Sunday, June 3, 2018

ဧည့်သည်တွေပဲလေ

ဧည့်သည်တွေပဲလေ

" အင်း….သက်တော်တောင် တစ်နှစ်ကြီးသွားပါပကော။ မယ်တော်ကြီးက ငယ်ငယ် က ခဏခဏပြောဖူးတယ်။ သားက သေရွာပြန်တဲ့ ။ လသားလေးအရွယ်ကရင်ဘတ်မှာ အလုံးကြီးတစ်လုံးပေါက်လာတယ်။ လူနဲ့အလုံးက မလိုက်ဘူး။ အချိန်မှီခွဲနိုင်ခဲ့လို့ အသက်ရှင်ခဲ့တယ်။


 ရင်ဘတ်မှာတော့ ခုချိန်ထိ တစ်လက်မကျော်လောက်ရှိတဲ့ ဓားခွဲရာကြီးကတော့ အမှတ်တရပေါ့။ သုံးနှစ်သားအရွယ် မှာ အထက်လန်အောက်ရှောဖြစ်တယ်။ ဆေးရုံတင်ခဲ့တယ်။ နယ်ဆေးရုံလေး။ ဆရာဝန် က မရတော့ဘူးပြောတယ် ။ ခမည်းတော်က ရှေ့တန်းက ပြန်ဝင်စ ၊ တပ်ကိုုဖုန်းဆက် လိုက်တယ် ။ မယ်တော်ရူးပြီပေါ့ ၊ အငယ်ဆုံးဖြစ်တဲ့မိမိကို စွန့်ပစ်ရတော့မယ်။

 အဲဒီအချိန်မှာ ထူးထူးဆန်းဆန်း သမားတော်ကြီး ဆေးရုံစစ်ဆေးဖို့ ရောက်နေတယ်။နယ်ဆေးရုံလေးဆိုတာ သမားတော်ထို်င်တာမဟုတ်ဘူး။ စစ်တပ်အဖွဲ့စည်း ဖြစ်တော့ သမားတော်က ဗိုလ်မှုးကြီးထင်တယ်။မယ်တော်က ' အဖေကြီး..ရဲ့..သမီး ရဲ့၊ သားလေးကို ကယ်ပါအုံး " ဆိုပြီး ခြေသလုံးဖက်တောင်းပန်တယ်။ ဂျိုင်းထောက်တစ်ဖက် နဲ့ သားအတွက်သောကဖြစ်နေရှာတဲ့ မယ်တော်ကို " အေးပါသမီးရယ် ၊ ဖေကြီးကယ်မှာပေါ့ "ဆိုပြီး နှစ်သိမ့်တယ်။ မိိမိကိုလိုက်ကြည့်တယ်။

 ဝမ်းဗိုက်ကို လက်နဲ့စုံဖိလိုက်တော့ " ဂွီ " ဆိုပြီး ပါးစပ် က အသံထွက်လာတယ်တဲ့ ။ ဆရာဝန်ကြီး ဆရာ၊ဆရာမတွေကို ဆဲလိုက်တာ မိုးမွှန် နေတာပဲဲ၊ ဗမာလိုတွေကော ၊ အင်္ဂလိပ် လိုတွေကော နည်းမျိုစုံဆဲတော့တာပဲ ၊ ဆရာဝန်တွေနဲ့ နာစ့် တွေပြာယာခတ် ပြီး မိိမိကိုခြေထောက်တွေ၊ လက်တွေ ကအစ ပိုက်တွေချိတ်တာ ရုပ်သေးရုပ်နဲ့တောင် တူနေတယ် ။ ဆေးရုံကဆင်းတော့ လမ်းလျာက်ပြန်ကျင့်ယူရတယ်။ မိမိကိုထိန်းတဲ့ အမေ့ညိီမ အန်တီ ငယ်က ထမင်းအိုးငဲ့ခါနီ း" သား ..အန်တီလေး လောင်းချလိုက်မယ်နော် . လောင်းချလိုက်မယ်နော် " ဆိုပြီး ထိုင်ကစားနေတဲ့ မိမိကို် ခေါင်းပေါ်က ထမင်းရည် ပူတွေ လောင်းချလေရဲ့။

 မိမိအော်ငိ်ုသံကြောင့် ဘေးအိမ်တွေက အချိန်မီ ဆွဲထားနိုင်လို့ မသေတာ ။ အန်တီငယ်ကတော့ ကြောင်ကြည့်နေတယ်။ သရဲစီ်းတယ်လို့ ပြောကြတာပဲ။ မိမိတစ်ကိုယ်လုံး ငပိတွေ ၊ ငံပြာ ရည်တွေ လူးပြီး ဆေးရုံ အားချင်းပြေးရတယ်။ အင်း..ဒါကြောင့်များ အသားမဲ သွားတာလား မသိဘူး။ တောင်ငူက ရန်ုကုန်ကိုအပြန် ရထားစစ်တွဲမှာ ကျဉ်ဆန်ပေါက်ပြီး မီ်းလောင်လို့ မယ်တော်ကြီး နဲ့ မိိမိကို စစ်သားတစ်ယောက် ကချီပြီး ရထားပေါ်က ခုံချခဲ့ ရပြန်တယ်။ ဒါက မယ်တော်ပြောပြတဲ့ ငယ်ငယ်ကအဖြစ် ။ အသက်နှစ်ဆယ် အရွယ်မှာတော့ သွေးအန်ပြီး ကိုယ်တိုင်သေမင်း နဲ့ ဆွေးနွေးခွင့်ရလိုက်တယ်။

အင်းလေ ….ကိုယ်က နတ်ပေးတဲ့ သားလို့ပဲ ပြောရလေမလား။ မယ်တော်ကြိီး အကိုအကြီးဆုံးကို မွေးခါနီ်းတော့ ဖိုးသူတော်တွေ အိမ်မက်မက်တယ်တဲ့ ။ မွေးလာတော့ ယောက်ကျားလေး ။ ခမည်းတော်ပျော်တာပေါ့ ။ သားဦးယောက်ကျားလေးကို ။ တပ်ကတပ်ရင်းမှုးကတော် စတဲ့ လူကြီးတွေက သတိပေးတယ် ။ " နင်က သူများလို သန်စွမ်းတာမဟုတ်ဘူး။ ဂျိုင်းထောက်နဲ့ နေရတာ။ကလေးများရင် နင်ဒုက္ခဖြစ်မယ် ။" ဆိုပြီး ခမည်းတော်ကိုလဲ သတိပေးကြတယ်။ ဒုတိကလေးကိုတော့ သမီးလေးရရင် တော်ပြီ ၊ ကလေးထပ်မယူတော့ ဘူးလို့ ဆုံးဖြတ်ကြတယ်။ ဒုတိယကလေးမွေးခါနီးတော့ ဖိုးသူတော် အိမ်မက်ပြန်တယ် ။ အိမ်မက်အကြောင်း ခမည်းတော်ကို ပြောပြတော့ "နင့် ဟာ ယောက်ကျားလေးများ ဖြစ်နေပြန်ပြီလားဟဲ့ " လို့ ခမည်းတော် ကပြောတယ်။ မဆလ ခေတ်မှာ ကခုခေတ်လို ကြိုတင်သိရတဲ့ စက် ဘာဆိုလား ၊ မပေါ်သေးဘူး။ ဟုတ်ပါ့ ။မွေးပါပြီ ယောက်ကျားလေး ။

အစ်ကို်လတ် ။ လူကြီးတွေကို တောင်းပန်ရတယ် ။ မယ်တော်ဟာ မသန်မစွမ်းမို့ လို့ ကူဖော်လောင်ဖက် သမီးတစ်ယောက်တော့ ရှိသင့်တယ်ပေါ့ ။ တတိယကိုယ်ဝန် ၊ မက်ပြန်ပြီ် ဖိုးသူတော် အိမ်မက် ။ မွေးပြန်ပြီ ရွှေပန်းလေး။ အစ်ကိုငယ်။ ခမည်းတော်ကတော့ပြုံးပြုံးပဲ။ ဒီတစ်ခါတော့ ဆေးရုံက ဆရာဝန်ကြီး ကသတိပေးပြီ။ ကလေးသုံးယောက် ၊ ဂျိုင်းထောက်တစ်ဖက်နဲ့ ၊ နင်တော့ ဒုက္ခရောက်တော့မယ်။ ထုံးစံ အတိုင်း ခမည်းတော်က သမီ်းမိန်းကလေး ဆင်ခြေပေးပြန်တယ်။ ဟုတ်ရှာပါတယ်လေ။ သားကြီးသုံးယောက်ဖြစ်နေတော့ သမီးလိုချင်ရှာပေမပေါ့။ ဒ်ီ်လိုနဲ့ ယူစေ။ ရပြန်ပြီနောက်တစ်ဗိုက် ၊ မယ်တော်ကြီးအိမ်မက်မက်မှာကို ခမည်းတော်ကြာက်နေပြီ ။ 'ဒီလိုနဲ့ မွေးခါနီးလာပြီ် ။ တစ်ရက် ။ မယ်တော်ကြီးက ခမည်းတော်ကိုပြောတယ် ။" မောင်ရေ ။

ညက …………………………လေ………ဟို…….ဟို…….ဖိုးသူတော်တွေမက်ပြန်ပြီ်…"

 ' ဘာ………ခွီ်းထဲမှပဲ ၊ မွေးပြန်အုံးမယ် အလုံးတွေ …" ။ ခမည်းတော်ဗေဒင်က ကွက်တိပဲ ။ အငယ်ဆုံးသား မိမိ ။ ဒီတစ်ခါတော့ ဆေးရုံက မယ်တော်နဲ့ ခမည်းရဲ့ သဘောတူညီချက်နဲ့ မယ်တော့ ကို တစ်ခါတည်း သားကြောဖြတ်ပေးလိုက်တော့တယ် ။အဲဒါမှအေးရော ။ နို့မို့ဆို သမီ်းမျှော် သားမွေး ဖြစ်စဉ်က ဆုံးမှာမဟုတ်ဘူး။ မဖြတ်လို့လဲ မဖြစ်တော့ဘူး ။

မိမိတို့ ညီ်အစ်ကိုတွေအားလုံးကို မင်္ဂလာဒုံ စစ်ဆေးရုံမှာ ပဲ မွေးတာ။ ၂ နှစ် ကြီး ၂ နှစ် ငယ် ဖြစ်နေတယ်။ မိမိမွေးတော့ အစ်ကိုကြီးတောင် ၇ နှစ်ကျော် မူလတန်းတက်နေပြီ်။ ခမည်းတော်ရှေ့တန်းထွက်သွားရင် ပိုဆိုးတယ်။သားယောက်ျားလေးယောက်နဲ့ မယ်တော် အတော်ကသီိလင်တ နိုင်နေပြီ ။ သူ့ညီမ တွေကိုတောင် မိမိတို့ကို ထိန်းဖို့ အကူခေါ်ထားရတယ်။

 အဲဒါကြောင့်ကိုယ်က နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပေါ့ ။ လွယ်တာမှ မိဘတွေ ဒုက္ခပါ တစ်ခါတည်း လွယ်လိုက်ကြရတာ။ အကြိမ်ကြိမ်သေမလိုဖြစ်လိုဖြစ်နဲ့။ ဒီအဖြစ်ပျက်အတွေ့ကြုံတွေက ကိုယ့်ကိုယ် ရဟန်းဘဝရောက်အောင် ပို့ပေးခဲ့တာပဲ။ ဘဝကို ခဏခဏပြန်တွေးကြည့်တယ်။ အထူးခြားဆုံးက ကျမ်းမာရေး ။ ခုချိန်ဆို အညံ့ဆုံးပဲ ။ အခန်းထဲ အောက်ဆီဂျင် ဆောင်ပြီး ရှု ရတဲ့ အခြေနေ။ ဒါဆို မိမိ အတိတ်ကံတွေကို ယေဘုယျ ကောက်ချက် ချနိုင်တယ် ။ ဒါကတော့ သီ်လအတော်ကြိီးကို ညံ့ခဲ့မယ် ။ တော်တော်ကြီးကိုညံ့မယ်။ ဒါနအား အတွက်ဆိုလည်း အကောင်းကြီးမဟုတ်တောင် ငတ်လောက်အောင်အထိတော့ မဖြစ်ပါဘူး။

 ပညာအားဆိုရင်လည်း လောကီမှာ တက္ကသိုလ် အဆင့် ပညာသင်ခဲ့ဖူးတယ်။ သာသနာ့ဘောင်မှာဆိုရင် လည်း သူများကို ပြောပြနိုင် ၊ မဂ္ဂင်းတွေမှာစာပြန်ရေးပြနိုင်လောက်တဲ့အထိတော့ အတိုင်းတာတစ်ခု ဉာဏ်ရည်ရှိတယ်။ ကံသဘောတရားအရ သီ်လဟာ အတော်ဆိုးရွားတယ်။ ဒီသဘောကို နားလည်လာလို့ အသက်နှစ်ဆယ်လောက်အရွယ်က စလို့ သူများအသက်ကို သိလျက်နဲ့ ခြင်၊ပုရွက် ဆိတ်တောင် မသတ်တော့ဘူး။ ဒါပေမဲ့အတိတ်ဆိုးကံတွေမကုန်သေးဘူးထင်တယ်။

ကျမ်းမာရေးညံ့သထက်ညံ့လာတယ်။ယုံကြည်မှုတစ်ခုတော့ရတယ်။ ဘဝမှာသေမလိုအကြိမ်ကြိမ်ကြုံခဲ့ပေမဲ့ မသေခဲ့တာဟာ ဒီဘဝကုသိုလ်က ပြန်ထောက်ပ့ံနေလို့ပဲ။ နို့မို့ဆို သေလောက်ပြီ။ သိလာတဲ့ဒီဘဝမှာတော့ဒါန၊သီလ၊ဘာဝနာ၊စွမ်းနိုင်သမျှဖြည့်တော့တယ်။နိုင်သလောက်ပရဟိတလေးတွေလုပ်တယ်။ မတတ်နိုင်တော့တဲ့ ရောဂါဝေဒနာ အတွက်တော့ ဉာဏ်နဲ့ စစ်တိုက်ရုံပဲ တတ်နိုင်တယ်။ ဝေဒနာဆိုတဲ့ ဒုက္ခတရားလေးကကိုယ့်ကို ဓမ္မလမ်းကြောင်းအပေါ်ဆွဲတင်နေတာ။ ရောဂါပြင်းလေ သံဝေဂပြင်းလေ ၊ သံဝေဂပြင်းလေ ၀ိပဿနာရင့်လေပေါ့ ။ သိပ်တော့မထူးဆန်းတော့ပါဘူးလေ။

 ဒုက္ခ နဲ့ ငါ မွေးကတည်း ကတွေ့တာပါ။ မောင်ဒုက္ခ … ကျေးဇူးတင်ပါတယ်။ မင်းကြောင့်ငါ မိတ်ဆွေကောင်းတွေရခဲ့တယ်။ ငါရဲ့မာနခဝါကျစေဖို့ မင်းဆုံးမတယ်။ ငါ့ဘဝကို ရိုးသားစွာဖြတ်သန်းဖို့ မင်းသင်ပြတယ်။ သူတကာတွေ အာဏာ ၊ ငွေ ၊ အောင် မြင်မှု ၊ ဆိုတဲ ဂုဏ်ဒြပ်တွေလိုက်နေချိန်မှာ မင်းကငါ့ကို ဓမ္မလမ်းလိုက်ဖို့ ညွှန်ပြတယ်။ ငါ့ဘဝကို်ငါကျေနပ်ဖို့ မင်းနှစ်သိမ့်ပေးတယ်။ မင်းကြောင့်ငါ ဘုရားရှင်ကို ကြည်ညိုခွင့်ရခဲ့တယ်။ မင်းကြောင့်ငါ မြတ်သောသီ်လကို စောင့်ထိန်းခွင့်ရခဲ့တယ်။ မင်းကြောင့် ငါ အနတ္တကို နားလည်ခွင့်ရခဲ့တယ်။ မင်းက ငါ့ကို သတိအမြဲပေးနေတဲ့ မိတ်ဆွေကောင်းပါ။

 ချမ်းသာခြင်းသုခဆိုတာ ငါ့ကိုချစ်သလိုလိုနဲ့ ငါ့ရဲ့သတိတရားတွေကို ခိုးယူသွားတတ်တယ်။ ဒါကြောင့် မင်း ငါ့ကို အနီးကပ်သတိပေးပါ။ ငါပြုသမျှကုသိုလ် မင်းကိုပေးပါတယ်။ မင်းသာဓုခေါ်ပါ .. သာဓုခေါ်ပါ…. ငါရဲ့.. ဇာတိ နဲ့ ဇရာ ကို မင်းဆီအပ်ထားပြီးပြီ။ ငါ့ရဲ့ မရဏ ကိုလည်း မင်းပဲ သိမ်းပိုက်ပါ။ ငါ့ရဲ့ဒီအိုနေ့လေးအထိ လောကမှာရှင်သန်ခွင့် ပေးခဲ့လို့ ကျေးဇူးထပ်တင်ပါတယ်။ မင်းဟာလောကသားတို့ရဲ့ကျေးဇူးရှင်ပါ။ မင်းသာမရှိရင်လောကမှာလေ သံဝေဂတရား၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေမထွန်းကားနိုင်တော့ဘူး။

ဒါတောင်မင်းကို ဘာကြောင့်လူတွေကြောက်နေကြပါလိမ့်။ ဒုက္ခ လို ့ မင်းနာမည်ကြားလိုက်တာနဲ့ လူတွေနှာခေါင်းရှုံ့ကြတယ်။ ပြိီးတော့ မင်းနဲ့ လွတ်ကင်းကြတာလည်းမဟုတ်ဘူး။

မလွတ်နိုင်တဲ့ မင်းကိုရန်သူလိုသဘောထားနေရင်း သူတို့ပိုပင်းနေကြရတယ်ကွာ။ ငါတော့ သနားလိုုက်တာ ဒုက္ခရာ။ ငါသိတယ်ကွ။ သူတို့ကမင်းကို သဘာဝတစ်ခု အဖြစ်သဘောမှ မထားနိုင်တာ။ မင်းနဲ့မတွေ့လိုလို့ ရှောင််ရင်း မင်းနဲ့ပက်ပင်း တွေ့နေကြရတယ်။ အေးပါကွာ .. သူတို့ မင်းကိုတကယ် မသိဘူးဆိုတာ ငါနားလည်ပါတယ်။ မင်းက စေတနာနဲ့ သူတို့ကိုသတိပေးမလို့လာတာ၊ သူတို့ကမင်းကို နည်မျိုးစုနဲ့ ကန်လွှတ်ကြတယ်။ စိတ်ဓါတ်မကျပါနဲ့ ဒုက္ခရာ ။ မင်းငါ့ဆီမှာ ပျော်သလောက်နေပါ ။ မင်းမပျော်တဲ့ အချိန်ပြန်ပေါ့။ မင်းကော ငါကော က ဧည့်သည်တွေပဲကွာ။

အရှင်ပညာသီရိ(ရမ္မာကျွန်း)

 { 2018 .. မတ်လ ..အပ္ပမဒ ဓမ္မရသ မဂ္ဂဇင်း }