ဘယ်လိုလုပ်မှာလဲ? နုတ်ပစ်ရမယ်။
★ နုတ်မပစ်ဘဲနဲ့ မဆီမဆိုင်မေးခွန်းတွေ တချို့ကလျှောက်မေးတယ်တဲ့ ဘယ်သူကငါ့ကို ပစ်တာတုန်း၊ သူ့ကို ဘာလုပ်ဖို့တုန်း၊ ငါ ဗုဒ္ဓဘာသာဖြစ်လို့ ငါ့ကိုမကြိုက်လို့လား ငါထေရဝါဒဖြစ်လို့ ငါ့မကြိုက်လို့လား၊ ငါ ဗမာဖြစ်လို့ ငါ့ကို မကြိုက်လို့လား၊ ငါ ချမ်းသာလို့ ငါ့ကို မကြိုက်လို့လား၊ ငါဆင်းရဲလို့ ငါ့ကိုမကြိုက်လို့လား မေးခွန်းတွေ မဆီမဆိုင်တဲ့ မေးခွန်းတွေ လျှောက်မေးတယ်တဲ့။
★ အဲ့ဒီလို မေးရင် အဲ့ဒီအဆိပ် တကိုယ်လုံးပျံ့နှံ့သွားပြီးတော့ အသက်အန္တာရယ်ထိ ရောက်နိုင်တယ်တဲ့။ အသက်ပါပါသွားမယ်။ အသက်ဆုံးရှုံးသွားမယ်။ ဆိုလိုတာက အရေးကြီးတဲ့ဟာ အရေးမကြီးတဲ့ဟာ မဆုံးဖြတ်တတ်ဘူး။
★ “အသာရေ သာရမတိနော သာရေစ သာရဒဿိနာ” အနှစ်သာရမရှိတာကို အနှစ်သာရရှိတယ်ထင်တယ်။ အချိန်တွေဖြုန်းတယ်။
ကျေးဇူးတော်ရှင်Oxfordဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
“မရဏအသိ-ကုသိုလ်အသိ (၁၉.၁.၂၀၁၈)” တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။
Credit to #ThazinHteik