"သူလိုရဟန်း သူမို့စွမ်းသည်"
ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ- ဆရာတော်ဘုရားက ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီးအား(၈၀)ပြည့်နှစ်တွင် ပူဇော်ခဲ့သော ဆရာတော်ဘုရားကြီး ဂုဏ်တော်များအား ကောက်နှုတ်ပြီး ပြန်လည်ရေးသား၍ တပေါင်းလပြည့်နေ့(၁.၃.၁၈) ကျရောက်မည့် ဆရာတော်ကြီး(၈၁)နှစ်ပြည့်အခါသမယ၌ ဘုရားတပည့်တော် မွေးနေ့ဓမ္မပူဇာအနေဖြင့် ဓမ္မဒါနပြုအပ်ပါသည် ဘုရား။_/\_ _/\_ _/\_ ဒီဓမ္မသဘင်ပွဲမှာ ဆရာတော်ဘုရားကြီးကို ဓမ္မနဲ့အခုလိုလာရောက်ပြီးတော့ ပူဇော်ခွင့်ရတဲ့အတွက် ဘုန်းဘုန်းတို့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ အခုလို ချီးမြင့်ပေးတဲ့ ဆရာတော်ဘုရားကြီးကိုလည်းပဲ ဒီနေရာကနေပြီးတော့ အထူးပဲကျေးဇူးတင် ဝမ်းမြောက်ကြောင်း ဦးညွှတ်ကန်တော့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်မှာခိုလှုံပြီးတော့ ဆရာတော်ဘုရားကြီးရဲ့ ချီးမြောက်မှုကို ခံယူရတာ အတိုင်းမသိ ဂုဏ်ယူဖို့ကောင်းပါတယ်။ တရားနဲ့ ချီးမြင့်ဖို့ တရားဟောပေးဖို့ ဘုန်းဘုန်းတို့ သီတဂူတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကုမာရ လှမ်းပြီးတော့ ဖုန်းဆက်ပါတယ်။ ဆရာတော်ဘုရားကြီးနဲ့တွေ့တော့လည်း ဆရာတော်ဘုရားကြီးက မင်းတရားဟောရမယ်။
"ဆရာတော် မြန်မာပြည်မှာ အတော်ဆုံး အကောင်းဆုံး မဟာဓမ္မကထိကဆရာတော် ဘုရားကြီးရဲ့နေရာမှာ တပည့်တော်လို ပါတီပါချက် ဘာမှ မဟောတတ်တဲ့ ပုဂ္ဂိုလ်က တက်ဟောရမယ်ဆိုတော့ တပည့်တော်မဟောရဲပါဘုရား " လို့ လျှောက်တယ်။ဆရာတော်က ပုလ္လင်ပေါ်တက်ထိုင် မင်းပြောချင်ရာပြော၊ ပြောလို့ ရတယ်တဲ့။Free- ပဲကွ တဲ့။ အဲ့လိုဆိုရင်တော့ ရတယ်ဘုရားလို့ ဟုတ်လား။ ဆရာတော်က ခွင့်ပေးတယ်။
ဘုန်းဘုန်းတို့ ဆရာတော်ဘုရားကြီးကို ကြည်ညိုတဲ့အထဲမှာ ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်ရည်တစ်ခုဟာ အထင်ရှားဆုံးဂုဏ်ရည်ဟာ ဒေသနာဉာဏ်ဖြစ်ပါတယ်။ အဟောအပြော အလွန်တော်တဲ့ဆရာတော်ကြီးပါ။ အသံသြဇာလည်းကောင်းတယ်။နောက်ပြီးတော့ နေရာဒေသအချိန်အခါ ၊ အကြောင်းအရာ လိုက်ဖက်ညီအောင်၊ ဆရာတော်ဘုရားကြီးဟာ ဟောနိုင်စွမ်းရှိတယ်။
၅-မိနစ်ဆိုလည်း ၅-မိနစ်စာ၊မှတ်သားစရာနဲ့ အနှစ်ချုပ်ပြီးတော့ ၊ ကွက်တိ ဟောပြောနိုင်စွမ်းရှိတယ်။ဒီလို ဒေသနာဉာဏ်မျိုးဟာ ပရိသတ်ရေ ပါရမီ-ရှင်မှ ရတာနော်၊ဟုတ်လား။ ဘုန်းဘုန်းတို့ မရဘူး။မဟောနိုင်ပါဘူး။ အဲ့ဒီတော့ ဆရာတော်ဘုရားကြီးရဲ့ ခွေတွေကို နားထာင်ပြီးတော့ ကိုရင်လေး ဘဝထဲက အားကျပြီးတော့လေ ဆရာတော် ဘုရားကြီးရဲ့ ဟောနည်းပြောနည်းတွေကို အတုယူပြီးတော့ လေကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မမှီပါဘူး။ဟုတ်လား။
ဘုန်းဘုန်းတို့ တိပိဋကဓရတွေရဲ့ တရားဟောနည်းကတော့ စာပြန်နေသလိုပဲ။ ပြင်းစရာကောင်းမှာပေါ့လေ။ ဆရာတော်ဘုရားကြီးကို အတုယူပြီးတော့ ဟောနည်းပြောနည်းတွေ ဟောကွက်ပြောကွက်တွေ နောက်ပြီးတော့ ဆရာတော်ကြီးက စာပေတစ်ခုကို ချည်းကပ်တဲ့နေရာမှာ ဆရာတော်ဘုရားကြီးရဲ့ အမြင်ဟာ သူမတူတဲ့ အမြင်ဖြစ်ပါတယ်။ တကယ့်ကို ကြည်ညိုစရာ အံသြစရာကောင်းတဲ့ ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်ကျေးဇူးတွေပြောမယ်ဆိုလို့ ရှိရင် ပြောလို့ မကုန်နိုင်ပါဘူး။
အဲ့ဒီတော့ သီတဂူလမင်းကြီးဟာ မြန်မာပြည်မှာ ထိန်ထိန်လင်းပြီးတော့့ နေပါပြီ။ မြန်မာပြည်တင် မကပါဘူး ကမ္ဘာမှာလည်းပဲ သီတဂူလမင်းကြီးဟာ ထိန်ထိန်လင်းနေပြီ ဖြစ်ပါတယ်။ပကတိ-လ-က လေးကျွန်းလင်းခိုက်မှာ တစ်ကျွန်းတော့ မှောင်မိုက်မှာနော်။၄-ကျွန်းလုံး မလင်းနိုင်ဘူး။ ဆရာတော်ဘုရားကြီးဟူသော သီတဂူလမင်းကြီးကတော့ မေတ္တာအလင်းရောင်တွေ ဓမ္မအလင်းရောင်တွေနဲ့ -၄ -ကျွန်းလုံး လင်းနေပြီလို့။ ဘုန်းဘုန်းတို့ ဒါကို ပြောချင်ပါတယ်။ ယနေ့ဘုန်ဘုန်းတို့ တပည့်သံဃာဒကာ ဒကာမတွေ အားလုံးဟာ မြန်မာပြည်တွင်မက ကမ္ဘာမှာပါ အလင်းရောင်တွေကို ဖြန့်ဝေပေးနေတဲ့ သီတဂူလမင်းကြီးရဲ့ အရိပ်အောက်မှာ ခိုလှိုနေကြတာ ဖြစ်ပါတယ်။ လ-ရောင်ရဲ့ အရိပ်ဟာ အင်မတန်မှ အေးမြပါတယ်။ အင်မတန်မှလည်း ကြည်နူးစရာကောင်းတယ်။ သီတဂူဆရာတော်ဘုရားကြီးဟူသော လ-မင်းကြီး၊ အရိပ်အောက်မှာ ခိုလှုံကြရတာ ဘုန်းဘုန်းတို့ ဒကာဒကာမတွေရဲ့ ကိုယ်စိတ်နှစ်လုံးဟာ၊ ရွှင်ပြုံးအေးချမ်းပြီးတော့ နေကြမှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ သာသနာရေးအတွက်လည်းပဲ ရှေ့တန်းကနေပြီးတော့ မားမားမတ်မတ် ဆောင်ရွက်တော်မူပါတယ်။
လောကအတွက် လောကအတွက်ဆိုတဲ့နေရာမှာ ရပ်ရေးရွာရေး နိုင်ငံရေး လူမှုရေး အမျိုးဘာသာ သာသနာရေးတွေက စပြီးတော့ ဆရာတော်ဘုရားကြီးဟာ ရှေ့တန်းကနေပြီးတော့မှ ပါဝင်ဆောင်ရွက်တော်မူပါတယ်။ တစ်ခေတ်တစ်ပါး ထူးထူးခြားခြားပေါ်ထွန်းတော်မူတဲ့ ဆရာတော်ဘုရားကြီးလို့ ဒီလိုဆိုနိုင်ပါတယ် ပရိသတ်များ။ဟုတ်လား။ ယနေ့နှောင်းခေတ်သာသနာမှာ လောကရော သာသနာရော စံပြအဖြစ်၊ သီတဂူလမင်းကြီးဟာ ထိန်ထိန်သာနေမှာဖြစ်ပါတယ်။ သာသနာကောင်းကင်ယံမှာ သီတဂူလမင်းကြီးဟာ ဆီးနှင်း မြူတိမ် သူရိန်အစိုးခေါ်တဲ့ အညစ်အကြေး အန္တာရာယ်တွေ မရှိပဲနဲ့ လပြည့်ဝန်းကြီးပမာ၊ ထိန်ထိန်သာပြီးတော့ နေတယ်။ ပကတိ-လ- ကမှ အဆုတ်အတက်ရှိသေးတယ် ပရိသတ်၊ လကွယ်ညတွေမှာ ကွယ်သွားမယ် ။ပြီးသွားတော့ တဖြည်းဖြည်းချင်းနဲ့ တက်လာမယ် ပြည့်လာမယ်။ ပြီးတော့ပြန်လျော့သွားမယ်။
သီတဂူ-ဆရာတော်တည်း ဟူသော လမင်းကြီးကတော့ အဆုတ်အတက် မရှိပဲနဲ့ ပကတိ- အမြဲတမ်း ထာဝရ၊ ပြည့်ဝနေတဲ့ လပြည့်ဝန်းကြီး ဖြစ်ပါတယ်။ အဲ့ဒီ လဝန်းကြီးကို တပည့် ဒကာ ဒကာမတွေက ၊ ဘေးပတ်ပတ်လည်မှာ ကြယ်တာရာလေးတွေ အဖြစ်နဲ့ ဘုန်းဘုန်းတို့ ဝန်းရံခစားခွင့် ရတာ အရိပ်ကို ခိုခွင့်ရတာဟာ ပရိသတ်ရေ ဝမ်းမြောက်စရာသိပ်ကောင်းတယ်။ ဂုဏ်ယူစရာသိပ်ကောင်းတယ်။
ဘုန်းဘုန်းတို့ရဲ့ စံပြ Model ပေါ့လေ။ လောကအကျိုး သာသနာအကျိုးတွေကို ဘုန်းဘုန်းတို့ စံပြအနေနဲ့ ဆရာတော်ဘုရားကြီးကို အတုယူပြီးတော့ ကြိုးစားအားထုတ်နေရာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့(၂)-နှစ်က ဇွန်လနောက်ဆုံးနဲ့ ဇူလိုင်လထဲမှာ ဆရာတော်ဘုရားကြီးက ချီးမြောက်လို့ ရုရှားမှာ ဘုန်းဘုန်းတို့ မြန်မာကျောင်းဖွင့်ပွဲ၊ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ပြီးတော့ မြန်မာဗုဒ္ဓဘာသာ ကျောင်းဖွင့်ပွဲမို့လို့ ဘုန်းဘုန်းတို့ သွားရောက်ရပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ချီးမြောက်မှုနဲ့။
အဲ့ဒီကနေမှ တစ်ဆင့် ဥရောပနိုင်ငံတွေကို ဆရာတော်ဘုရားကြီးက ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပြီးတော့ ဘုန်းဘုန်းတို့ကို ဗဟုသုတဖြစ်အောင် လိုက်လံ ပို့ဆောင်ပေးပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံခွင့်ရတာ ဆရာတော်ဘုရားကြီးရဲ့ နောက်တော်ပါးကနေ ခံစားခွင့်ရတာဟာ တကယ်ကို အေးချမ်းလှတယ်။တကယ်ကိုလည်းပဲ ဂုဏ်ယူစရာကောင်းတယ်။ ဆရာတော်ဘုရားကြီး ဆောင်ရွက်တော်မူတဲ့ သာသနာရေးအလုပ်တွေ ၊ နောက်ပြီးတော့ ဆရာတော်ဘုရားကြီးရဲ့ ကြိုးစားအားထုတ်ပုံတွေ ၊ ဆရာတော်ဘုရားကြီးရဲ့ လုပ်ပုံကိုင်ပုံတွေ ၊ ဒါတွေကို ဘုန်းဘုန်းတို့ သင်ယူကြရတာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးက ခရီးသွားရင်းနဲ့ ဘုန်ဘုန်းတို့ကို သင်ပြပေးနေတာ။ အဲ့ဒါတွေကို အတုယူပြီးတော့ ဘုန်းဘုန်းက စာလေးတစ်ခုရေးပါတယ်။ သူလိုရဟန်း သူမို့စွမ်း၏ မစွမ်းကိုယ့်မှာ ကြည်ညိုစွာဖြင့် ပမာစံပြု နေ့တိုင်းရှု၍ လူမှုသာသနာ အားကြိုးပါသည် အားကိုးဦးတင်ပါသည်ဘုရား။ လို့ အဲ့ဒီလိုစာရေးပြီးတော့ ဆရာတော်ကြီးကို တိုင်တည်တာ။ ဆရာတော်ဘုရားကြီးရဲ့ နောက်တော်ပါးက လိုက်ပြီးတော့ ဆရာတော်ကြီးရဲ့ သာသနာပြုလုပ်ငန်းတွေကို ကြည့်ရတာ တကယ့် လူသာမန်တွေ မလုပ်နိုင်တဲ့ လုပ်ငန်းရပ်တွေပဲ ။ အဲ့ဒီမှာ ဟန်ဂေရီနိုင်ငံ ဘူတာပတ်-မြို့ကို ဓမ္မဂိတ်ဆိုတဲ့ ဗုဒ္ဓကောလိပ်ကနေပြီးတော့ ဆရာတော်ဘုရားကြီးကို ပင့်ဆောင်လို့ ဟန်ဂေရီ-နိုင်ငံ ဘူတာပတ်မြို့ကို ရောက်ပါတယ်။
အဲ့ဒီမှာ ဗုဒ္ဓဘာသာဓမ္မဂိတ်ကောလိပ်နဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်တို့ အပြန်အလှန်ကူညီကြဖို့တွေ ကူညီတယ် အပြန်အလှန်လို့တာ ပြောတာပါ သီတဂူဆရာတော်ဘုရားကြီးကတာ ကူညီရမှာပါ။ သူတို့ဆီကို ဆရာတွေလွှတ်ပေးဖို့ အဘိဓမ္မာသင်ပေးဖို့ ဆရာတော်ကြီးကို လျှောက်တာ။ အဲ့ဒီတော့ သူတို့ဆီမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖွင့်လစ်ဖို့ ဆန္ဒရှိတယ်။ ဆန္ဒရှိတော့ ဆရာတော်ဘုရားကြီးက အဲ့ဒီကိစ္စကို အကောင်အထည်ဖော်ပြီးတော့ အဲ့ဒီ ဟန်ဂေရီနိုင်ငံ ဘူတာပတ်-မြို့ရဲ့ ပတ်ဝန်းကျင်မှာ ကျောင်းဖွင့်ဖို့ ဆရာတော်ဘုရားကြီး စဉ်းစားဆုံးဖြတ်ပါတယ်။ ဒီဥရောပမှာ ဗုဒ္ဓဘာသာ သာသနာမပြန့်သေးဘူးတဲ့။ အဲ့ဒီတော့ ဒီဟန်ဂေရီနိုင်ငံဟာလည်းပဲ ဥရောပ-မှာ အလယ်ချက် ဗဟိုနေရာလောက်ကျတယ်။ အဲ့ဒါကြောင့် ဒီနေရာမှာ ကျောင်းလုပ်လိုက်လို့ရှိရင် ဒီနေရာကနေ ဓမ္မအလင်းရောင်တွေ ဥရောပတခွင်ကို ပြန့်နှံ့ပြီးတော့ သွားမယ်။
အဲ့ဒီလို ဆရာတော်ဘုရားကြီးက မိန့်ကြားပြီးတော့ ဒီကလူတွေက ဓမ္မကို ဆာလောင်နေကြတာတဲ့။ အဲ့ဒါကြောင့် သူတို့ဆာလောင်နေတဲ့ ဓမ္မ- ကိုဒို့ကျွေးမယ် ဆိုပြီးတော့ ဆရာတော်ဘုရားကြီးက ဥရောပမှာ ဓမ္မအလင်းရောင် လင်းဖို့ ကြိုးစားနေပါတယ်။ ကမ္ဘာအရပ်ရပ်မှာ သီတဂူလမင်းကြီး လင်းနေပြီး ပရိတ်သတ်ရေ၊ အဲ့ဒီတော့ သီတဂူလမင်းကြီးကို ဘုန်းဘုန်းတို့ ဒကာဒကာမတွေ အားလုံးက ဝန်းရံကြပြီးတော့ ပံ့ပိုးကြဖို့ မလိုဘူးလား။ သီတဂူလမင်းကြီးရဲ့ ဘေးက-ကြယ်တာရာ-လေးတွေအဖြစ်နဲ့ လင်းလက်ခွင့်ရတာ ပရိသတ်ရေ သမိုင်းမှာ အလွန်ဂုဏ်ယူစရာကောင်းတယ်။ လူတိုင်းရော လင်းလက်ခွင့်ရှိသလား။မရှိဘူး။ လူတိုင်းလည်း လင်းလက်ဖို့ အင်အားမရှိဘူး။ ပရိသတ်ရေ ဟုတ်လား။အကြောင်းအကျိုးဆက်စပ်ပြီးတော့ ဆရာတော်ကြီးရဲ့ လရိပ်အောက်မှာ ခုံလှုံခွင့်ရဖို့ဆိုတာ တော်ရုံပါရမီနဲ့ရော ရနိုင်ပါမလား။
အဲ့ဒါကြောင့် အနောက်ဥရောပ ကမ္ဘာမှာ ဓမ္မကို ဆာလောင်နေကြတဲ့ပုဂ္ဂိုလ်တွေ၊ ကမ္ဘာတစ်ဝှမ်းက ဓမ္မကိုဆာလောင်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ဆရာတော်ဘုရားကြီးက ဓမ္မကိုအဆာကျွေးဖို့ ဆရာတော်ဘုရားကြီး အားတက်သရောနဲ့ ကြိုးပမ်းတော်မူပါတယ်။ ဒါကိုကြည့်ပြီးတော့ ဘုန်းဘုန်းတို့က ခုနကလို သူလိုရဟန်း သူမို့စွမ်း၏ မစွမ်းကိုယ့်မှာ ကြည်ညိုစွာဖြင့် ပမာစံပြု နေ့တိုင်းရှု၍ လူမှုသာသနာ အားကြိုးပါသည် အားကိုးဦးတင်ပါသည်ဘုရား။ ဆရာတော်ဘုရားကြီးရဲ့ လုပ်ရပ်မျိုးတော့ ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးမှသာ လုပ်နိုင်ပါမယ်။ ဘုန်းကံအင်မတန်ကြီးမားတော် မူတဲ့ဆရာတော်ဘုရားကြီး။
လုံ့လ-လည်းပဲ အင်မတန်ကြီးမားတော် မူတဲ့ဆရာတော်ဘုရားကြီး။ စေတနာ-သဒ္ဓါတရားလည်းပဲ အင်မတန် ကောင်းတော်မယ်တယ်။ ပေးမယ်ဆိုတာပဲ ဆရာတော်က ဆရာတော်ရဲ့စိတ်က ပေးမယ် လှူမယ် ကူမယ်။ဆရာတော်ကြီးရဲ့ စိတ်ကဒါပဲ။ ပရိသတ်ရေ။ ပေးမယ်။ဘာပေးမလဲ ပစ္စည်းပေးနိုင်သလား လုပ်အားပေးနိုင်သလား တရားပေးနိုင်သလား အသိပေးနိုင်သလား ပေးနိုင်တာ အားလုံးပေးဖို့ ဆရာတော် အသင့်ရှိတယ်။ အဲ့ဒီတော့ ပေးဖို့ လှူဖို့ ကူဖို့ ဆိုပြီး ဆရာတော်ဘုရားကြီးက စဉ်းစားပြီးတော့ သာသနာပြုနေတာ။မအောင်မြင်တဲ့နေရာဆိုတာ မရှိဘူး ပရိတ်သတ်ရေ။
မအောင်မြင်တဲ့အလုပ်ဆိုတာရော ရှိပါ့မလား မရှိဘူး။ဒါမျိုးက ဆရာတော်ဘုရားကြီးမှပဲ စွမ်းနိုင်တယ်။ ဆရာတော်ဘုရားကြီးကို အားကျပြီးတော့ နေ့စဉ် နေ့စဉ် စံထားပြီးတော့ ဆရာတော်ဘုရားကြီးလို လူမှုကူညီမှုတွေလုပ်ရမယ်။ ဆရာတော်ဘုရားကြီးလို သာသနာအလုပ်တွေ လုပ်ရမယ်။ ဆရာတော်ဘုရားကြီး လုပ်ထားတဲ့ လူမှုအလုပ်တွေ လောက သာသနာတော်အတွက် ဆောင်ရွက်ထားတဲ့ အလုပ်တွေကို ကြည့်ပါ။ ပရိသတ်ရေ ရေရှားပါးတဲ့ စစ်ကိုင်းတစ်တောင်ရို်းလုံးမှာ ရေတွေကို ဖောဖောသီသီနဲ့ သမိုင်းကို ပြောင်းပြန်လှန်ပြီးတော့ ရေရှားတဲ့နေရာဟာ ရေပေါတဲ့-နေရာအဖြစ် ပြောင်းလဲပစ်တာ။ သီတဂူဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။ ရေဟာ ရွှေလိုတန်ဖိုးရှိတဲ့နေရာနော် အဲ့ဒီတော့ ဒီလိုလုပ်ငန်းရပ်ကြီးမျိုးဟာ တကယ်ကို မဟာလူသားတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းရပ်၊
အဲ့ဒီတော့ စစ်ကိုင်းတောင်မှာ သီတင်းသုံးတော်မူကြတဲ့ နေထိုင်တော်မူကြတဲ့ သံဃာတော်အရှင်သူမြတ်များရော ဆရာလေးများရော ယောဂီ-များရော ဒါအသိဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ သီတဂူအာယုဒါန-ဆေးရုံတော် ဆေးကုသမှုတွေ ကျန်းမာရေးဆောက်ရှောက်မှုတွေ လှူပေးနေတယ်အသက်အလှူတွေ လှူပေးနေတယ်။မှန်ရဲ့လား ပရိတ်သတ်ရေ။ ဒီစစ်ကိုင်းတောင် ဆေးရုံတင်မကပါဘူး မြန်မာပြည်တစ်ဝန်းလုံးမှာ သီတဂူစက္ခုဒါန ဆေးရုံတွေ ။စောစောက ဆရာတော်ဘုရားကြီးကို ဝတ်ဖြည့်ရင်း ဆရာတော်ဘုရားကြီး မိန့်နေတာ လာမယ့် ဧပြီလ-၂ ရက်နေ့မှာ မကွေးမှာ သီတဂူစက္ခုဒါန ဆေးရုံ (၃၂)လုံးမြောက် ဖွင့်မယ်တဲ့။
၃၂-လုံးမြောက်ဖွင့်မယ်။ပြီးရင် ပခုက္ကူမှာဖွင့်မယ်။ ၃၃-လုံးမြောက်ဖြစ်သွားပြီ။ အဲ့ဒီတော့ မြန်မာပြည်တစ်ဝှမ်းမှာ သီတဂူအလင်းတွေ ရကုန်ပြီ ပရိသတ်ရေ။ သီတဂူဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတော်ကြောင့် မြန်မာပြည်တစ်ဝှမ်းလုံးမှာ အလင်းမရတဲ့ပုဂ္ဂိုလ်တွေ အလင်းရကုန်ကြပြီ။ ပကတိ-မျက်စိအလင်းတွေ ရကုန်ကြပြီ။ အဲ့ဒီကမှ တစ်ဆင့် ပရိသတ်ရေ ဓမ္မအလင်းတွေရော မရဘူးလား။
အဲ့ဒီတော့ ပရိသတ်ရေ ဆရာတော်ဘုရားကြီးလို မဟာ-လူသားမှပဲ ဆောင်ရွက်နိုင်မယ် ဘုန်းဘုန်းတို့ မနည်းကြိုးစားယူရမယ်။ သူလိုရဟန်း သူမို့စွမ်း၏ မစွမ်းကိုယ့်မှာ ကြည်ညိုစွာဖြင့် ပမာစံပြု နေ့တိုင်းရှု့၍ လူမှုသာသနာ အားကြိုးပါသည် အားကိုးဦးတင်ပါသည်ဘုရား။ လို့ ဆရာတော်ဘုရားကြီးကို ကန်တော့ပန်ဆင်တာ ဖြစ်ပါတယ်။ နောက်နောင် လူမှုသာသနာ လောကနဲ့သာသနာတော်အတွက် ညီတော်များအတွက် မျိုးဆက်သစ် သံဃာတော်များအတွက် ဆရာတော်ဘုရားကြီးဟာ စံပြဖြစ်ပါတယ်။ လောကအကျိုးတွေကို ဒီလို လုပ်ရတယ်။ သာသနာအကျိုးတွေကို ဒီလို ဆောင်ရွက်ရတယ်လို့ ရှေ့ကနေပြီးတော့ လမ်းဖောက်ပြီးတော့ ပြနေတာ ဖြစ်ပါတယ်။ အေးဒါကြောင့်မို့ ဆရာတော်ဘုရားကြီးကို ဘုန်းဘုန်းတို့ အမြဲတမ်း ကြည်ညိုဦးခိုက်ပြီးတော့ ဆရာတော်ဘုရားကြီးကို ဝန်းရံကြပါလို့ ဘုန်းဘုန်းတို့ ဒါကို တိုက်တွန်းချင်ပါတယ်။
အဲ့ဒီတော့ ဘုန်းဘုန်းတို့ ဒကာဒကာမတွေအားလုံးရဲ့ နှလုံးသားမှာ ပရိသတ်ရေ သီတဂူတံဆိပ်တွေ ကပ်နှိပ်ထားဖို့ လိုတယ်။ ခပ်နှိပ်လည်း ခပ်နှိပ်ပြီးကြပါပြီ။မြန်မာပြည်တစ်ဝှမ်းလုံး ကမ္ဘာမှာရော ဗုဒ္ဓဘာသာဝင်တွေရဲ့ ရင်ဘတ်မှာ သီတဂူတံဆိပ်ဟာ ရောက်ပြီးတော့နေပြီ။ သီတဂူတံဆိပ် ခပ်နှိပ်ပြီးတော့ ထားပြီးကြပြီ။ သီတဂူလမင်းကြီးရဲ့ဘေးမှာ မိမိတို့ ကြယ်တာရာအဖြစ် ပါဝင်ပြီးတော့ အလင်းပေးခွင့်ရနေကြပြီ ။အဲ့ဒီတော့ သီတဂူတံဆိပ် ရင်မှာ ခပ်နှိပ်ပြီးတော့ ထားပါ။ သီတဂူရဲ့ အေးရိပ်မှာ ချွေးသိပ်ပြီးတော့ နားခိုကြပါ။
သီတဂူရဲ့အရိပ်မှာ ချွေးသိပ်နားခိုရင်းနဲ့ သီတဂူလမင်းကြီးကို ဝန်းရံအားပြုကြပြီးတော့ သီတဂူဆရာတော်ဘုရားကြီးရဲ့ သာသနာအကျိုးပြု လောကအကျိုးပြုလုပ်ငန်းတွေမှာ ကိုယ်စွမ်းရာကနေပြီး ပါဝင်ဆောင်ရွက်ကြပါ ဒါလေးကိုလည်းပဲ ဘုန်ဘုန်းတို့က တိုက်တွန်းပါတယ်။ သီတဂူဆရာတော်ဘုရားကြီးတို့လို တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်နောက်ကို လိုက်ရတာ မချမ်းသာဘူးလား။ ပရိသတ်ရေ။ တကယ့်ကို အေးချမ်းတယ်။ဆရာတော်ဘုရားကြီးအနီးအနားမှာ တကယ့်ကို ဝန်းရံနေကြတဲ့ တပည့်ဒကာဒကာမ တွေက ဒါပိုသိမှာပါ။
ဘုန်းဘုန်းတို့က အင်္ဂလန်မှာ (၃)နှစ်ခွဲ ဆရာတော်ကြီးရဲ့ မေတ္တာရိပ်မှာ ခိုလှုံပြီးတော့ ABC -သင်ဖူးတယ်။ဆရာတော်ဘုရားကြီးရဲ့ အထောက်အပံ့ နိုင်ငံတော်အစိုးရရဲ့ အထောက်အပံ့ နိုင်ငံတော်အစိုးရကတော့ ဖြစ်ညှစ်မှ တစ်ဝက်လောက်ပေါ့။ဆရာတော်ဘုရားကြီးက အပြည့်ထောက်ရတာ။ဒီမှာ အင်္ဂလန်က ဆရာတော်ကြီးတွေ ပါပါတယ်။ အဲ့ဒီတော့ ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရိပ်မှာ ဘုန်းဘုန်းတို့က (၃)နှစ်ခွဲနေပြီးတော့ အဲ့ဒါ ABC -သင်ဖူးတယ်။အဲ့ဒါတော့ ဘုန်းဘုန်းတစ်ပါးပဲ ရှိလိမ့်မယ်ထင်တယ်နော်။ ကျန်တဲ့ဆရာတော်တွေကတော့ BA တို့ MA တို့ Ph.D တို့ ဒါတွေ ပြီးသွားပြီးမှ ဟိုမှာ သွားသင်ကြတာ။
ဘုန်းဘုန်းက တိပိဋကပြီးမှ ABC -သွားအော်ရတာ။ ပိဋကတ်(၃)ပုံ ကျက်တာ ခေါင်းမဖြူဘူး။ ABC -ကျက်တာ ဆံပင်ဖြူ ပြန်လာတယ်။ အတော်ခက်တာပဲ ခေါင်းဖြူ ပြန်လာတာ။ ဆရာတော်က မေးတယ်။မင်း အလုပ်ဖြစ်ရဲ့လား ဆရာတော် အလုပ်ဖြစ်ဖို့ သုံးလို့ရဖို့ဆိုလို့ရှိရင်တော့ တပည့်တော် အင်္ဂလန်တစ်သက်လုံးနေရမယ်ဘုရားလို့ ။ အဲ့ဒီတော့ ဆရာတော်ကြီးရဲ့ မေတ္တာရိပ်မှာ နေပြီးတော့ စာသင်ရတာ မေတ္တာရိပ်ခိုလှုံရတာ အလွန်ချမ်းသာပါတယ်။
သီတဂူဆရာတော်ဘုရားကြီးရဲ့ တကယ့်ခေါင်းဆောင်ကောင်းပီသစွာနဲ့ ရှေ့ကနေပြီး လောကသာသနာအတွက် ဆောင်ရွက်အားထုတ်ပြီး နေတဲ့အခါ ဘုန်းဘုန်းတို့ တပည့်သံဃာတော်တွေအားလုံးက ဆရာတော်ဘုရားကြီးရဲ့ နောက်မှာ အားကိုးယုံကြည်စွာနဲ့ ဆရာတော်ဘုရားကြီးရဲ့ ဘေးမှာ ဝန်းရံနေကြဖို့ လိုတယ်။ အဲ့ဒီတော့ သီတဂူတံဆိပ် လူတိုင်းရဲ့ ရင်မှာ ခပ်နှိပ်ကြပါ။ ဒါလေးကို ဘုန်းဘုန်းတို့ တိုက်တွန်းပါတယ်။ ကဲ ဒါလေး ကို အားလုံး လိုက်ဆိုကြပါ။ သီတဂူတံဆိပ် ခပ်နှိပ်ရင်မှာ သီတဂူအေးရိပ် ချွေးသိပ်ကြပါ။
သီတဂူအားပြု ပေါင်းစုခါခါ။ သီတဂူအတွက် ဝန်းပတ်ခြံရံပါ။ သီတဂူတံဆိပ် ခပ်နှိပ်ရင်မှာ သီတဂူအေးရိပ် ချွေးသိပ်ကြပါ။ သီတဂူအားပြု ပေါင်းစုခါခါ။ သီတဂူအတွက် ဝန်းပတ်ခြံရံပါ။ သီတဂူတံဆိပ် ခပ်နှိပ်ရင်မှာ သီတဂူအေးရိပ် ချွေးသိပ်ကြပါ။ သီတဂူအားပြု ပေါင်းစုခါခါ။ သီတဂူအတွက် ဝန်းပတ်ခြံရံပါ။ သာဓု သာဓု သာဓု ရွှေစင်တိပိဋကဓရဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ Happy Birthday ပါဆရာတော်ကြီးဘုရား သာသနာ့တာဝန် လောကအကျိုးပြုတာဝန်တွေ ဆောင်ရွက်ရာတွင် ၊ ပင်းပန်းမှုတွေ လျော့နည်းပြီး ကိုယ်ခန္ဓာမျှမျှတတရှိပါစေ ဆရာတော်ကြီးဘုရား။ ဘုရားတပည့်တော် မွေးနေ့ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။