Friday, June 1, 2018

"ဇီဝက-၅"

"ဇီဝက-၅"

အဲ့ဒီတော့ ကျောင်းဆောက်လို့လည်းပြီးရော မြတ်စွာဘုရားကို သူ့ကျောင်းပေါ် ပင့်ပြီး ကျောင်းတရား နာတယ်။ကျောင်းတရားနာပြီးတော့ သူတစ်ခါတည်း ဘုရားကို လျှောက်တယ်။ "တပည့်တော်ရဲ့ ဆေးအတတ်ပညာရော အသက်နဲ့ခန္ဓာရော မြတ်စွာဘုရားအားလှူပါ၏ " ဒါပိုကောင်းတာ။ဘယ်လောက်ကောင်းလိုက်လဲ သံဃာတော်တွေ မချမ်းသာဘူးလား။ သာသနာတော်ရဲ့ Physician Surgeon တစ်ယောက်ဖြစ်တဲ့ ဆရာဇီဝက-ကို ရလိုက်တာ။ သံဃာတော်တွေ အရမ်းချမ်းသာတယ်။


 အဲ့ဒီတော့ ဒီကနေ့ခေတ်တော့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ ရိပ်သာတွေ မှာ ဆေးခန်းလေးတွေ ထောင်ကြတယ် ။မြန်မာ့ဗုဒ္ဓဘာသာ သားသမီးက ဖြစ်လာတဲ့ ဆရာဝန်တွေ ကုသိုလ်ဖြစ်ဆေးခန်းလေးတွေမှာ သွားပြီးတော့ သံဃာတော်တွေကို ဆေးကုပေးကြတာ။ ဇီဝက-ရဲ့ ထုံးပဲ။ဇီဝက-စခဲ့တာ။ ဆရာဇီဝက-စခဲ့တဲ့ ဆေးပညာ သာသနာလှူတဲ့ကိစ္စကို ဒီကနေ့ အားလုံး ဆရာဝန်တွေ လိုက်နာ ကျင့်သုံးနေကြတာ။

 မြန်မာနိုင်ငံအတွက် အားတက်ဝမ်းမြောက်စရာကောင်းတယ်။ အထူးသဖြင့်တော့ ဒို့ စစ်ဆေးတက္ကသိုလ်ကဆရာဝန်လောင်းလျာတွေ အားလုံး သာသနာတော်နဲ့ ရင်းနှီးဖို့ ဒီလိုပဲ လုပ်ရမယ်။

ဒါအရေးကြီးတဲ့ ကိစ္စတစ်ခု။အဲ့ဒီတော့ ဟိုဘက်က Side effectဘာဖြစ်လာလဲဆိုတော့ ပြောဦးမယ်။ မင်းတို့ ဆရာဝန်တွေပြောတယ် ဆေးတိုင်းကို အလွန်အကျွံမသောက်သင့်ဘူး။ ဆေးပိုသောက်လို့ ရှိရင် ဟိုဘက်က Side effect-တွေက ပေါ်ပေါ်လာတယ်။ ခေါင်းကိုက်ပျောက်ဆေးသောက်ရင် နားထဲက လေထွက်တာမျိုးပေါ့။ ဒီလိုတွေ။ Side effect-က ဘာတွေဖြစ်လာလဲဆိုတော့ ဆရာဇီဝက မအားတော့ဘူး။

 သံဃာတွေက အများကြီးရှိတာ ရာဇဂြိုဟ်မှာ။ နေ့ရှိသ၍ ဇီဝကဆေးခန်းမှာ သံဃာတွေချည်းပဲ။အရပ်သူ အရပ်သား ဆရာဇီဝကနဲ့ ချိန်းလို့မရဘူး။ အချိန်တော်တော်များများ သံဃာတော်တွေနဲ့ အချိန်ကုန်နေရတယ်။ အဲ့ဒီတော့ လူအချို့ က ကြံတယ်။ဇီဝကနဲ့ ဆေးခန်းချိန်းတာ ချိန်းလို့ကို မရဘူး။ ငါတော့ ကြံဦးမယ် ။ ဘယ်လိုကြံမလဲ ခေါင်းရိပ်။ သင်္ကန်းပတ်လိုက်တယ်။ သိမ်တော့ မဝင်ဘူးလေ။ဘုန်းကြီးအတု ဖြစ်မသွားဘူးလား။ ဇီဝက-ရေ ဘုန်းတော်ကြီး ဘယ်သူဆေးကုချင်တယ်။ ဟာ ကြွပါ။ အဆင်ကိုပြေလို့။အဲ့ဒီလို အတုတွေက သင်္ကန်းပတ်ရုံပဲပတ်ပြီး ဇီဝက -ဆေးခန်းဝင်သွား။သွားဆေးကုသခံယူ- ရောဂါလည်းပျောက်ရော၊ အိမ်ပြန် ကိုယ့်မိသားစုနဲ့ ကိုယ်ပြန်နေတာ။ နောက်တော့ အဲ့ဒီ လူပြန်လဲတဲ့သူတွေနဲ့ ဆရာကြီးဇီဝကနဲ့တွေ့တယ်။ ဟာ မနေ့က လာတဲ့ဘုန်းကြီးကြီး အခုတော့ လူဝတ်ကြောင်ကြီး ဖြစ်နေပါလား။ ဒီနေ့တော့ သားနဲ့ မယားနဲ့ပါလား။ ဇီဝက-စိတ်ပျက်တယ်။စိတ်ထိခိုက်တယ်။

 သူက သဒ္ဓါတရားကောင်းကောင်းနဲ့ ဆေးပညာ သာသနာလှူပါတယ်။အလွှဲသုံးစားလုပ်တဲ့ပုဂ္ဂိုလ်တွေက ဝင်လာတယ်။ အဲ့ဒါ မြတ်စွာဘုရားသွားလျှောက်တယ်။ "မြတ်စွာဘုရား ရောဂါကြီးတွေ စွဲနေတဲ့ ပုဂ္ဂိုလ်တွေ သင်္ကန်းဝတ်ပြီးအယောင်ဆောင် တပည့်တော်ဆေးခန်း ဆေးလာကုကြတယ် ။ရောဂါပျောက်တော့ လူထွက်ကြတယ်။ တပည့်တော် စိတ်နှလုံးထိခိုက်တယ်ဘုရား။" အဲ့ဒါ လျှောက်တော့ မြတ်စွာဘုရားက သိက္ခာပုဒ် ထုတ်ရတယ်။ ရဟန်းလောင်းတစ်ယောက် သိမ်ထဲမှာ ရဟန်းခံမယ်ဆိုရင် သိမ်ထဲမှာ မေးပြီး စီစစ်ရမယ်။ အတ္ထိ နုခေါ နာဂ ပဥ္စ အာဗာဓာ၊ နာဂ ပဇင်းလောင်း၊ တုယှံ သင့်မှာ၊ ပဥ္စ အာဗာဓာ အနာကြီးငါးမျိုးတို့သည်၊ အတ္ထိ နုခေါ ရှိများ ရှိလေသလော၊ သန္တိပိ နာဂ ဧဝရူပါ အာဗာဓာ၊ နူနာရှိသလား နူနာရှိသလား အဆုတ်နာ ရှိသလား ၊နှလုံးရောဂါ ရှိသလား၊

ဒကာကြီးတွေ ဒုလ္လာဘရဟန်းဝတ်ဖူးတယ်မို့လား။ သိမ်ထဲမှာ ဒီလိုမေးတာ ခံရတယ်မို့လား။ ဘာကြောင့်မေးသလဲဆိုရင် ခုနကဖြစ်ရပ်ကြောင့်။ အဲ့ဒါကြောင့် မြတ်စွာဘုရားက ရောဂါကင်းမကင်းဆိုတာ မေးဦး။ မေးပြီးမှ ရဟန်းဝတ်ပေး။ရောဂါနဲ့ဆိုရင် ပျောက်အောင် ဆေးကု ဆေးကုပြီးမှ ရဟန်းဝတ်ဆိုတဲ့ သိက္ခာပုဒ်တွေ ထွက်လာတာ။ အဲ့ဒီအမှုကြောင့်တဲ့။ ဒီတော့ နားလည်သွားကြပြီ ကျောင်းဒကာ၊ဆေးဒကာ။ဒီလို။ မြတ်စွာဘုရား တရားနာပြီးတော့ သူ သောတာပန်ဖြစ်တယ်။ အဲ့ဒီလို သောတာပန်ဖြစ်ပြီးတဲ့နောက်ပို်င်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ဆရာဇီဝကကို ဧတဒဂ်-ဘွဲ့ထူးပေးတယ်တဲ့။

 အံသြစရာကောင်းတဲ့ ဧတဒဂ်ဘွဲ့။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဂိဇ္စျကုဋ်တောင်ခြေမှာ နေနေတုန်း။ဂိဇ္စျကုဋ်တောင်စောင်းကနေ ကျောက်တုံးကြီးတွေကို တွန်းလိမ့်ချပြီးတော့ မြတ်စွာဘုရားကို သတ်မလို့ ကြံစည်တဲ့ အတ္ထုပ္ပတ္တိ ကြားဖူးတယ်မို့လား။ ဒေဝဒတ်လေ။ဘုရားကို သတ်ဖို့ သုံးခါကြံတယ်။ ဘာသာရေးသမိုင်းမှာ ဒါတွေက ဝမ်းနည်းစရာကောင်းတယ်။ ဗုဒ္ဓဘာသာမှာကြည့်လိုက်ရင် မြတ်စွာဘုရားကို ဒေဝဒတ်-သတ်မလို့ ကြံတာ ၃-ခါ။ ဒေဝဒတ်ဆိုတာ ကိုယ့်ဂိုဏ်းသား ကိုယ့်ဗုဒ္ဓဘာသာထဲကပဲ ကြံတာ။ နောက် ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားထဲကတော့ သတ်မလို့ ကြံတာတော့ မတွေ့ဘူး။ Abuse လုပ်တာ -၂ခါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကို သုန္ဒရီ-ဆိုတဲ့ ပရိဗိုဇ်မကလေးနဲ့ ကာမဂုဏ်လွန်ကြူးတယ်လို့ စွတ်စွဲတာတစ်ခါ။ စိဥ္စမာန-နဲ့ စွပ်စွဲတာ တစ်ခါ။မိန်းမကိစ္စနဲ့ ဘုရားရှင်ကို စွပ်စွဲတာ -၂ခါ။ အဲ့ဒါကတော့ ဗုဒ္ဓဘာသာထဲက ထပြီး စွပ်စွဲတာ မဟုတ်ဘူး။ တိတ္ထိ-တွေလို့ စာမှာတော့ရေးတယ်။ဘာသာခြားတွေ။

 ဒါက ဗုဒ္ဓဘာသာမှာတင်မကဘူး။ ခရစ်ယာန်မှာကြတော့ စွပ်စွဲရုံတင်မကဘူး။ သူလူစုတာကို အာဏာသိမ်းမှာပဲ ဆိုပြီး သတ်ပစ်လိုက်တယ်။ သူတော်ကောင်းတစ်ယောက် အသတ်ခံလိုက်ရတယ်။ ဒီတော့ ဒေဝဒတ်ကျောက်တုံးနဲ့ လိမ့်ချတော့ ဘုရားရဲ့ ခြေမတော် ကျောက်စလေးမှန်တယ်။ သွေးခြေဥသွားတယ်။သွေးခြေဥတဲ့ ဒီရောဂါကို ဘယ်သူကုလည်းပြောရင် ဇီဝက-ပဲ။ သွေးခြေဥတာကို ဇီဝက-က ခွဲမထုတ်သေးပဲ ကျောက်ခဲမှန်မှန်ချင်း သွေးတွေ ပြန့်နေတာကို စုသွားအောင် ၊သွေးတွေက ကြဲကြဲကြီးဖြစ်ပြီးတော့ ပြန့်နေတဲ့ဟာကို ကျစ်ပြီးတော့ မာသွားအောင် ဆေးစည်းတယ်။

 မန်းဆေးလေးနဲ့ စည်းပြီးတော့ ပတ်တီးနဲ့ စည်းထားတယ်။ ညနေစောင်းလေး မဏ္ဍပ်ကုဒ်ဆီလို့ခေါ်တဲ့ တောင်စောင်းလေးမှာ မြတ်စွာဘုရားရဲ့ သွေးခြေဥတဲ့ခြေမ နေရာလေးမှာ ဆေးကို ခပ်ပြင်းပြင်း စည်းထားခဲ့တာ။စည်းထားခဲ့ပြီးတော့ ဇီဝက-က တခြားတစ်နေရာ ဆေးသွားကုတယ်။ ညနေစောင်းလောက်ဖြစ်မယ်လို့ ဘုန်းကြီးထင်တယ်။ မြို့အစောင့် တွေက ဂိတ်တံခါးတွေ အကုန်ပိတ်လိုက်တော့ ဇီဝက-မြို့ထဲ ပြန်မဝင်နိုင်ဘူး။ မြတ်စွာဘုရားက တခြား သူက တခြား။ သူကမြို့ပြင်မှာ ဘုရားက မြို့ထဲမှာ ရာဇဂြိုဟ်က တောင်တွေဝိုင်းနေတာ တောင်တွေဝိုင်းတဲ့အလယ်မှာ မြို့။ ဇီဝက-ကျောင်းကလည်းမြို့ထဲမှာ။ ဇီဝကမြို့ထဲ ဝင်မရတော့ စိတ်ပူနေတာ။အော် အလွန်ပြင်းတဲ့ဆေးတွေ ငါပေးခဲ့ပြီ ဘုရားရှင်ကို။ ဘုရားရှင်ကတော့ ပူလောင်ပြီး အခံခက်နေတော့မှာပဲ။

ဘယ်အချိန်ကြရင်တော့ ပတ်တီးအုံထားတာကို ဖြေရမှာ။ ဒီအချိန်ဖြေရမယ့်အချိန်ပဲ ဘုရားပင်ပန်းပြီ။ သိပ်စိတ်ပူတယ်။ ဆရာကြီးဇီဝက စိတ်ပင်ပန်းနေတာကို ဘုရားသိတော်မူတယ်။ သိသွားတော့ ချစ်သားအာနန္ဒာလာ နာအုံထားတဲ့ဆေးဖြေလိုက်တော့။ အနာက ကျက်ပြီးတော့ သွေးက မာပြီးတော့ ခဲသွားပြီ။ မနက်မိုးလင်း ဂိတ်ဖွင့်တော့ သူ သုတ်သိသုတ်ပြာနဲ့ ဘုရားဆီရောက်လာတယ်။ မြတ်စွာဘုရားရဲ့ ခြေတော်ကြည့်လိုက်တော့ အနာကလည်းကျက်နေပြီ သွေးလေးကလည်း ခဲနေပြီ။အဲ့ဒီ သွေးခဲနေတာလေးကို ခွဲပြီးတော့ ထုတ်ပစ်လိုက်တယ်။ ဒီနေရာမှာ controversy ရှိတယ်။ ကျောက်တုံးနဲ့ပစ်တာက ဘယ်သူလဲ ကျောက်တုံးနဲ့ပစ်တာက ဒေဝဒတ် ခြေမဓားနဲ့ခွဲတာက ဇီဝက- ဘယ်သူအပြစ်ရှိလဲ။ဒေဝဒတ်မှာပဲ ရှိတယ်။

 ဒေဝဒတ်က စာအတိုင်းပြောရင် ပဒုဋ္ဌစိတ်ဓာတ်။သေစေလိုသော စိတ်နဲ့ ပစ်တာက ဘယ်သူလဲ ဒေဝဒတ်။ ကျန်းမာ လမ်းသာ ဝမ်းဖြာစေချင်တဲ့စိတ်နဲ့ ခြေမတော် ခွဲတာက ဇီဝက- အဲ့ဒါကြောင့် ဘုရားပျက်တွေကို ပြင်ဆင်တယ်ဆိုတဲ့ ကိစ္စမှာ မြင်မကောင်း ရှု့မကောင်း သိပ်ကွဲပျက်နေတဲ့  အရုပ်ဆိုးနေတဲ့ အကွဲအပဲ့တွေကို ဖဲ့တာ ထွင်းတာ ဖောက်တာ လုပ်ကောင်းတယ်တဲ့ ပရိသတ်တို့ ဇီဝကထုံးနှလုံးမူပြီးတော့ လုပ်ကောင်းတယ် အပြစ်မရှိဘူး။ အဲ့ဒါကအဆုံးအဖြတ် တစ်မျိုးပေါ့နော်။

ဘုန်းကြီးတို့တော့ ဒီလိုပဲ ကွဲပြီးတော့ အက်ကြောင်းတွေ အများကြီး ပေါ်နေတဲ့ စေတီတော်ကြီးတွေဆို ထွင်း ထွင်းပြီးတော့ Reinforcement သံချောင်းတွေနဲ့ ပတ်လိုက်တယ်။ ပတ်ပြီးတော့ သံချောင်းတွေ အထဲမြုပ်ပြီးတော့ Concrete လောင်းပြီးတော့ အပေါ်က အချောကိုင်လိုက်တာ Reinforcement- သံချောင်းကြီးတွေလည်း မမြင်ရတော့ဘူး။ ဘုရားလည်းပဲ သိပ်လှသွားတယ်။

ဘုန်းကြီး ဘုရား အဆူ(၈၀) (၉၀) ပြင်ပြီးပြီ ။ အက်ကွဲတဲ့ စေတီမှန်သမျှ အဲ့ဒီလိုပြင်တာ။ ဒါပေမယ့် Unesco world heritage တို့ကတော့ အဲ့ဒီလို ထွင်းတာ ဖောက်တာ မလုပ်ရဘူးတဲ့ ကော်နဲ့ကပ်ရမယ်တဲ့။ နောက်တစ်ချိန်ငလျင်လှုပ်ရင် အဲ့ဒီကော်က ခံမလား ဒါမေးစရာရှိတယ်။ ကဲကောင်းပြီး မြတ်စွာဘုရားကို ဇီဝက-ပြုစုတဲ့အကြောင်း။ ပြီးတော့ ဇီဝက-က သူရတဲ့ ဆေးဖိုးတွေအကုန်လုံးနဲ့ ကျောင်းဆောက်တဲ့အကြောင်း၊မြတ်စွာဘုရားကျောင်းတော်ကို တနေ့သူကျောင်း(၃)ခေါက်သွားတယ်။ သူ့ရဲ့သက်ခန္ဓာနဲ့ဆေးပညာ ဘယ်လှူထားလဲ သာသနာလှူထားတယ်။ ဒို့တပ်မတော် ဆေးတက္ကသိုလ်မှာ တက်နေကြတဲ့ တပည့်တွေ အားလုံး ဘုရားသာသနာတော်နဲ့ ရင်းနှီးစေချင်တယ်။ ဆရာဇီဝကထုံး နှလုံးမူပြီးတော့ အားလုံး အလုပ်လုပ်ကြဖို့ ဒို့များ ဒီကနေ့တိုက်တွန်းတယ်။

ဘဝပင်လယ်မှာ ကျွန်းမတစ်ကျွန်းကောင်းကောင်းဆောက်ရမယ်။ ကျွန်းတစ်ကျွန်းတင်မကဘူး ကိုယ်သွားမယ့် ကောင်းကင်ဘုံကြီးကိုလည်း ကိုယ်ကိုယ်တိုင် ဖန်ဆင်းနိုင်ရမယ်။ စွမ်းရည်သတ္တိဘယ်နှစ်ပါးလိုလဲ (၄)ပါး။ ဥဋ္ဌာန -ရယ်၊ အပ္ပမာဒ-ရယ်၊ သံယမ-ရယ် ၊ ဒမ္မ - ရယ်။ အမြဲတမ်းတက်ကြွနေရမယ် အစဉ်သဖြင့် စိတ်အားထက်သန်နေရမယ်။ စည်းကမ်းနဲ့ လမ်းညွှန်ချက် မှန်သမျှ အားလုံးလိုက်နာရမယ်။ ပြီးတော့ ကိုယ်နှုတ်စိတ်(၃)ပါး အကုန်လုံး သိမ်မွေ့ယဉ်ကျေးနေရမယ်။ အဲ့ဒါ ဘဝပင်လယ်မှာ ကျွန်းဆောက်နိုင်တဲ့ Power ပဲ။ အဲ့ဒါကို Character ခေါ်တယ်။ ကောင်ကင်ဘုံကြီးကို ဖန်ဆင်းတဲ့ Power ဟာ အဲ့ဒီလေးပါးပဲ။ အဲ့ဒါကို Character ခေါ်တယ်။Character is power. ဒီကနေ့ ဒို့ပြောချက်က ဒါပဲ။

အဲ့ဒါ နိဂုံးကတော့ ဆရာဇီဝက ဘာဘွဲ့ရလဲမေးရင် ရဟန်းတော်များ အိုချစ်သားတို့ ငါဘုရားရှင်ကို်ယ်တော်မြတ်ရဲ့ သာသနာတော်မှာ အဘယ-မင်းသားမွေးထားတဲ့ ဆရာဇီဝကဆိုတာဟာ ရှိတယ်။ အဘယ-မင်းသား မွေးစာထားတဲ့ ဇီဝက-ဆရာကြီးဟာ ၊ ငါဘုရားရှင်ကို်ယ်တော်မြတ်ရဲ့ သာသနာတော်မှာ ၊ ပုဂ္ဂိုလ်စွဲ ကြည််ညိုကြကုန်သော၊ ပုဂ္ဂိုလ်စွဲနဲ့ ဘုရားရှင်ကို ချစ်တယ် ခင်တယ် ကြည်ညိုတယ်ဆိုတဲ့ ဒါယကာ အပေါင်းတို့တွင်၊ အမြတ်ဆုံး အသာဆုံး အတော်ဆုံးပါပဲရယ်လို့ ၊ ဘုန်းတော်(၆)ပါးသခင်း ဘုရားရှင်ကို်ယ်တော်မြတ်က၊ ပုဂ္ဂလပ္ပသန္နဧတဒဂ်-ဆိုတဲ့ ဧတဒဂ် ရာထူး၌ ကောင်းစွာမသွေ ချီးမြောက်တော် မူခဲ့ပါပေသတည်း။ သာဓု သာဓု သာဓု ပုဂ္ဂလပ္ပသန္နဧတဒဂ်- ဒီစာလုံးက ပရိသတ်နဲ့ မရင်းနှီးဘူး။ မြတ်စွာဘုရားကို ပုဂ္ဂိုလ်စွဲ သိပ်ချစ်ခင် ကြည်ညိုတဲ့နေရာမှာ ထိပ်ဆုံးပဲတဲ့။အတော်ဆုံး အသာဆုံးပဲ။ ဒါ့ကြောင့် အသက်ခန္ဓာနဲ့ တတ်ထားတဲ့ဆေးပညာ ဘယ်လှူလိုက်လဲ ဘုရားလှူထားတယ်။ အဲ့ဒါကြောင့် ဒို့များရဲ့တပည့်တွေလည်းပဲ ဘဝပင်လယ်မှာ ဟိုဘက်ကမ်းများရောက်သွားတဲ့အချိန်၊ သို့မဟုတ် ကိုယ့်ကျွန်းကိုယ်ဆောက်နိုင်တဲ့အချိန် ၊သို့မဟုတ် ကောင်းကင်ဘုံကို ကိုယ်ဖန်ဆင်းနိုင်တဲ့အချိန်မှာ ဇီဝက-ထုံး နှလုံးမူပြီးတော့ ဘုရားနဲ့သာသနာတော်ကို ကြည်ညိုပြီးတော့၊ ပြုစုလုပ်ကျွေးနိုင်တဲ့ သာသနာတော်နဲ့ ရင်းနှီးတဲ့ သားကောင်းတွေ ဖြစ်ကြပါစေဆိုတာကို အလေးအနက်တိုက်တွန်းပြီးတော့ ဇီဝက-ရဲ့ အတ္ထုပ္ပတ္တိဟောပြောပွဲ ဤမှာ ပြီးပါပြီ။

အားလုံးအမျှဝေပြီးတော့ အခန်းအနားပြီးဆုံးကြရအောင်။ အရှင်ဘုရား သဒ္ဓါ သီလ စာဂ ပညာ၊ လေးဖြာသောတရား၊ အညီအမျှ ၊ထားရှိကြပါကုန်သော ၊ ဘုရားတပည့်တော်တို့သည်၊ သဒ္ဓမ္မသုံးဖြာ ၊ ဘုရားသာသနာတော် ၊အရှည်ခန့်၍ ၊ တည်တန့်စေရန်၊ ရည်စိတ်သန်လျှက်၊ ပြည်နိဗ္ဗာန်မျှော်မှန်းကာ ၊ ဓမ္မသဘင်၊ဆင်ယင်ကြ၍၊သဒ္ဓမ္မသုံးဖြာ၊ သာသနာတော် ပြန့်ပွားရေးကို ၊ကောင်းစွာပြုလုပ် ၊အားထုတ်ပါကုန်၏၊ ဤကောင်းမှုသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ၊ဖြစ်ပါစေသတည်း၊ ဤကောင်းမှု ကုသိုလ်အဖို့ကို ၊(၃၁)ဘုံ ကျင်လည်ကုန်သော၊ နတ်လူဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား၊အညီအမျှ ဝေငှပါကုန်၏၊ ထိုထိုများစွာ၊သတ္တဝါတို့သည်၊ ဤကောင်းမှုကို ၊ကြားသိကြ၍ ၊ အမျှရ၍ ၊ဝမ်းသာကြသည်၊ချမ်းသာကြသည် ၊ဖြစ်ပါစေသော်၊

 ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော...သာဓု သာဓု သာဓု

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော...သာဓု သာဓု သာဓု

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော...သာဓု သာဓု သာဓု _

/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

_/\_ ဤဓမ္မဒါနအား အသံဖိုင်မှ ပူဇော်ရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

 Credit --- Pay Thoe