Wednesday, September 18, 2019

သေခါနီးမှာ ကောင်းသောအာရုံပြု နှလုံးသွင်းနိုင်ရန်

သေခါနီးမှာ ကောင်းသောအာရုံပြု နှလုံးသွင်းနိုင်ရန်

အမေး။     ။
ဘဝကူးချိန် အယူကောင်းလေးဖြစ်ဖို့အတွက် ဘာတွေကို ကြိုတင်ပြင်ဆင် ထားသင့်ပါသလဲ၊ ကောင်းတဲ့အရာကို အာရုံပြုနိုင်ဖို့ ဘယ်အရာကို အမြဲ လေ့ကျင့် ထားသင့်ပါသလဲ။
အဖြေ။    ။ ဘဝကူးချိန် အယူကောင်းလေးဖြစ်ဖို့အတွက် အရာရာဆုတ်ကိုင်ထားတာလေးတွေကို ဖြေလျှော့ရမှာဖြစ်တယ်။

ဆိုပါစို့ အချို့က ဇနီး၊လင်သား၊ သားသမီးတွေကို အားကိုးတယ်၊ ထိုသူများ မရှိရင် မဖြစ်ဘူး ဆိုပြီး ဇနီး၊လင်သားစတာတွေအပေါ်မှာ ဆုတ်ကိုင်ထားတတ်ကြတယ်၊ အချို့က ပစ္စည်းဥစ္စာဟာ ငါ့အတွက် မရှိရင်မဖြစ်ဘူး ဆိုပြီး ပစ္စည်းအပေါ်မှာ ဆုတ်ကိုင်ထားတတ်ကြတယ်။
တကယ်လို့ ဘဝကူးချိန်ရောက်တဲ့အခါ မိမိဆုတ်ကိုင်ထားတဲ့အရာတွေကို စွဲလန်းတတ်ကြတယ်။ မလွတ်ပစ်ချင်ကြတော့။ အဲဒီလို စွဲလန်းတဲ့စိတ်နဲ့ သေသွားမယ်ဆိုရင် အပါယ်ဘုံမှာဖြစ်တတ်တယ်။ တစ်ချို့ဆိုရင် ဗိမာန်ရှိတဲ့ အညံ့စားနတ်ပြိတ္တာတွေသွားဖြစ်ကြတယ်။ ဒါနဲ့စပ်လို့ အဖြစ်အပျက်လေးတစ်ခုပြောမယ်။ ဘုရားရှင် မပွင့်မီ နှစ်ပေါင်း ၇၀၀ လောက်က သာဝတ္ထိမြို့နဲ့ မနီးမဝေးရွာတစ်ရွာမှာ လူငယ်တစ်ဦး ရှိခဲ့ဖူးတယ်။
သူဟာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဆွမ်း လှူဒါန်းဖူးခဲ့ပါတယ်။ အရွယ်ရောက်တော့ အမေက အိမ်ထောင်ချပေးတယ်။ လက်ထပ်မယ့်နေ့မှာ ရေချိုးဖို့အတွက် ရေချိုးဆိပ်ကိုအသွားတယ်။ လမ်းမှာ မြွေကိုက်လို့ သေဆုံးခဲ့ရတယ်။
ထိုလူငယ်ဟာ ငယ်ရွယ်စဉ်က ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူခဲ့ဖူးသော်လည်း သေခါနီး လက်ထပ်မယ့်အမျိုးသမီးကို စွဲလန်းတဲ့စိတ်နဲ့ သေဆုံးတဲ့အတွက် ဝေမာနိကပြိတ္တာ (နတ်ပြိတ္တာ) ဖြစ်ရတယ်။
နတ်ပြိတ္တာဆိုတာ သူများတံတွေးနှပ်တွေကို ရှာဖွေစားရတဲ့အထိ ဆင်းရဲတာရှိပါတယ်။(ပေတ၊ဋ္ဌ၊၁၃၅)
ဒါကြောင့် သေခါနီး အယူကောင်းလေးဖြစ်ဖို့အတွက် အခုကတည်းက မိမိနဲ့ပတ်သက်တဲ့ သက်ရှိသက်မဲ့ပစ္စည်းတွေအပေါ်မှာ ဆုတ်ကိုင်ထားမှုကို ဖြေလျှော့ရပါမယ်။
ထိုအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဝိပဿနာတရားကို နည်းစနစ်ကျကျ အားထုတ်ထားဖို့ရာ အထူးလိုအပ်တယ်ဆိုတာ ပြောချင်တယ်။ နောက်တစ်ခု သေခါနီး ကောင်းတဲ့အရာတွေကို အာရုံပြုနိုင်ဖို့အတွက် မိမိအသက်ရှင်ကျန်းမာနေစဉ်အတွင်း မှတ်သားလောက်တဲ့ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့ ကုသိုလ်များကို ဖြစ်စေ။
ဒါ့ပြင် ဘဝမှာ အဆက်မပြတ်လုပ်လာခဲ့တဲ့ အလေ့အကျင့်(အာစိဏ္ဏကံ) ကုသိုလ်တစ်ခုခုဖြစ်စေ ပြုလုပ်ထားတတ်ရပါမယ်။ အဲဒီကုသိုလ်ထဲက တစ်ခုုခုဟာ သေခါနီးဆဲဆဲမှာ ကောင်းတဲ့အာရုံဖြစ်သွားနိုင်ပါတယ်။
ထင်ရှားအောင် ပြောရရင် တစ်ခါတုန်းက မိုးတားနယ်မှာ ရွှေသီဆိုတဲ့ သူဆင်းရဲမလေးတစ်ယောက်ရှိတယ်။
တစ်နေ့ သူမဟာ ရွာဦးကျောင်းကဆရာတော်ထံသွားပြီး ဒီလိုဆင်းရဲတာကို ဘဝအဆက်ဆက် မခံစားချင်တဲ့အတွက် ဘယ်လိုလုပ်ရမလဲ လို့ ဆရာတော်ထံလျှောက်တော့ ဆရာတော်က ဘုရားကို နေ့တိုင်းရေလှူဖို့ရာ တိုက်တွန်းတယ်။
ဒီလိုနဲ့ သူမဟာ နေ့စဉ်ရက်ဆက် တစ်နေ့မှမပျက်ဘဲ ဘုရားကို ရေလှူခဲ့တယ်။ သေလွန်တဲ့အခါမှာ ထိုမိုးတားနယ်ထဲမှာပဲ တကယ့်ချမ်းသာတဲ့အမျိုးသမီးတစ်ယောက် ဖြစ်လာတယ်။
ထိုအကြောင်းကို ဒီဘဝမှာချမ်းသာနေတဲ့ အမျိုးသမီးက သူမရဲ့အရင်ဘဝအကြောင်းကို သားဖြစ်သူအား ပြောပြတာဖြစ်တယ် ဆိုပြီး ဓမ္မစရိယဦးဌေးလှိုင်ရေးတဲ့ ဓမ္မဒူတ စာအုပ်မှာ ဖတ်လိုက်ရပါတယ်။
ဒါဟာ သူမအတွက် ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့ နေ့စဉ်လုပ်နေကျ အာစိဏ္ဏကံ ကုသိုလ်တွေပါ။
ဒီသာဓကကို ကြည့်ခြင်းအားဖြင့် ဘဝမှာ မှတ်သားလောက်တဲ့ ကုသိုလ်တစ်ခုခုဖြစ်ဖို့နဲ့ အဆက်မပြတ်လုပ်လာခဲ့တဲ့ ကုသိုလ်တစ်ခုခု ရှိနေမယ်ဆိုရင် ထိုသူအတွက် ဘဝနေဝင်ချိန်မှာ ကောင်းတဲ့အရာကို အာရုံပြုနိုင်ပါလိမ့်မယ် ဆိုတဲ့အကြောင်း အဖြေပေးလိုက်ပါတယ်။
(by ven kawwida
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်)