❝ အိပ်နေသူနှင့် သွားနေသူ ❞
ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်ထိသွားပါတယ်။ လှူတဲ့အခါ ရေအောင်မိုးအောင်ဖြစ်ဖို့ပဲ လိုပါတယ်။အဖျင်းတော့ မဖြစ်စေနဲ့ပေါ့။ ဒါလှူရင် ဘာရမလဲဆိုတဲ့ အမျှော်မပါရဘူး။ ဒါနဆိုတာ စွန့်လွတ်တာ။ ရယူတာမဟုတ်ဘူး။ သီလက စောင့်ထိန်းတာ၊
ဘယ်အာရုံလာလာ အာရုံနောက် ကိုယ့်စိတ်ပါမသွားအောင် စောင့်ထိန်းတာ။ မြင်အာရုံဆိုရင် မျက်စိထိပ်က သတိနဲ့စောင့်ရမှာ။ အဲဒါဥပုသ်။ အဲဒါသီလ အာရုံနောက်ကပညတ်ကပ်ပါလာရင် ကိလေသာဝင်လာမှာပေါ့ ။
ဒါဘယ်သူလဲ ဆိုကတည်းက ကောင်းတယ်ဟေ့ ဆိုးတယ်ဟေ့ ဆိုတာတွေ လိုက်လာတော့မှာ အာရုံနောက်က
ကိလေသာဝင်ခွင့်မရအောင် စောင့်တာသီလ၊ အဲဒီသီလမျိုး တစ်ချီသာအောင် ၊ ဒါနကလည်း ရေအောင်မိုးအောင် စေတနာသာ ထက်ပစေ။ စေတနာသာမျိုးစေ့ မဟုတ်ဘူးလားဗျ။ စပါးတို့မြေပဲတို့ မျိုးစေ့တစ်ခုကို အခွံလေးနှစ်ခုနဲ့ ဟိုဖက် ဒီဖက်အုပ်ထားတာ ၊ အလှူခံနဲ့ အလှူရှင်သည် အခွံနှစ်ခုပဲ။
အလှူခံပုဂိုလ်ရဲ ့သီလကမြေ။ ဒီမြေပေါ်မှာ ဒီမျိုးစေ့ချရတာ။ မျိုးစေ့က အဆံချောင် အဆံကပ် အဖျင်းအမှော် ဖြစ်လို့မရဘူး။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိသွားတယ်ဆိုတာ ပြောရဦးမယ်။ ပဒုမုတ္တရ ဘုရားလက်ထက်တော်ကထင်းခုတ်သမား တစ်ယောက်ရှိသတဲ့ ။ သူ့မှာ ဆင်းဆင်းရဲရဲနဲရ ဝမ်းကျောင်းနေရတော့ သူများတွေဘုရားသွား ကျောင်းတက်လုပ်လည်း သူ့မှာ မသွားနိုင်ရှာဘူးတဲ့ ။
လူက ဘုရားဆီမသွားနိုင်ပေမယ့် သူ့စိတ်က ဘုရားဆီမှာ ၊ သူ့စေတနာက ဘုရားဆီမှာ ၊ တောထဲထင်းခုတ်ရင်း သစ်ပင်ကြီးတစ်ပင် ကောင်းကောင်းလှလှကြီးပေါ့ဗျာ။ ဒီ သစ်ပင်ကြီးတော့ သူခုတ်မယူတော့ဘဲ သစ်ပင်ကြီး ပင်စည်ကိုကိုင်ပြီး ….ဒီသစ်ပင်ကြီးကို ရွှေပင်ငွေပင်ကြီး အဖြစ်နဲ့ သူ့စိတ်က ရည်မှန်းပြီး ဘုရားကို အဝေးကနေ လှမ်းပြီးတော့ လှူသတဲ့ဗျ။ ခင်ဗျားတို့လို လာစရာလိုသလားဗျ။
သူ့စိတ်က သွားနေတာကို သူ့စိတ်ကဘုရားဆီမှာ စေတနာ ထက်သန်လှတော့ ကိုယ်တိုင်ကိုယ်ထိလက်ရောက် မလှူဘဲ ဟိုးအဝေးကြီးက တောကြီးမြက်မဲကြီးထဲက ဒါနတစ်ခုအောင်သွားလိုက်တာ
တို့ဘုရားရှင်လက်ထက် မှာ “ပုပ္ပရုက္ခမထေရ်” ဆိုတဲ့ ဘွဲ့ထူးနဲ့ ရဟန္တာအရှင်မြတ်ကြီး ဖြစ်သွားတယ်ဗျ။
အဲဒါဘာ လို့လဲ။
“စေတနာအောင်လို့ပါဘုရား”
စေတနာမျိုးစေ့ အရေးကြီးတာ ၊ လှူဖွယ်ဝတ္ထုက အရေးမကြီးဘူး။စေတနာမှာလည်း သူများစေတနာ မဆိုထားနဲ့ ကိုယ့်စေတနာကိုယ် တောင် မထိပါး မပုတ်ခတ်ရဘူး။ သူများအလှူကိုလည်း မထိပါး မပုတ်ခတ်နဲ့ ။
ကိုယ့်အလှူကိုယ်လည်း ငါ့လှူတဲ့ပစ္စည်းက ညံ့လိုက်တာ ၊တန်ဖိုး နည်းလိုက်တာ စသည်ဖြင့်
ထိပါးပုတ်ခတ်မိရင် စေတနာမျိုးစေ့ အဆံချောင် သွားတတ်သနော် ။
အဲဒီတော့ စေတနာမှန်မှန် ထက်ထက်သန်သန် နဲ့သာလှူ။ ဒါနတစ်ခုအောင်ရင် နိဗ္ဗာန်အထိ အကျိုးပေးပါတယ် ။ တရားလည်း တစ်ခါသာ ထိထိမိမိ နာလိုက်စမ်းပါ။ တစ်ခါနာပြီး လုပ်ဖို့ပဲလိုပါတယ် ။ ကြိုးစားလိုက်စမ်းပါ။ တို့ဆီလာတာထက် ကိုယ့်အိမ်မှာ တစ်နာရီလောက် အားထုတ်လိုက်ရင် ဒီလာတာ ထက်တန်ဖိုးကြီးတယ်။ ဒီကိုလာတာ ပုဂ္ဂိုလ်လာတာ အားထုတ်မှဉာဏ်လာတာ။ ပုဂ္ဂိုလ်နဲ့ ဉာဏ် ဘယ်ဟာတန်ဖိုးကြီးသလဲ။
“ဉာဏ်ကတန်ဖိုးကြီးပါတယ်ဘုရား”
တစ်နာရီ ရရင် တစ်မိနစ်တိုးပြီး ဆက်အားထုတ်သွားတို့ကိုယ်တော်ကြီး အပင်ပန်းခံဟောထားတာ ဆိုပြီး ဆက်အားထုတ်ပါ။ တို့မှာ အမောခံပြီး ဟောနေရတာ။ တို့မှာနားရတယ်မထင်နဲ့ ။ တို့လည်း သွားနေရတယ်။
တို့ကသွားနေရင် တို့ပရိတ်သတ်ကလည်း နောက်ကလိုက်ရမှာ။ ရပ်မနေကြစမ်းပါနဲ့။ တို့သွားနေတာ အိပ်ချိန်ကိုမရှိတာ။ တို့ရှေ့က သူတော်ကောင်းကြီးတွေလည်း မအိပ်မနေ အားထုတ်ခဲ့တာပဲ။
တို့ဥပဇ္စျယ် အဘဝိမလ (မိုးကုတ်ဆရာတော်ဘုရားကြီး) တို့ဆိုရင်လည်း တစ်ညလုံးအားထုတ်သွားတာ။
တို့ကိုလည်း သူတို့လို အားထုတ်စေချင်တော့ ဥပါယ်တမျည်နဲ့ တို့ကို လမ်းပြသွားပုံလေး ပြောရဦးမယ် ။
“မင်းမရှိတော့ ငါကပျင်းပြီး အိပ်ပျော်သွားတတ်သကွ၊ ဒီတော့ ငါနဲ့လာအားထုတ်ကွ” တဲ့။
အဲဒါ တို့ကို မအိပ်မနေ မိုးအလင်းအားထုတ်စေချင်လို့ ပြောတာ။ ဥပဇ္စျယ်ဆရာကိုယ်တိုင်လည်း တစ်ညလုံးအားထုတ်တာ။ အာရုံဆွမး်ကပ်ချိန်အထိ တောက်လျှောက် အားထုတ်တာ၊ အာရုံဆွမ်းစားပြီး ဘယ်မှကိစ္စမရှိရင် ခဏလေးမှေးပါတယ်။ ကိစ္စရှိရင် မမှေးတော့ဘူး။ ကိစ္စရှိတယ်ဆိုတာ သူတို့ကိစ္စတွေက သိပ်လေးနက်ပါတယ်။ တစ်ရက်ကတော့ အာရုံဆွမ်းကပ်ကာနီးမှာ တို့ ဥပဇ္စျယ်ဖျားနေတယ်။
“ဆရာတော်ဖျားနေတယ်ဘုရား” ဆိုတော့”အေး ငါလေစိမ်းမိခဲ့လို့ကွ” တဲ့။
ဒီမှာကျောင်းခန်းထဲမှာရှိနေတာ။ ညကဘယ်မှကြွတာမဟုတ်ဘူး။ ဘယ်သွားလို့လေစိမ်းမိတာလဲ ၊ စိတ်လေစိမ်းတိုက်တာ ကိုယ်လာဖျားတာ။ အဲဒီနောက် မော်လမြိုင်ဘက်ကြွတော့မှ ဇင်းကျိုက်တောင် လက်ညှိုးထိုးပြပြီး “ငါဖျားတာ အဲဒီသွားလို့ကွ” တဲ့။
ဇရပ်လေးကလည်း တစ်လုံးတည်း လေကလည်း တဟူးဟူးကွ တဲ့ သွားနေလိုက်ကြတာ မနားကြဘူး။
တာဝန်ခံရရင် ပိုမနားရဘူး။ သွားနေတယ်နော်။ တို့ဒကာ ဒကာမတွေရော နားရုံမက အိပ်နေကြ သလား။
တာဝန်ခံတွေက သွားနေကြတာ။ နားရတာမဟုတ်ဘူး။ တို့ဟာက အိပ်နေကြတာပါဗျာ။
ဝေဘူဆရာတော်ကြီး ပြောသလို သံသရာအဆက်ဆက် အိပ်လာခဲ့ကြတာ ခုချိန်ထိ မနိုးကြသေးဘူးလား။
အိပ်လို့မဝတာ၊ မအိပ်ရင် ဝသွားလိမ့်မယ်တဲ့ ။ ဘယ့်နှယ်တုန်း ၊ အဲသူတို့ သိပ္ပံပညာဆိုတာ (သိပ်ပန်း) ကြီးကပြောသဗျ။
လူတစ်ယောက် ၆ နာရီအိပ်မှ ဝသတဲ့ ။ တို့ဘုရားဘက်က မအိပ်မှ လန်းဆန်းတာတဲ့ ။
ဘာကွာတာတုန်း။ လူတွေက ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ် အလုပ်မလုပ်ဘူး။ သူများစိတ်နဲ့ အလုပ်လုပ်တာ
သူများပစ္စည်း ပိုက်ဆံလိုချင်တာကိုး။ အားရတယ်မရှိဘူး။ အနောက်နိုင်ငံက ဘီလျံနာသူဌေးကြီးဆိုတာတွေ
ငါတော့ဘီလျံနာ ဖြစ်ပြီဆိုပြီး စီးပွားရေးလုပ်ငန်းတွေ ရပ်ထားတာရှိလား။
“ရပ်မထားပါဘုရား”
အာရပ်ရေနံဆီကုန်သည်တွေရော။
“မရပ်ပါဘုရား”
မရပ်မနား လောဘသွားနေသလောက် နောက်ကသောကလိုက်နေတယ်။ လောဘတွေ သောကတွေနဲ့ ဆိုတော့ လူသာချမ်းသာတာ၊စိတ်ပင်ပန်းမှာပေါ့။ နင်တို့ရန်ကုန် ဘီးမုန့်လုပ်သလို အထက်မီး အောက်မီးနဲ့ လုပ်ကြရတာ။ အပြင်ပူ အတွင်းပူနဲ့ နေပူမိုးရွာမရှောင်လုပ်ကြရတာ နွမ်းမှာပေါ့ ။ ကိုယ်ပန်းစိတ်ပန်း ထိနမိဒ္ဓ ဝင်တော့အိပ်ပေးရတယ်။
မအိပ်ခင်သေချာပြန်ကြည့်ပါ။ လောဘနဲ့ သောကခံနေလို့ ဝင်လေထွက်လေဟာ ချက်တိုင်အထိ မရောက်ဘဲ
လည်ချောင်းလောက်က ပြန်ထွက်နေရတာ ။ ဘဝင်လေကမြှင့်တင်သလောက် အောက်ကလေအပေါ်ထောင်တက်နေတာလေ ။ အောက်လေ (တွန်းကန်လေ)က သွေးတစ်ဝက်ဖိထားတဲ့အတွက်
တို့လှုပ်ရှားလေသည် အောက်ထိမဆင်းနိုင်ဘူး။ ဒီတော့ရှိရှိသမျှ အပူအပုပ် ခန္ဓာကိုယ်ထဲ အောင်းနေတာပေါ့ ။
ကိုယ်မှာ အကြောတွေက တစ်ဆင့် ရိုးတွင်းခြင်ဆီထိ သွားရတာ ။
အဲဒါ သောကရှိနေသရွေ့ အိပ်မပျော်ဘူး။ ဝင်လေထွက်လေက တကယ်အိပ်ပျော်သွားမှ အလုပ်လုပ်တာ။
တို့ခေတ်က စည်ပင်လိုပေါ့။ ည ၁၀ နာရီလောက် ကားရှင်းမှ သန့်ရှင်းရေးလုပ်ကြရတာ ။
အခုလည်း ဝင်လေထွက်လေက လူအိပ်မှ သူ့လမ်းသူသွား သူ့အလုပ်သူလုပ်ရတာခန္ဓာကိုယ် အစာအိမ်ထဲမှာ အပူအပုပ်က အောင်းနေတာ။ အဲဒါဝင်လေက သန့်ရှင်းပေး ထွက်လေက အပူအပုပ်ထုတ်ပစ်တာ။ ဝင်လေကြောင့် ခန္ဓာကိုယ်အေးတယ်။ ထွက်လေကြောင့် အပူအပုပ်ကုန်တဲ့အချိန် နိုးလာတာ။ လန်းလန်းဆန်းဆန်းပဲ။
အပူအပုပ်မကုန်ခင် နိုးလာရင် တစ်ယောက်ယောက်က လာနိုးလို့ပဲဖြစ်ဖြစ် လန့်နိုးလာရင် ခေါင်းကိုက်ကရော၊ ဒီတော့မေးရဦးမယ်။ အိပ်လို့အားရှိတာလား ၊ အပူအပုပ်ကုန်လို့ အားရှိတာလား။
“အပူအပုပ်ကုန်လို့ပါဘုရား”
အဲဒီလိုသာ အလုပ်လုပ်နေရင်း လောဘတွေသောကတွေ ဝင်ခွင့်မပေးဘဲ ဝင်လေထွက်လေ ရှူရှိက်ပြီး လုပ်နေရင် အပူအပုပ် ဝင်ပါဦးမလား။
“မဝင်ပါဘုရား”
အိပ်ဖို့လိုသေးလား။
“မလိုတော့ပါဘုရား”
သူတို့နဲ့တို့နဲ့ ကွာတာ ဒါပဲ။ မအိပ်ဘဲ အလုပ်လုပ်နိုင်ပြီ။ တို့ဘဝနဲ့တို့ အချိန်တန်ဖိုးကြီးလွန်းလို့ ဒီအချိန်တွေ အိပ်ပြီး ဖြုန်းတီးမပစ်ပါနဲ့ ။ ကုန်လွန်သွားတဲ့ အချိန်တွေ ပြန်လိုချင်လို့ရသလား။
“မရပါဘုရား”
ငွေကုန်သွားရင် ငွေပြန်ရှာလို့ရနိုင်ပါတယ်။ အချိန်ကုန်သွားတာ အချိန်ပြန်ရှာလို့မရနိုင်လို့ အချိန်ရှိခိုက်လုံ့လ စိုက်ကြစမ်းပါ။ ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ကြီး မိန့်ခဲ့သလိုပေါ့။ “တို့က ခန္ဓာကိုယ်ကြီးကို
ပိုးစာလောက်စာအဖြစ် တောင် ချန်မထားရစ်ခဲ့ဘူးဗျ။ တို့က ကိုယ့်ကိုယ်ကိုယ် အကုန် အသုံးချသွားမှာတဲ့ ” ။
ခင်ဗျားတို့ကကော ဒီခန္ဓာကိုယ်ကြီးကို မီးစာမြေစာကျွေးကြမှာလား။ ငရဲ ဗြိတ္တာ တိရစ္ဆာန် ဘဝတွေရောက်မှ တရားအလုပ်လုပ်ချင်လို့ရမလား။
“မရပါဘုရား”
အဲဒါ အချိန်ပုပ် အရွယ်ပုပ် ဘဝပုပ်တွေ…….။ နတ်တွေလည်း ဒီက (လူ့ဘဝက) တရားအခြေခံပါသွားမှ
ဟိုမှာကျင့်လို့ရတာ တရားပါမသွားရင် အလကားပဲ။ နတ်ဖြစ်လည်း တရားမရအလကားပဲ။လူတွေရဲ့ တစ်နေ့တာမှာ “မောဟ - အတွေး” ကပိုများပါတယ်။ လောဘကြိုက်တဲ့ အချိန်ဝင်တယ် ။ ဒေါသက မကြိုက်တဲ့ အချိန်ဝင်တယ်။ မောဟကများတယ်။ မောဟက အောက်ဆွဲ။ သတိက မောဟ(အတွေး) နဲ့ ဆန့်ကျင်ဘက် ပြီးတော့ သတိက အခုမှမွေးရမှာ ၊ တောကြောင် အိမ်ခေါ်မွေးရသလို အတွေးမောဟက ငယ်စဉ်ကတည်းက ပါလာတာ။
ပြီးတော့ စိတ်ရဲ့ သဘာဝက သတိကို အတင်မခံဘူး။ စိတ်ကို ဓာတ်ကအားပေး အားမြှောက်လုပ်ထားတယ်။
ဒီကိုယ်ကောင်ကြီးကလည်း ဇာတ်ကောင်ကြီးဆိုတော့ စိတ်က ဓာတ်တည့်ရင် ကြိုက် ၊ ဓာတ်မတည့်ရင် မကြိုက်တော့ဘူး။ အာရုံတွေကလည်း စိတ်ဘက်က ၊ အတွေးဘက်က သူ့ဘက်က ဒီလောက်အားများနေတာ။
ကိုယ့်မှာက အခုမှ မွေးကင်းစ သတိလေးနဲ့ မှတ်ရမှာ။
ဒီတော့ မအိပ်ဘဲတိုက် မတည့်တဲ့ နိုင်ငံချင်း ကြိမ်းသလို အပြုတ်လိုက်မယ်ဆိုပြီး ကိလေသာကို တိုက်ရမှနော်။တို့ဟာတွေက ဘယ်လိုလဲ ။ တိုက်ဖို့နေနေသာသာ ကြိမ်းကို မကြိမ်းရဲတာ ထင်တယ်နော်။ အင်း ဝေဘူဆရာတော်ကြီးပြောသလို ပြောရဦးမယ်။ ဘုရားကျောင်းကန် ရောက်တုန်းကတော့ လောဘမကောင်းကြောင်း ပြောရတာပ။ အဲဒါဗျာ လောဘက ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်နေသတဲ့။
ပြီးတော့ လောဘက ဘာပြောတယ်မှတ်သလဲ။ ပြောတော့သာ လောဘမကောင်းကြောင်း ။ လုပ်တော့ လောဘအတွက်ချည်းပဲတဲ့။ ကဲခင်ဗျားတို့ကော ပြော ဘာအတွက်လုပ်နေကြတာတုန်း။
ကဲဗျာ ဘာသံမှမထွက်တော့ဘူး။
အဲဒါရန်သူ့လက်ထဲက သုံ့ပန်းလိုဖြစ်ကုန်ကြပြီ။ ရန်သူ့လက်ထဲက သုံ့ပန်းက ဘယ်လိုနေရလဲ။ ထောင်ထောင် လွှားလွှားကြီးနေသလား။ ကုပ်ကုပ်ကလေးနေသလား။
“ကုပ်ကုပ်ကလေးပါဘုရား”
ကိလေသာရန်သူ့လက်ထဲက သုံ့ပန်းတွေ ဖြစ်ကုန်ကြပြီ ။ ရန်သူမို့ မျက်နှာချိုသွေးပြီး ရယ်ပြရင်တောင်
ဟိုကပြောင်တယ်ဆိုပြီး ရိုက်မှာဗျနော်။ သုံ့ပန်းဘဝနဲ့ နေမှာလား။လွတ်အောင်ရုန်းမှာလား။
“လွတ်အောင်ရုန်းမှာပါဘုရား”
ဗုဒ္ဓဘာသာလို့ ဖြစ်လာတာလဲ အထက်တက်ချင်လို့ ကုသိုလ်နဲ့ပဲ လူဖြစ်လာတာ ၊ အထက်တက်ကြဖို့ဗျ။
လူဆိုတာ ကုသိုလ်အရင်းအမြစ် ပါလာတယ်။ အထက်တက်ဖို့လိုတာ ထိုင်နေလို့ မရဘူး။ အိပ်နေလို့မရဘူး။
သွားရမှာနော်။ တို့ဘုရား တို့သာသနာက လမ်းပြပြီးသားပါ။ သတ္တာဒေဝမနုသာနံ ဆိုတာလမ်းပြတဲ့ဆရာ။
လမ်းပြတွေ အများကြီးတွေ့ခဲ့ပြီ။ ဘုရားတွေ အများကြီးပွင့်ခဲ့ပြီ။ ရဟန္တာတွေ အများကြီးးပွင့်ခဲ့ပြီ။ ဘာ လို့လွဲနေသလဲ။ တော်တော် အရှောင်ကောင်းကြသနော်။ အခုတို့ဆီလာတော့ တို့ကလည်း လမ်းပြလိုက်ပါတယ်။ ပြလိုက်တဲ့ လမ်းးအတိုင်း သွားကြဖို့ပဲ လိုပါတယ်။ သွားမှာလား ရပ်နေမှာလား အိပ်နေမှာလား ။ “”
“သွားမှာပါဘုရား”
အိပ်နေသူနဲ့ သွားနေသူ ခရီးချင်းဘယ်လောက် ကွာသွားမယ် မှတ်သလဲ။ တစ်နာရီအိပ်နေရင် တစ််နာရီဝေးသွားမယ်။ တစ်ရက် တစ်ပတ် တစ်နှစ် အချိန်နဲ့အမျှဝေး……ဝေး သွားမယ်။ အိပ်နေရင် ကိလေသာ ရန်သူ့လက်ထဲ ကျန်ခဲ့မယ်။ ဝေဘူဆရာတော်ကြီးက ဝီရိယ ဗိုလ်တင်ပြီး ပွင့်တာဆိုတော့ ဘယ်အချိန်ဘယ်မှာ ဟောဟော ဝီရိယနဲ့ သွားဖို့ဟောတယ်။ ဝေဘူက သတ္တိကောင်းသကိုးဗျ။ ရဲတင်းတဲ့ ဝီရိယပဲ ဟောမှာ။
တို့က သူ့လောက်သတ္တိကောင်းတော့ သတိပဌာန် ၊ သတိပဲဟောမှာ။ ထမင်းချက်ရင်းရတဲ့နည်း ။ ဘာလုပ်လုပ် သတိပါရင်ပြီးတာပဲဗျာ။
အတွေးမရှိရင် သိတော့တာပဲ။ သတိရဲ့တာဝန်က မတွေးဖြစ်လို့ပဲ။ တို့က သတိနဲ့သွားရမှာ။ နောင်နှစ်လာလည်း ဒီသတိပဲဟောမှာပဲ။ အဲဒါတရား အစစ်ဆေး အခံနိုင်မှ လာခဲ့ကြ။ ကိလေသာ ရန်သူနယ်မြေက လွတ်ပါပြီ။ ဘုရားလို့ လျှောက်နိုင်မှ လာခဲ့ကြ။ လောကုတ္တရာတရားကိုးပါးဖြင့် ဆီလျော်သော သတိကျင့်ဝတ်ဖြင့် ဗုဒ္ဓတရားကို ပူဇော်နိုင်မှ တရားဖြင့်ပူဇော်တာ တရားနဲ့ ပူဇော်တာ အမြတ်ဆုံး။
လှူဖွယ်ဝတ္ထုတွေက ဆိုင်ကပစ္စည်းတွေ အတွင်းပစ္စည်း ပြစရာမရှိလို့ အပြင်ပစ္စည်းဝယ်လာပြီး ပူဇော်တာ။တရားနဲ့ပူဇော်ကြစမ်းပါ။ တရားနဲ့လှူကြစမ်းပါ။
ဒီတော့ ပြောရဦးမယ်ဗျ။ ဝေဘူဆရာတော်ကြီး ခန္ဓာဝန်ချမယ့်နှစ် အဖျားက ၁၀၄ ရှိတယ်။ ဆွမ်းခံကြွတုန်းဗျ။ ဆရာတော်ကြီး ဖျားနေပါတယ်ဘုရားလို့ လျှောက်တော့ “ ငါဖျားတာ နင်တို့တရားအားမထုတ်လို့” တဲ့ဗျ။
အဲဒါပဲ တို့မဟာမြိုင်တောကြီးထဲ ဖျားနေရင် နင်တို့တရားအားမထုတ်လို့ပဲ ဘယ့်နှယ်တုန်း။
(မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှမဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)
Post by Ma San Dar