သဘာဝဓမ္မ ဗျာပါရကင်းလေ၏
ကလင်..ကလင်..ကလင်..။ စာအုပ်ဖတ်၍ စဉ်းစားခန်းဝင်နေစဉ် ဖုန်းဝင်လာ သည်။ နံပါတ်ကို ကြည့်လိုက်၏။ သြော် . .မိတ်ဆွေ ဟောင်းကြီး ဦးဓမ္မဓရပါလား။ ဆွေးနွေးစရာကိစ္စ ရှိလာ ပြန်ပြီထင်ပါ့။ ဖုန်းကိုင်၍ စပီကာကိုဖွင့်လိုက်သည်။ ''ကဲ . .ပြော၊ ဘာဆွေးနွေးစရာရှိလာပြန်ပြီလဲ'' ''ဟား ဟား ဟား၊ ပညာသီရိက တပည့်တော် ဖုန်းသံကြားတာနဲ့ကို အတပ်သိနေပါလား'' ''သိနေတယ်လေ၊ မိတ်ဆွေဟောင်းကြီးတွေပဲ'' ''ဟုတ်တယ် ပညာသီရိ၊ တစ်ခုခု သိချင်လာရင် အနီးနားမှာ ဆွေးနွေးပေးမယ့်သူက မရှိတော့ ပညာသီရိပဲ အားကိုးနေရတာ''''ဆိုပါဦး၊ ဘာအကြောင်းလဲ'' ''ဒီလို ပညာသီရိရာ၊ခုခေတ်မှာ ပဋိစ္စသမုပ္ပာဒ်က အရမ်းခေတ်စားတာမလား၊ တပည့်တော်တွေးမိတာက ပဋိစ္စသမုပ္ပာဒ်မှမသိရင် တရားအားထုတ်လို့မရနိုင်တော့ ဘူးလား'' ''ကိုယ်တော် ဘယ်လိုထင်လို့လဲ'' ''ပညာသီရိကိုမေးတာလေ၊ပညာသီရိ အရင်ဖြေ'' ''တပည့်တော်ရဲ့ အဖြေကတော့ မရဘူး၊ ပဋိစ္စ သမုပ္ပာဒ်ကို သိကိုသိရမယ်''
''ဒါဆို စောဒကတက်ကြည့်မယ်၊ တချို့ တရား စခန်းတွေမှာ စက်ဝိုင်းကြီးထောင်ပြီး ပဋိစ္စသမုပ္ပာဒ်မပြ ကြဘူး၊ သီးသန့်လည်း မဟောကြဘူး၊ တပည့်တော် ကိုယ်တိုင်လည်း အဲဒီလိုစက်ဝိုင်းကြီးနဲ့ မရှင်းတတ်ဘူး၊ ပညာသီရိပြောသလိုဆို အဲဒီတရားစခန်းတွေ တရား မရနိုင်ကြတော့ဘူးလား၊ တပည့်တော်လည်း မရနိုင် တော့ဘူးလား၊ ပညာသီရိအဖြေကို တပည့်တော် လက်ခံလို့မရဘူး''
''ကိုယ်တော်က ကောက်ချက်ဆွဲလွယ်တာကိုး'' ''တပည့်တော်က ပဋိစ္စသမုပ္ပာဒ်လို့ပြောလိုက်တာ နဲ့ ကိုယ်တော်က စက်ဝိုင်းကြီးပြေးမြင်ပြီး အဝိဇ္ဇာပစ္စယာ သင်္ခါရာတွေကို ဆိုလိုလိုက်တယ်လို့ ထင်သွားတယ်'' ''ဒါ မဟုတ်ဘူးလား'' ''ဒီလိုရှိတယ်၊ ပဋိစ္စသမုပ္ပာဒ်ဆိုတာ အကြောင်းနဲ့ အကျိုးလည်ပတ်ပုံကို ဟောထားတာမလား၊ ဒီတော့ သံသရာနဲ့ချီပြီး မိမိခန္ဓာအကြောင်း ပြောထားတာပဲ၊ ဘုရားရှင်ဟာ အကြောင်းအကျိုးသဘောကို ဟောတဲ့ အခါ သစ္စာနည်းသည် အကျဉ်း၊ ပဋိစ္စသမုပ္ပာဒ်သည် အလယ်၊ ပဋ္ဌာန်းသည် အကျယ်လို့ ပါချုပ်ဆရာတော် ဟောဖူးတယ်''
''ပဋိစ္စသမုပ္ပာဒ်မှာ သံသရာပဋိစ္စသမုပ္ပာဒ်၊ ခန္ဓာ ပဋိစ္စသမုပ္ပာဒ်လို့နှစ်မျိုးခွဲကြတယ်၊သံသရာပဋိစ္စသမုပ္ပာဒ် ဆိုတာ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ အစရှိသဖြင့်ပေါ့လေ၊ အကြောင်းတစ်လွှာ အကျိုး တစ်လွှာဟောထားတယ်၊ အဲဒီလို အပြည့်အစုံကို အချို့ သက်ကြီးရွယ်အိုတွေ မှတ်ဖို့ ခက်ကောင်းခက်မယ်'' ''သီးသန့်မလေ့လာတဲ့လူတွေလည်း အပြည့်အစုံ နားလည်မှာ မဟုတ်ဘူး၊ ကိုယ်တော်လိုပေါ့၊ ဒါပေမဲ့ ပဋိစ္စသမုပ္ပာဒ်မူတည်ပြီးပြတဲ့တရားစခန်းတွေမှာ ဒါတွေ ကို နားလည်အောင် သုတ္တန်ဝတ္ထုကြောင်းအဖြစ်အပျက် လေးတွေ ဟော၊ မိမိခန္ဓာနဲ့ယှဉ်ပြီး ပဋိစ္စသမုပ္ပာဒ် တရားကိုယ်ကောက်ပြနဲ့ လွယ်ကူသွားတာပေါ့၊ အင်မတန် ကောင်းတဲ့နည်းတွေပါပဲ''
''အဲဒီလိုမပြဘဲ ရှုကွက်ကိုပေး၊ ရှုခိုင်း၊ ဟောတရား လေးတွေနဲ့ ရှင်းပြတဲ့ စခန်းတွေလည်း ရှိပါတယ်။ တပည့်တော် အဲဒီတရားစခန်းတွေကို ဝင်လေ့လာဖူး တယ်၊ဒါလည်း ကောင်းတာပဲ'' ''ပညာသီရိ စကားက နှစ်မျိုးဖြစ်နေပြီနော်၊ပဋိစ္စ သမုပ္ပာဒ်သိမှ တရားအားထုတ်လို့ဖြစ်မယ်လည်း ပြော သေးတယ်၊ အခုပြောတဲ့ ပဋိစ္စသမုပ္ပာဒ်မပြဘဲ ရှုကွက် ပေးပြီး ဟောတရားနဲ့ ညွှန်ပြတဲ့ နည်းတွေလည်း ကောင်းတယ် ပြောလိုပြော ဖြစ်နေပြီ'' ''လောလှချည်လား ငါ့ရှင်ရယ်၊ ပညာသီရိ စာရေး ဆရာဆိုတာ မေ့နေပြီထင်တယ်၊ လာမှာပေါ့ ပွိုင့်ကို၊ အဲဒီအတွက် စကားတည်နေတယ်လေ၊ကဲ-ကိုယ်တော့် ကိုမေးတော့မယ်၊ ဖြေပေးပါ'' ''မေးလေ'' ''ကိုယ်တော် အာနာပါနအခြေတည် အားထုတ် လား'' ''မထုတ်ဘူး၊ တရားစမှတ်ပြီဆိုကတည်းက ခန္ဓာ ကိုယ်မှာ ဘာပေါ်ပေါ် သတိထားပြီး လိုက်ကြည့်နေ လိုက်တယ်၊စိတ်က အမြဲတမ်းနီးပါး သတိကပ်တဲ့အကျင့် ရနေပြီဖြစ်လို့ ခန္ဓာကိုယ်မှာ ဖောက်ပြန်မှုမျိုးစုံကို တွေ့ လာရတာပဲ''
''ကောင်းပါတယ်၊ကိုယ်တော်က ဉာဏ်ရည်ထက် တာပဲ၊ဓမ္မာနုပဿနာ တိုက်ရိုက်ပွားလို့ရနိုင်ပါတယ်၊ထပ် မေးမယ်၊ ခန္ဓာမှာ ဖောက်ပြန်မှု ဆိုတာကို ဘာကြောင့် သိလဲ'' ''ဖောဋ္ဌဗ္ဗဓာတ်တွေ ထိခိုက်မိလို့ ကာယဝိညာဏ် က သိလိုက်တယ်၊ ထိသိသတိပေါ့'' ''အကြောင်းအကျိုးခွဲပြောရင်ကော'' ''ဖောဋ္ဌဗ္ဗဓာတ်တွေ ထိခိုက်မိမှုက အကြောင်း၊ ပေါ်လာတဲ့ နာမ်တရားက အကျိုး'' ''ဒါဆို အကြောင်းအကျိုးမကင်းဘူးပေါ့'' ''ဘယ်ကင်းမလဲ ပညာသီရိရဲ့'' ''အဲဒါ ပဋိစ္စသမုပ္ပာဒ်ပေါ့ ဓမ္မဓရရဲ့၊ ဘုရားရှင်ရဲ့ တရားတော်ကို အရှင်အဿဇိမထေရ်ဆီက ကြားခဲ့ကြ တဲ့ အဂ္ဂသာဝကကြီးတောင် 'ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတာ အာဟ။ တေသဥ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော'ဆိုတဲ့အကြောင်း အကျိုးသစ္စာပြတဲ့ ဒေသနာအကျဉ်းနဲ့ သောတာပန်ဖြစ် သွားခဲ့တာမလား၊ ဒီအချိန်မှာ အဝိဇ္ဇာပစ္စယာသင်္ခါရာ စသည် အကျယ်ဆင်ခြင်တာ မဟုတ်ဘူးလေ၊ ဒီဂါထာ ကို ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ ပဋိစ္စသမုပ္ပာဒ်အကျဉ်းချုပ် ပြတဲ့ဂါထာလို့ယူရမှာဖြစ်ကြောင်း မဟာစည်ဆရာတော် ဘုရားကြီးရဲ့ကျမ်းမှာ တွေ့ရတယ်''
''သြော် . .ဒါဆိုလိုတာလား၊ အစကတည်းက ပြောလိုက် ပြီးရော ပညာသီရိရယ်'' ''ပြောခဲ့ပါပကော၊ ပညာသီရိက စာရေးဆရာပါ လို့၊ ကိုယ်တော်နဲ့ ဆွေးနွေးတိုင်း တပည့်တော် ဆောင်းပါးတစ်ပုဒ် ရတယ်လေ၊ ဒါကိုလည်း စာရေးမှာ ဖြစ်တဲ့အတွက် နည်းနည်းပေရှည်ခဲ့တာပါ၊ ကဲ . . ဆက်ပြောကြဦးစို့'' ''ကိုယ်တော် ပဋိစ္စသမုပ္ပာဒ်လည်ပုံကို ဒါထက်မက သိထားပြီးသားပါ၊ မျက်စိနဲ့အဆင်းကို အကြောင်းပြု ပြီး မြင်စိတ်ဖြစ်တယ်၊ ထိုသုံးခု ဆုံမိခြင်းကြောင့် ဖဿ ဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်၊ ဝေဒနာ ကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ဥပါဒါန်ဖြစ် တယ်၊ ဥပါဒါန်ကြောင့် ကံတွေလုပ်တယ်၊ ကံကြောင့် အကျိုးဘဝတွေရတယ်ဆိုတာ ကိုယ်တော်သိပြီးသားပဲ၊ ယောဂီတွေ ဒီလောက်တော့ သိထားသင့်တယ်'' ''အင်း- ခုလို အကြောင်းအကျိုးသဘောကို တပည့်တော်သိထားပါတယ်'' ''ဒါဟာ လက်ငင်းသိနိုင်တဲ့ ခန္ဓာပဋိစ္စသမုပ္ပာဒ်ပဲ ပေါ့'' ''ပဋိစ္စသမုပ္ပာဒ်ပြတ်အောင် ဝေဒနာက ဖြတ်လို့ ဆရာတွေ သင်ကြတယ်မလား၊ဒါဟာ တဏှာကိုမဆက် စေဖို့လေ၊တဏှာမဆက်ရင် နောက်ဆက်တွဲတွေမလာ တော့ ဘဝဒုက္ခတွေငြိမ်းတာပေါ့'' ''ပဋိစ္စသမုပ္ပာဒ်မှာ အဝိဇ္ဇာကိုမူလအကြောင်းအဖြစ် အစထားဟောထားတာဟာ အဝိဇ္ဇာက အစပထမလို့ ပြောလိုတာမဟုတ်ဘူး၊ ပဓာနအကြောင်းအဖြစ်ဟော ထားတာ၊ အဝိဇ္ဇာမှာလည်း အာသဝဆိုတဲ့့အကြောင်း က ရှိသေးတယ်၊ ပါချုပ်ဆရာတော်ရဲ့ပဋိစ္စသမုပ္ပာဒ်ကို မြန်မာပြန် ရှင်းပြပုံကို တပည့်တော် သိပ်သဘောကျ တယ်'' ''ဘယ်လိုပြန်ထားလို့လဲ'' ''ပဋိစ္စသမုပ္ပာဒ်ဆိုတာ အကြောင်းတစ်ခုကို မှီ၍ အကျိုးတရားတစ်ခုကို ဖြစ်ပေါ်စေသော အကြောင်း တရားတဲ့။ ဒီစကားဟာ အားလုံးခြုံမိအောင် ဉာဏ်ရှင်း တယ်လို့ခံစားမိတယ်၊
ဥပမာ-လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်မှာ လက်ခလယ်သည် လက်ညှိုးကိုမှီ၍ လက်သူကြွယ်ကို ဖြစ်ပေါ်စေသော အကြောင်းတရား ဖြစ်တယ်ဆိုပါစို့။ ဒီတော့ လက်ခလယ်ကြောင့် လက်သူကြွယ်ဖြစ်တယ်ဆိုပေမဲ့ လက်ခလယ်ကလည်း မူလအကြောင်း မဟုတ်ပြန်ဘူး၊သူကလည်း လက်ညှိုးကို ပြန်အကြောင်းပြုပြီးမှ ဖြစ်လာရတာ၊ ဒါဆို အကြောင်း အကျိုးပတ်လည်သဘောကို ချက်ချင်းဉာဏ်မိတယ်လို့ တပည့်တော် ခံစားရတယ်'' ''ပညာသီရိဥပမာလေးကလည်း မြင်လွယ်ပါတယ်'' ''တပည့်တော် ထပ်ပြောမယ်၊ ကိုယ်တော် သိပြီး သားဆိုလည်း သည်းခံနားထောင်၊ ဖုန်း ဘေကုန်ရင် တပည့်တော်လှူမယ်''
''ရပါတယ် ပညာသီရီရယ်၊ ပြောသာပြော၊ ပညာသီရိပြောရင် ဗဟုသုတရပြီးသားမို့ နားထောင် ချင်လို့ကို ဖုန်းဆက်တာ'' ''တရားအားထုတ်တဲ့အခါမှာ သံသယမဖြစ်အောင် ရှင်းသင့်တာတော့ အရင်ရှင်းရမယ်၊ ဒါမှအားထုတ်တဲ့ အခါ လွယ်ကူပြီး ဉာဏ်အသိ ပိုအဆင့်မြင့်လာမှာ၊ သင်လို့ သိထားတဲ့အသိထက် ပိုလေးနက်လာမယ်'' ''ပဋိစ္စသမုပ္ပာဒ်နဲ့တရားအားထုတ်တာကို ပြောနေ တာဖြစ်တဲ့အတွက် သိထားသင့်တဲ့အချက်ကို တပည့် တော်ပြောမှာ၊ညောင်လေးပင်ဆရာတော်ဘုရားကြီးက ပဋိစ္စသမုပ္ပာဒ်ကိုလေ့လာတဲ့အခါ ဘာသံသယမှ မဖြစ် သေးရင် ပဋိစ္စသမုပ္ပာဒ်ကို နားမလည်သေးဘူးတဲ့''
''ဟုတ်တယ် ပညာသီရိ တပည့်တော်လက်ခံတယ်၊ စောစောက ပြောသလို အဝိဇ္ဇာပစ္စယာသင်္ခါရာ စသည် မှာ အဝိဇ္ဇာရဲ့အလုပ်တွေဖြစ်တဲ့ သစ္စာလေးပါးမသိတာ တွေ ဘာတွေ အကျယ် တပည့်တော်မသိပေမဲ့ အားထုတ်တဲ့ ခန္ဓာပဋိစ္စသမုပ္ပာဒ်မှာ တပည့်တော် တစ်ခါ တလေ ငါမကင်းသလိုခံစားတယ်'' ''အင်း-ဖြစ်တတ်ပါတယ်၊ ပဋိစ္စသမုပ္ပာဒ်မှာ နည်း လေးနည်းဆိုတာရှိတယ်၊ ဒါကို တပည့်တော်ရဲ့ဆရာ တစ်ပါးကတော့ ုနပ ပဲကွ၊ ဒါကို သိကို သိထားရမယ်၊ ဒါမှ ပဋိစ္စသမုပ္ပာဒ်ကို ဘဝင်ရှင်းရှင်းနဲ့ နားလည်မယ် တဲ့၊
နည်းလေးနည်းဆိုတာကတော့ - (၁) ဧကတ္တနည်း - တစ်စပ်တည်းယူနည်းပေါ့။အဝိဇ္ဇာ ပစ္စယာသင်္ခါရာဆိုရင် အဝိဇ္ဇာက သပ်သပ်၊ သင်္ခါရ က သပ်သပ်ခွဲမယူရဘူး၊ ခွဲယူရင် ဥစ္ဆေဒဒိဋ္ဌိဖြစ် တယ်၊ သရက်စေ့စိုက်လို့ သရက်ပင်ပေါက်တာမှာ သရက်စေ့က သပ်သပ်၊ သရက်ပင်က သပ်သပ် ယူလို့မရသလိုဘဲ၊ သရက်စေ့ကို စိုက်လိုက်လို့သာ သရက်ပင်ပေါက်လာတာဖြစ်တယ်၊ ခွဲယူခဲ့ရင် ကံပြုသူက တစ်ယောက်၊ ကံအကျိုးခံစားသူက တစ်ယောက်လို့ ပြောသလို ဖြစ်သွားလိမ့်မယ်။ အာနာပါနနည်းနဲ့အားထုတ်တဲ့အခါ လေကို ရှူထုတ်လိုက်ရင် ဝါယောသဘောတွေတွန်းထွက် သွားမယ်၊ ရှိုက်ထုတ်လိုက်ရင် တွန်းထွက်လာမယ်၊ ရှူလိုက်တိုင်း၊ ရှိုက်ထုတ်တိုင်း အသစ်အသစ်ရုပ် သဘောတွေဖြစ်လာပေမဲ့ ရှေ့ကရုပ်နဲ့နောက်က ရုပ်ဟာ အကြောင်းအကျိုးတစ်စပ်တည်းပဲ။
ကိုယ်တော်က ခန္ဓာကိုယ်ကို အထိုင်ချရှုတယ် ဆိုတော့ ခန္ဓာမှာ ရွရွမွမွ၊ တအိအိ၊ တဖြုန်းဖြုန်း တွေ့လာရင် သတိဉာဏ်က လိုက်သိနေမယ်၊ထပ်ခါ ထပ်ခါ ဖြစ်လာနေတဲ့ ရုပ်တွေမှာ ရှေ့က ရုပ်နဲ့ နောက်က အသစ်ဖြစ်လာတဲ့ရုပ်ဟာ အကြောင်း မကင်းတဲ့ တစပ်တည်းဖြစ်တယ်။ သိနေတဲ့ဉာဏ် မှာလည်း ရှေ့ကရုပ်နဲ့အတူဖြစ်လာတဲ့ နာမ်တရား နဲ့ နောက်ကရုပ်နဲ့အတူ ထပ်ဖြစ်လာတဲ့နာမ်တရား ဟာလည်း သပ်သပ်စီမဟုတ်ဘူး တစ်စပ်တည်းပဲ၊ ဒီနေရာမှာ တစ်စပ်တည်းနဲ့တစ်ကောင်တည်း မတူ ဘူးနော်၊ ဒီဧကတ္တနည်းကိုနားလည်ပေမဲ့ ဖြစ်လာ နိုင်သေးတာက တစ်စပ်တည်းဖြစ်နေရင် သဿတ ဒိဋ္ဌိ မဖြစ်နိုင်ပြန်ဘူးလားလို့ တွေးစရာဖြစ်လာမယ်၊ သာတိရဟန်းလိုပေါ့၊မြတ်စွာဘုရားက ဇာတ်တော် တွေ ဟောတဲ့အခါ ဘုရားရှင်ဟာ တစ်ဘဝပြီး တစ်ဘဝဖြစ်လာတာမှာ ရုပ်ဘဝတွေတော့ ကျန် ခဲ့ပြီ၊ဝိညာဏ်စိတ်လေးက တစ်ဆက်တည်းဖြစ်နေ တယ်လို့ သဿတအယူကိုယူဆသွားတယ်၊ဒါကို နောက်တစ်နည်းနဲ့ထပ်ရှင်းမယ်။
(၂) နာနတ္တနည်း - ခွဲယူနည်းပေါ့။ အဝိဇ္ဇာပစ္စယာ သင်္ခါရာမှာ အဝိဇ္ဇာသည် ဖြစ်စေတဲ့ အကြောင်းတစ်ခု၊ သင်္ခါရသည် ဖြစ်စေတဲ့ အကြောင်းတစ်ခုသာဖြစ် တယ်၊သူ့အလုပ်နဲ့သူ သပ်သပ်စီခွဲယူရတယ်၊သရက် စေ့ကိုစိုက်ရမှာ သရက်စေ့က အကြောင်းသပ်သပ် ပဲ၊သရက်ပင်က သပ်သပ်ပဲ၊သရက်စေ့ ချုပ်ပျောက် မှသာ သရက်ပင်ပေါက်တာ၊ မတူတော့ဘူး။ အာနာပါနအားထုတ်ရင်လည်း ရှူထုတ်စိတ် ကြောင့် ဖြစ်လာတဲ့ ရုပ်တွေမှာ တစ်ဆက်တည်း တစ်လုံးတည်းဖြစ်နေတာမဟုတ်ဘူး၊ နာမ်တရား မှာလည်း တစ်ခုတည်းမဟုတ်ဘူး၊ တစ်ခုချုပ်ပြီး မှ တစ်ခုဖြစ်တာ၊ ဘုရားရှင်ရဲ့ဘဝဖြစ်စဉ်တော်မှာ လည်း မဟောသဓာက သပ်သပ်ချုပ်ပျောက်ခဲ့ပြီး မှ အခု ဘုရားဘဝခန္ဓာက သပ်သပ်ရလာတာပဲ။ ဘာမှပါမလာဘူး၊ ဘာမှပါမလာဘူးလို့ ဆိုလိုက်တဲ့ အတွက် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားနိုင်လို့ မဖြစ်ရလေ အောင် ဧကတ္တနည်းက ပြန်ထိန်းပေးထားတာ။
(၃) အဗျာပါရနည်း - ကြောင့်ကြမှုကင်းခြင်းပေါ့။ သဘောက အဝိဇ္ဇာပစ္စယာသင်္ခါရာမှာ အဝိဇ္ဇာက သင်္ခါရကိုဖြစ်မဖြစ်စေဘူး၊သင်္ခါရဖြစ်ပါစေလို့ လုပ် ပေးလိုက်တာမဟုတ်ဘူး၊ ဒီနေရာအရေးကြီးတယ်။ ယောဂီတွေ ဒီနေရာကို အသေအချာသဘောပေါက် ချင်မှ ပေါက်မယ်၊ဆရာက တိုင်ပေးလို့ လိုက်သာ ဆိုနေရတာ။ အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရဖြစ်စေတယ်ဆိုရင် အဝိဇ္ဇာက သင်္ခါရကိုဖြစ် အောင် လုပ်ပေးလိုက်တယ်လို့ ထင်တတ်တယ်။ တရားအားထုတ်တဲ့အခါမှာ ပိုသိတယ်'' ''ဟုတ်တယ် ပညာသီရိ၊တပည့်တော်လည်း အဲဒါ ကို ပြောချင်တာ၊ တရားရှုတာမှာတောင် ငါက ရှုနေ တယ်ဆိုတဲ့အသိတွေရှိနေကြသေးတယ်'' ''သရက်စေ့ကိုစိုက်လိုက်လို့ သရက်ပင်ပေါက်တာ မှာ သရက်စေ့က သရက်ပင်ကိုပေါက်ပါ ပေါက်ပါလို့ ဗျာပါရစိုက်ပေးနေစရာ မလိုဘူးလေ၊ ရေ၊ လေ၊ နေ စတဲ့အကြောင်းတရားပြည့်စုံနေရင်တော့ အပင်မပေါက် ပါနဲ့လို့လည်း တားထားလို့ရမှာမဟုတ်ဘူး၊ ပေါက်ပါစေ လို့လည်း အမိန့်ပေး ဗျာပါရစိုက်နေစရာမလိုဘူး'' ''ကိုယ်တော်ပြောသလိုပဲ တရားအားထုတ်တဲ့အခါ မှာ နာမ်တရားက ရုပ်တရားကိုဖြစ်စေအောင် ဗျာပါရ စိုက်နေတယ်လို့ထင်တတ်တယ်၊ သွားချင်စိတ်က သွား ရုပ်ကိုဖြစ်စေတယ်ဆိုတဲ့နေရာမှာ အကြောင်းအကျိုးကို ဖော်ပြလိုလို့ပြောနေရတာ၊ သွားချင်စိတ်က သွားရုပ်ကို ဗျာပါရစိုက်ပြီးလုပ်ပေးလိုက်တာမဟုတ်ဘူး'' ''ယောဂီတွေ နားလည်ဖို့ခက်နေမယ် ထင်တယ် နော် ပညာသီရိ'' ''ဒီနေရာမှာ မဟာစည်ဆရာတော်ရဲ့ဝိသုဒ္ဓိမဂ်မဟာ ဋီကာက တစ်ခုထုတ်ပြမယ်၊ မူရင်းကတော့ သံယုတ် ကလို့ဆိုတယ်၊ ဘာလဲဆိုတော့ 'ဣမသ္မိံ သတိ၊ ဣဒံ ဟောတိ-ဤအကြောင်းတရားရှိလျှင် အကျိုးတရားရှိ တယ်၊ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ-ဤအကြောင်းတရား ၏ဖြစ်ခြင်းကြောင့် ဤအကျိုးတရားဖြစ်ပေါ်လာတယ်၊ ဣမသ္မိံ အသတိ ဣဒံနဟောတိ-ဤအကြောင်းတရား မရှိလျှင် ဤအကျိုးတရားမရှိ။ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ-ဤအကြောင်းတရား၏ချုပ်ခြင်းကြောင့် ဤ အကျိုးတရားချုပ်သည်'လို့ ပြောထားတယ်။ ဒါဟာ ပဋိစ္စသမုပ္ပာဒ်ပါပဲတဲ့'' ''ဒီတော့ သွားချင်စိတ်ဖြစ်ခြင်းကြောင့် သွားရုပ် ဖြစ်တယ်၊ သွားချင်စိတ်ချုပ်ရင် သွားရုပ် ချုပ်ပြီ။ ဘယ်မှာ ဗျာပါရ စိုက်ထားရသလဲ။ မီးထွန်းလိုက်ရင် အလင်း ရောင်ပေါ်လာတယ်၊ မီးက အလင်းရောင်ကိုပေါ်ပါစေ လို့ လုပ်ပေးလိုက်တာမဟုတ်ဘူး၊ မီးထွန်းရင် အလင်း ရောင်ပေါ်ကိုပေါ်လာရမှာပဲလေ၊မီးထွန်းခြင်းအကြောင်း ရှိလျှင် အလင်းရောင်ရခြင်းအကျိုးရှိမှာပဲ'' ''ရုပ်နာမ်ဟာ အကြောင်းအကျိုးကို အတူတကွ လုပ်လို့ ဗျာပါရသတ္တိရှိတယ်ထင်သွားရတာ၊ ကားနဲ့ခရီး တစ်ခုသွားရင် ကားက လူကို 'မင်း ငါ့ကြောင့် ခရီး ရောက်တာလို့ပြောမယ်၊လူကလည်း ကားကို မင်း ငါ မောင်းလို့ရောက်တာလို့ ပြောမယ်'၊ သူတို့နှစ်ခုမှာ ကား ကလည်း သူ့ဟာသူ မရွေ့နိုင်ဘူး၊ လူကလည်း သူ့ ဟာသူ ခရီးအဝေးကြီးမရောက်နိုင်ဘူး။
လူက အစွမ်း အစဗျာပါရရှိတယ်လို့ ပြောမယ်ဆိုရင် ကားဘီးပေါက်နေ မယ်၊ အင်ဂျင်ချို့ယွင်းနေမယ်ဆိုရင် လူဘယ်လောက် ပဲ ဗျာပါရစိုက်စိုက် ကားရှေ့ မရွေ့တော့ဘူး။ ကားနဲ့လူ ရွေ့နိုင်လောက်တဲ့အခြေအနေရှိမှ ပူးပေါင်းဆောင်ရွက် မှုနဲ့သွားလို့ရတယ်။ အကြောင်းကျိုးတော့ ခွဲပြောလို့ရ တယ်။ လူက မောင်းခြင်းအကြောင်း၊ ကားရွေ့ခြင်းက အကျိုး။ လမ်းလျှောက်ချင်စိတ်တော့ရှိတယ်။ ရုပ်က အောက်ပိုင်း လေဖြတ်နေရင် ဘယ်လိုလျှောက်လို့ ရ တော့မလဲ။ ဒါဆိုရင် နာမ်မှာ ဗျာပါရသတ္တိမရှိတာ ထင်ရှားတယ်။ရုပ်က လမ်းလျှောက်နိုင်လောက်အောင် အခြေအနေပြည့်စုံမှ လမ်းလျှောက်စိတ်ဖြစ်တာနဲ့ လျှောက်နိုင်တော့တာ။ နာမ်က အကြောင်း၊ ရုပ်က အကျိုးလို့တော့ ခွဲပြောရတယ်'' ''ဗျာပါရသတ္တိဆိုတာမှာလည်း ရုပ်နာမ်တွေဟာ သူတစ်ပါးကို ပြုပြင်ဖန်ဆင်းနိုင်တဲ့ 'ပရဗျာပါရ'မရှိတာ ပြောတာ၊ မိမိရဲ့လုပ်ဆောင်ချက် ကိုယ်ပိုင်သတ္တိ'သက ဗျာပါရ'တော့ရှိတယ်။
သကဗျာပါရဆိုတာ ဆားရဲ့ ကိုယ်ပိုင်ငန်ခြင်းသတ္တိလိုပေါ့။ ဆားကို ရေထဲထည့်လိုက် ရင် ရေငန်သွားတယ်။ ဆားကို ငန်ပါစေလို့ ဗျာပါရစိုက် ပြီး လုပ်လိုက်တာ မဟုတ်ဘူး။ ဆားသတ္တိကို ပြတာသာ ဖြစ်တယ်။ ရေက သူ့မူလသတ္တိအတိုင်းပဲရှိနေမယ်၊ ရေကို ဆားပြန်ချက်ကြည့်၊ ဆားပြန်ရပြီး ရေရဲ့မူလအရသာ ပြန်ဖြစ်သွားတယ်'' ''လမ်းလျှောက်ချင်လို့ ရုပ်က လျှောက်တာမှာ စေ့ဆော်တတ်တဲ့ စေတနာစေတသိက်ရဲ့ ကိုယ်ပိုင်သတ္တိ ကြောင့် ဝါယောရုပ်ရဲ့ရွေ့လျားမှုကိုယ်ပိုင်သတ္တိဖြစ်လာ တာပဲ'' ''ဒါကိုနားလည်၊ မလည်ရင် တရားကို ငါအားထုတ် နိုင်တယ်၊ ငါစွမ်းနိုင်တယ်ဆိုတဲ့ အပြောမဟုတ်တဲ့အစွဲ တွေ ဝင်နေတတ်တယ်၊ ဝိသုဒ္ဓိမဂ်မှာ 'ဝိပဿနာကို ငါရှုအံ့၊ ငါသည် ဝိပဿနာကိုစွမ်းနိုင်အံ့' ဆိုရင် ဒိဋ္ဌိ ကွာခြင်းသည် မဖြစ်တဲ့'' ''အာနာပါနအားထုတ်လို့ ရှုစိတ်ကြောင့် ဝါယော ရုပ်ဖြစ်လာတာမှာ ရှုစိတ်က ဝါယောကို ကြောင့်ကျ စိုက်ထုတ်ပေးလိုက်တာမဟုတ်ဘူး၊ ရှုစိတ်ဖြစ်လာရင် ဝါယောရုပ်လည်းဖြစ်လာမှာပဲ၊ အားထုတ်လို့ ဖြစ်ပျက် မြင်လာရင် ဖြစ်ပျက်မြင်အောင် ငါက ကြောင့်ကျ စိုက်လုပ်ပေးနေတာမဟုတ်ဘဲ သတိ၊သမာဓိညာဏ်တွေ အင်အားပြည့်လာလို့ ဖြစ်ပျက်ကို ကြည်ကြည်လင်လင် ရှင်းရှင်းပြတ်ပြတ် မြင်လာတာသာ ဖြစ်တယ်'' ''ဒီနည်းကိုနားလည်ရင် ပြုလုပ်သူရှိတယ်ဆိုတဲ့ ကာရကသတ္တိကင်းမယ်၊အတ္တဒိဋ္ဌိပြုတ်မယ်၊ သူ့အကြောင်း နဲ့သူ့အကျိုးဖြစ်နေတာပါလားလို့ Óာဏ်ရှင်းမယ်၊ မှန်ကန်စွာနားမလည်ဘဲ တလွဲနားလည်ရင် ပြုသူမရှိတဲ့ အတွက် သူ့အလိုလိုဖြစ်ချင်သလိုဖြစ်နေတာပါ ဆိုတဲ့ အကိရိယဒိဋ္ဌိဖြစ်ပြန်ရော၊ ကံတွေ ကုသိုလ် အကုသိုလ် တွေမရှိပါဘူး။ ဖြစ်ချင်သလိုဖြစ်နေတာပါလို့ ယူဆသွား တတ်တယ်။ ဒါကို နောက်တစ်နည်းနဲ့ထပ်ရှင်းရတယ်။
(၄) ဧဝံဓမ္မတာနည်း - ဓမ္မတာနိယာမယူနည်းပေါ့။ အဝိဇ္ဇာအကြောင်းရှိရင် သင်္ခါရအကျိုးတရားဖြစ်မယ်။ သင်္ခါရအကြောင်းတရားရှိရင် ဝိညာဏ်အကျိုးတရား ဖြစ်မယ်။ ဒါသဘာဝဓမ္မပဲ။ ဘယ်သူမှပြုလုပ်ဖန်ဆင်း ထားတာမဟုတ်ဘူး။ အကြောင်းကင်းပြီး ဖြစ်ချင်သလို ဖြစ်နေတာလည်းမဟုတ်ဘူး။သရက်စေ့စိုက်ရင် သရက် ပင်ပေါက်မယ်။ မီးထွန်းရင် အလင်းရောင်ရမယ်။ ဖြစ်ချင်သလိုဖြစ်နေကြတာမဟုတ်ဘူး။ သူ့နိယာမနဲ့သူ ဖြစ်နေတာ။ အကိရိယဒိဋ္ဌိကိုပယ်လိုက်တယ်။ ရှူချင်စိတ် ဖြစ်ရင် ဝါယောရုပ်ဖြစ်မယ်။ ဒါတွေဟာ ဓမ္မသဘာဝ တွေပဲ၊ နားလည်ထားရင် အတ္တသတ္တိတွေ မလာတော့ ဘူးပေါ့'' ''အင်း-တပည့်တော် နည်းလေးပါးဆိုတာကို သိထားပါတယ်။ ပညာသီရိ ခုလို တရားအားထုတ်တာနဲ့ တွဲပြောတော့ အသိပိုရှင်းတာပေါ့'' ''ကဲ ဒီတော့ ပဋိစ္စသမုပ္ပာဒ်မလိုဘူးလို့ ကိုယ်တော် မငြင်းတော့ဘူးမလား''
''မငြင်းတော့ပါဘူး ပညာသီရိရယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ တပည့်တော်စိတ်ထဲ တစ်ခု ကျန်သေး တယ်၊ တပည့်တော် ကိုယ်ရေးကိုယ်တာကိစ္စပါ၊ပညာ သီရိက စာတွေရေးတယ်၊ ပရဟိတလည်း တစ်နိုင်လုပ် နေတယ်၊ ဒီတော့ တပည့်တော်တွေးမိတာ ငါတာဝန် မကျေသလိုများ ဖြစ်နေသလားလို့ ခဏခဏ ခံစားရ တယ်။ တပည့်တော်က တရားလည်း မဟောနိုင်၊ စာလည်း မရေးနိုင်၊ ဘာပရဟိတမှလည်း မလုပ်နိုင် ဆိုတော့ ဒီအတွေး ဝင်ဝင်လာတာပဲ၊ ဒါတွေလုပ်မယ်လို့ ကြံပြန်ရင်လည်း တရားအားမထုတ်ဖြစ်တော့မှာ စိုးတယ်'' (ဓမ္မဓရသည် တစ်ချိန်က ကွန်မြူနစ်ဝါဒကို ယုံကြည်ခဲ့ဖူးသည်။ လောကကြီး၏မတရားမှုများ၊ လူတန်းစားကွဲပြားနေမှုများကို ညှိပေးချင်ခဲ့သည်။ သူသည် ကျောင်းဆရာလုပ်ခဲ့၍ နာမည်လည်းရခဲ့သည်။ တစ်ချိန်က မိမိနှင့်တွဲ၍ ကလေးများကို စာသင်ပေးခဲ့ သည်။ ဤစိတ် သူ့တွင်ရှိနေသေး၍ အတွေးဝင်လာ ခြင်းဖြစ်နိုင်ပေသည်။) ''ဒီလိုမဟုတ်ဘူးလေ ဓမ္မဓရ၊ မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည် တစ်လောကလုံးကိုစောင့်ရှောက် ပြီးသား ဖြစ်သည်တဲ့။ ကိုယ်တော် အခုစောင့်ရှောက် နေတာပါပဲ။ ကိုယ်တော်ကိုယ်တိုင် တရားကိုထိရောက် အောင်သာ အားထုတ်ပါ။ ကိုယ့်သတ်မှတ်ချက် အောင်မြင်လာမှ မိမိရခဲ့တဲ့အသိညာဏ်ကိုပြန်ဖြန့်ဖြူးပေါ့။ ဒါဆို တပည့်တော်ထက် ပိုထိရောက်ပါလိမ့်မယ်၊
ဆရာကြီးဦးသုခက ဆရာဆန်းလွင်ကိုပြောတာ တစ်ခု ရှိတယ်၊ 'ဆရာဆန်းလွင်၊ ခင်ဗျားကမှ တိဟိတ်အစစ်၊ ဒီဘဝနဲ့တင် မဂ်ဖိုလ် ရနိုင်တယ်၊ ကျုပ်ကတော့ အနုပညာမာနခံသွားပြီ၊ ဒီဘဝမရနိုင်တော့ဘူး'တဲ့။ အတိအကျတော့မဟုတ်ဘူးပေါ့လေ။ မှတ်မိသလောက် ပြောပြတာ'' ''တပည့်တော် ဆရာကြီးဦးသုခပြောတာကို ကြားမိပြီး ကြက်သီးထအောင် ကြောက်မိတယ်၊ ကိုယ်လည်း ဘာမှမဖြစ်သေးဘူး၊ ဒီစာရေးတဲ့အထဲ နစ်သွားမှာ စိုးတယ်၊ကိုယ်တော်က အေးတယ်၊ပလိဗောဓ ကင်းတယ်၊ ဒါအကောင်းဆုံးအခြေအနေပဲ၊ တပည့်တော် ကိုယ်တိုင် တစ်ချိန်မှာ စွန့်ဖို့ ဆုံးဖြတ်ထားတယ်၊ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး၊ ငဲ့စရာတွေ ရှိနေသေးတယ်၊ နှစ်ဘက်မျှလုပ်နေရတာပဲ'' ''တပည့်တော်ကျန်းမာရေးအခြေအနေလည်း ဓမ္မဓရသိတဲ့အတိုင်းပဲ၊ တပည့်တော်က ပညာရှင်ကြီး တစ်ယောက်လည်းမဟုတ်ဘူး၊သိသလောက်လေးသာ ပြန်မျှနေတာ၊ရေကုန်ရေခန်း စာပေလိုက်စားဖို့လည်း မဖြစ်နိုင်ဘူး၊ အဲဒီတော့ ရေရှည်မှာတော့ စာရေးခြင်း အလုပ်ကို စွန့်ကိုစွန့်မှဖြစ်မယ်''
''အင်း-ပညာသီရိရေ၊ တပည့်တော်တို့က နောက် တောင်ကျနေပြီလားမသိဘူး၊ ပညာသီရိက ဉာဏ်ထက် ပြီးသားပဲ၊ တပည့်တော်ယုံတယ်'' ''ဟား ဟား ဟား၊တပည့်တော်တို့က ဘုတ် ကျီး မြှောက်၊ ကျီးဘုတ်မြှောက်ဖြစ်နေပြီ။ ကျီးက ဘုတ်ကို မောင်ရင့်အရောင်က မြတ်စွာဘုရားသင်္ကန်းရောင်လေးလို့ မြှောက်တယ်၊ ဘုတ်ကလည်း ကျီးကို သင့်အရောင်က လည်း မြတ်စွာဘုရားသပိတ်တော်အရောင်ပါပဲတဲ့'' ''သိပ်မမြှောက်နဲ့ငါ့ရှင်၊ ငါ့ရှင်လို နေ့ညစိုက်လိုက် မတ်တတ်မလုပ်ဖြစ်သေးဘူး'' ''ကဲ ကဲ သိချင်တာသိရလို့ ကျေနပ်သွားပြီ၊ တပည့်တော်ကို အားပေးလို့လည်း စိတ်ချမ်းသာသွားပြီ၊ ဖုန်းချလိုက်တော့မယ် ပညာသီရိ'' ''ကောင်းပါပြီ ငါ့ရှင်''
အရှင်ပညာသီရိ(ရမ္မာကျွန်း)
{၂၀၁၇ - မတ်လ - အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း}