Monday, June 4, 2018

နိရောဓသစ္စာ၌ တွေဝေခြင်း

နိရောဓသစ္စာ၌ တွေဝေခြင်း

နိရောဓသစ္စာ၌ တွေဝေခြင်းကတော့။ ။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် အရိယာသခင် အရှင်မြတ်များ မျက်မှောက်ပြုကာ အာရုံပြုအပ်သော တရားတော်ကြီး၊ ခန္ဓာငါးပါး ဒုက္ခချုပ်ငြိမ်းရာ တရားတော်ကြီး၊ အိုဘေး, နာဘေး, သေဘေးတို့ ချုပ်ငြိမ်းရာ တရားတော်ကြီးရယ်လို့ လေ ငြိမ်ရာ၌ ထွန်းထားသော ဆီမီးကဲ့သို့ ငြိမ်သက်စွာ ရှိသတဲ့။ ဒီတရားတော်ကြီးဟာ သောတာပန်လောင်းတို့ နေ့စဉ်တောင့်တဲ့ နိဗ္ဗာန်ပါပဲ။
(ဝဋ်ဆင်းရဲ အပြစ်မြင်၍ နိဗ္ဗာန် တောင့်တသူကို သောတာပန်လောင်းဟု ပဏ္ဏာသ အဋ္ဌကထာ၌ ဆိုသည်) အဲဒီ နိဗ္ဗာန်ဟာ ဒုက္ခ ဟူသမျှ မဖြစ်နိုင်ဘဲ ချုပ်ငြိမ်းရာအမှန်ဟု ဉာဏ်ကြီးသူ ပုထုဇဉ်တို့ တွေးဆ၍ သိအပ်သော တရားတော်ကြီး ဖြစ်ပေတယ်။ ဘုရားအလောင်းတော် သူဌေးသား သုမေဓာဟာ ဘဏ္ဍာတိုက်ကြီးထဲမှာ မိဘဘိုးဘွား ခုနှစ်ဆက် စုဆောင်းထားတဲ့ ဘဏ္ဍာတော်ကြီးတွေကို ကြည့်ပြီးလျှင် ငါ၏ ဘိုးဘွား မိဘတို့သည် မိမိစုဆောင်းခဲ့တဲ့ ဘဏ္ဍာတွေ တို့ကိုလည်း ယူမသွားနိုင်ကြပါတကားဟု သံဝေဂဉာဏ် ဖြစ်၍ ထိုတရားတော်ကြီးကို တွေးဆသတဲ့။

 တွေးဆပုံကတော့ - မီးပူရှိလျှင် မီးပူကို ငြိမ်းစေသော ရေအေး ရှိသကဲ့သို့ ကိလေသာအပူ ရှိလျှင် ငြိမ်းစေသော နိဗ္ဗာနဓာတ် တရားအေးကြီးလည်း ဧကန် ရှိရမယ်။ အနာရှိလျှင် အနာပျောက်ကြောင်း ဆေးရှိသကဲ့သို့ အိုဘေး, နာဘေး, သေဘေး ရှိလျှင် ပျောက်ကြောင်း နိဗ္ဗာနဓာတ် တရားဆေးကြီးလည်း ဧကန် ရှိရမယ်။ အညစ်အကြေး သင့်လျှင် ဆေး ကြောစရာ ရေစင် ရှိသကဲ့သို့ လောဘ, ဒေါသ ညစ်ကြေးကို ဆေးကြောနိုင်သော နိဗ္ဗာနဓာတ် တရားရေစင်လည်း ဧကန် ရှိရမယ်လို့ တွေးဆသတဲ့။ ရန်သူ အဝိုင်းခံရသူဟာ လမ်းပေါက် မြင်ပါလျှက် ထွက်မပြေးလျှင် လမ်းပေါက်တာဝန် မဟုတ်ဘူးလို့ တွေးဆတယ်။ ဤသို့ တွေးဆပြီးလျှင် ပစ္စည်းတွေ အကုန်စွန့်ပြီး တောထွက်၍ ရ သေ့ ပြုသတဲ့။ စျာန်သမာပတ်တွေ ရပြီးမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ တွေ့သောအခါ ရွှံ့ဗွက်ထဲမှာ အသက်စွန့်၍ မိမိကိုယ်ကို တံတားခင်း လှုသတဲ့။ ထိုအခါ ဒီပင်္ကရာဘုရားက "နောင်အခါ ဂေါတမဘုရားဟူသော အမည်ဖြင့် ငါကဲ့သို့ ဘုရား ဖြစ်လတ္တံ့" ဟု ဗျာဒိတ် တော်စကား မိန့်ကြားတော် မူသတဲ့။

အဲဒီ သုမေဓာဟာ အိမ်မှာ နေစဉ်ကပင် နိဗ္ဗာနဓာတ် တရားတော်ကြီးကို တွေးဆခဲ့တယ်။ ထိုနိဗ္ဗာန်ကြီးဟာ ဥပမာ ဆိုရလျှင် လူတစ်ယောက်ဟာ လက်မှာ ဝဲခြောက်နာတွေ စွဲကပ်နေတယ် ဆိုပါတော့။ ယားသလို, နာသလို, စပ်သလို, ရွံစရာ ဒုက္ခတွေ အမျိုးမျိုး တွေ့ရမယ် မဟုတ်လား။ တစ်ခါတလေတော့လည်း ဝဲကုပ်ရတာ အရသာ ရှိတယ်လို့ ထင်ချင် ထင်မှာပဲ။ သို့ပေမဲ့ ဆေးကောင်းတွေ့လို့ ဝဲခြောက် ပျောက်သွားတဲ့အခါမှာ "ယခုမှ ငါ့ဝဲခြောက် နာတွေ ပျောက်၍ ချမ်းသာသုခ ရပေတယ်" လို့ အောက်မေ့ ရမှာပဲ။ ဝဲနာတွေ မပျောက်ချင်သေးပါဘူးဟူ၍၎င်း၊ ဝဲကုပ်ရတဲ့ အရသာကို ပြန်ပြီး ခံစားချင်သေးတယ်ဟူ၍၎င်း၊ စိတ်ကူးဝံ့မှာ မဟုတ်ပေဘူး။ ထို့အတူ ကိလေသာဟူသော သံသရာ ဝဲခြောက်တွေ ပျောက်ကင်းလို့ ချမ်းသာခြင်းကိန်း သေဆိုတဲ့ နိဗ္ဗာန်တရားတော်ကြီး ဖြစ်ရပေတယ်။ ဤဥပမာအားဖြင့် နိဗ္ဗာန် မလိုချင်သူကို ဝဲနာ မပျောက်ချင်ဘူးဟု ဆိုသူနှင့်အတူ ရှုသင့်တယ်။

ငါးကြော်မကြိုက် ကြောင်မိုက် စကားပုံနှင့် ညီတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဤနိဗ္ဗာန်ကို ဒုက္ခချုပ်ငြိမ်းရာအမှန် နိရောဓသစ္စာဟု ဟောကြားတော်မူတယ်။ ဣဒံ ခေါ ပန ဘိက္ခဝေ, ဒုက္ခ နိရောဓ အရိယသစ္စံ? (ပါဠိ အနက် အခြားမှာယူ) အမှန်ကတော့ ပါဠိကြောက်ကြလို့ စာလေးမှာစိုးလို့ ပါဠိတော် အနက်ပြန်များ ဖြုတ်ထားခဲ့ရတာ ဖြစ်တယ်။ ဒီနေရာမှာ ပါဠိအနက် တွဲဖက်၍ ဖတ်ရှုနိုင်လျှင် ပိုပြီး တရားအရသာ ပေါ်လွင်နိုင်တယ်။ ဤကား စကားချပ်။ ဒီမှာလည်း ကိုယ်ပိုင်ဉာဏ် အသုံးပြုနိုင်တယ်။ ခန္ဓာငါးပါးဟာ ဝန်ထုပ်ကြီး ငါးထုပ်လို့ ဘုရား ဟောတော်မူတယ်။ မီးရထား ခေါင်းတွဲကြီး မီးရထားသံလမ်းက သံတံတားကြီးတွေဟာ တန်ချိန် တစ်သောင်း နှစ်သောင်း စသည်ဖြင့် လေးလံသော်လည်း ရန်သူတွေ ဖျက်လို့ လမ်းပေါ် အုတ်တိုင်ပေါ်မှ ပြုတ်ကျသွားလျှင် ညွန်ပြောင်ထဲ ကျသွားအုံးတော့ ဆယ်တောင် ဆယ့်ငါးတောင်လောက်သာ ကျွံကျနိုင်တယ်။ ကျားပါးစပ် စက်နဲ့ ပြန်ဖော်လျှင် တစ်ရက် နှစ်ရက်အတွင်း လမ်းပေါ် အုတ်တိုင်ပေါ် ပြန်ရောက်နိုင်တယ်။ ယခု သတ္တဝါအများ ခန္ဓာငါးပါးကတော့ ကိလေသာ ရန်သူတွေ လာဖျက်လျှင် နှစ်သိန်း လေးသောင်း မဟာပထဝီမြေကြီးကို ကျွံပြီး အဝီစိတိုင်အောင် နစ်သွားနိုင်တယ်။

 ပြန်ဖော် နိုင်သော ကျားပါးစပ် စက်ကိုလည်း ဥရောပတို့, အမေရိကတို့မှာ ပြုလုပ်ပြီးပြီလို့လည်း မကြားရသေးဘူး။ ဤမျှလောက် လေးလံသော ခန္ဓာငါးပါးကို ထမ်းဆောင်နေရတာ ဘယ်လောက် ကြီးကျယ်တဲ့ ဒုက္ခလဲဆိုတာ စဉ်းစား ကြည့်ရမယ်။ ကြပ်ကြပ်ကြီး ရေငတ်မှ ရေအရသာ ရှိတယ်။ ဒုက္ခကိုလည်း ကြပ်ကြပ်ကြီး မြင်မှ နိဗ္ဗာန်အရသာ ပေါ်တယ်။ ထိုတန်ချိန်ပေါင်း အနန္တ ခန္ဓာငါးပါး ဒုက္ခကြီးမှ ကွင်းကျွတ်လွတ်မြောက်တဲ့ နိဗ္ဗာန်ဟာ ဘယ်မျှ ချမ်းသာမယ်ဆိုတာ ဗြဟ္မာကြီး အသချေင်္ လျှာပေါင်း ကုဋေစီဖြင့် ရေတွက်သော်လည်း ကုန်နိုင်ဖွယ် မရှိပေဘူး။ လူ့ခံတွင်း လျှာတစ်ခုဖြင့် ပြောရတာ သမုဒ္ဒရာလေးစင်း ရေတွေထဲမှ ရေပေါက်ငယ်တစ်ခု အနေမျှ ရှိပါ့မလား။ အဲဒီ နိရောဓသစ္စာကို ဘယ်လို အသုံးချရသလဲ။ မျက်မှောက်ပြုရမတဲ့။ တွေးဆရမတဲ့။ လောကုတ္တရာတရား ဖြစ်တယ်။ ဉာဏ်ရှိသလို တွေးဆရမတဲ့။ မရောက်ဖူးဘဲနဲ့ တွေးဆလို့ မှန်နိုင်ပါ့မလားတဲ့ - တချို့က မေးခွန်း ထုတ်ကြတယ်။ ပညာရှိ အတွေးဟာ လူပြိန်း တွေးတာထက် မှန်တယ် မဟုတ်လား။ ရောက်ဖူးသူ အတွေးနဲ့ ရေးထားတဲ့ မြေပုံကို ကြည့်ပြီး မရောက်ဖူးသူတွေ အတွေးနဲ့ လာလိုက်ကြတာ ဟောဒီ မြန်မာပြည်ကြီးတောင် သူများလက်ထဲ ရောက်သွားသေးတယ် မဟုတ်လား။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မျက်မှောက် မပြုနိုင်သေးခင် ဤလိုဒုက္ခ, ဤလိုဒုက္ခမျိုးမှ ကင်းဝေးတဲ့ နိရောဓဘဲဟု အားမနာ ပါးမနာ စိတ်ညစ်ညစ် ရှိတိုင်း တွေးဆ ကြံစည်ခြင်းဟာ နိရောဓသစ္စာ၌ အသုံးချရမဲ့ ကျင့်ဝတ်ကိစ္စတစ်ခု ဖြစ်သတဲ့။ ဒီလို ဒုက္ခ မငြိမ်းသော နိရောဓ မရှိ။

 နိရောဓမှတစ်ပါး ဒုက္ခငြိမ်းရာ မရှိဟု ကျင့်ဝတ်အတိုင်း အသုံးချရမယ် ဖြစ်လျက် တချို့က နတ်ဗြဟ္မာ ဖြစ်လျင်, နေဝသညာ နာသညာ ယတနဘုံ ဟူသော ဘဝဂ်သို့ ရောက်လျှင် နိဗ္ဗာန် ရောက်တာပဲဟု မှတ်ထင်ကြတယ်။ မြတ်စွာဘုရား ဗြဟ္မာ့ပြည်ကြီးကို ကြွသွားတော်မူတဲအခါ ဗကဗြဟ္မာကြီးက "ရဟန်းဂေါတမ လာပါလော့။ လာပါလော့။ ကျွန်ုပ်တို့ ယခုနေတဲ့ ဗြဟ္မာ့ဘုံဟာ အိုဘေး, နာဘေး, သေဘေး မရှိတဲ့ နိဗ္ဗာန် ဖြစ်သည်။ သည်မှာ အမြဲနေပါ" ဟု မြတ်စွာဘုရားကို ဖိတ်ခေါ်သတဲ့။ ဒီအဝိဇ္ဇာဟာ ဗြဟ္မာကြီးအားသော်လည်း မုသားဖြစ်အောင် လှည့်စားနိုင်ပေတယ်။ တိမ်သလ္လာ ကြက်ဆူ ထွက်သူက သူ့မှာ မျက်စဉ်းကောင်းကောင်း ရှိတယ်ဆိုလျှင် ဟုတ်နိုင်မတဲ့လား။ ပုထုဇဉ် တစ်ကိုယ်လုံး ကိလေသာ ဝဲခြောက်တုံးကြီက သူ့မှာ ဝဲဆေးဘုရင် ရှိနိုင်မတဲ့လား။ အဲဒီလို နိဗ္ဗာန်အစစ် မဟုတ်ဘဲ။ ဒုက္ခချုပ်ရာ မဟုတ်ဘဲ။ ရွှေမှုန့်ကြဲကို နိရောဓ တကယ်ဟု မှတ်ထင်၍ အလွဲလွဲ ချွတ်ယွင်းကြတာကို နိရောဓသစ္စာ၌ တွေဝေသော အဝိဇ္ဇာဟု ခေါ်သတဲ့။

 ညောင်လေးပင်တောရ ဆရာတော်၏

"ပဋိစ္စသမုပ္ပါဒ် အရသာ" ကျမ်း စာမျက်နှာ (၁၆၄) မှ (၁၆၇) ထိ ကူးယူ ပူဇော်ပါသည်။ ဦးမာနိတ (ကျုံကဒတ်) 22 Feb 2017, 09:03 pm