"ကိုယ့်စိတ်ထဲရှိတိုင်း (တွေး၊ပြော၊လုပ်)လို့မရဘူး"
သာသနာတော်အတွက်စိတ်မကောင်းစရာက သာသနာတော်မှာ တကယ်ဘုရားကြည်ညိုတဲ့သူ တကယ်တရားကြည်ညိုတဲ့သူ တကယ်သံဃာကို ကြည့်ညိုတဲ့သူ အလွန်ရှားနေပြီ။ ဒါ(၁)နာရီ ဒို့လာမယ်ဆိုလို့ (၂)နာရီလောက်မှ ဒို့လာမယ်ဆိုရင် ဒီထဲမှာ တုံးလုံးပက်လက် အိပ်နေလိုက်ကြမှာ။ အလွန်ရှက်စရာကောင်းတယ်။ ကုသိုလ်လုပ်ရင်လုပ် မလုပ်ရင်အကုသိုလ်ဖြစ်တယ်။အကုသိုလ်ရှောင်ရင်ရှောင် မရှောင်ရင် အကုသိုလ်နဲ့တိုးတော့တာ။ အခုပြောတဲ့ အကုသိုလ်ကိုကြောက် ကုသိုလ်ကို မကြောက်နဲ့ဆိုတဲ့နေရာမှာ ကုသိုလ်နဲ့ အကုသိုလ်နဲ့တောင် ခွဲမသိဘူး။
ဆရာသမားတွေကတော့ ပြောတာပေါ့ ဇာတ-ဆိုတာ ဖြစ်တာ၊မွေးတာ၊ ဝိဇာတ-ဆိုတာ ထူးထူးဖြစ်လာတာ၊မွေးလာတာ။ အမိဝမ်းက မွေးတာကို ဇာတ-လို့ခေါ်တယ်။ ဝိဇာတ-ဆိုတာ အဲ့ဒီလိုမဟုတ်ဘူး- အားလုံးကို တစ်ဆင့်ထက် တစ်ဆင့် မြင့်အောင် ကြီးပွားတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်ကိုမှ ဝိဇာတ-လို့ခေါ်တာ။အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှ မွေးနေ့ ကျင်းပဖို့ကောင်းတာ။ လူတွေရဲ့သန္တာန်မှာ ဘယ်လိုထိုင်တာတောင် ကုသိုလ်မှန်းတောင် မသိကြတော့ဘူး။ဘယ်လို ထိုင်မိရင် အကုသိုလ်ဖြစ်မှန်းတောင် မသိကြတော့ဘူး။ဘယ်လိုရပ်ရင် ကုသိုလ် အကုသိုလ်မှန်းတောင် မကွဲပြားတော့ဘူး။ဆုံးမမယ့်သူလည်း မရှိတော့ဘူး။ပြောမယ့်သူလည်း မရှိတော့ဘူး။ ကိုယ်ထိုင်ချင်သလိုထိုင်တာ ဘာဖြစ်လဲလို့မေးရင်။ တိုးတက်နေတဲ့နိုင်ငံတွေ သွားကြည့်ပါ သူတို့ဆီမှာ ဘယ်လောက် ဒုက္ခရောက်နေလဲ။ကိုယ့်နိုင်ငံ မတိုးတက်လို့ မျက်စိမှိတ်ပြီး ငြင်းနေတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်သမျှ စိတ်ဓာတ်တွေပျက်စီးလို့.....အို။။။ မောင်နဲ့ နှမ၊ သားနဲ့အမိ စသည်အားဖြင့်တောင် ပြောရမှာတွေ ရှက်စရာ။
ဟိုမှာ အဓိက ဘာတွေ ဆုတ်ယုတ်ဆုတ်ယုတ်သွားတာလဲဆိုတော့ ကိုယ်ထိုင်ချင်သလိုထိုင်မယ်ဆိုတာက စတာ။ ကိုယ်ရပ်ချင်သလို ရပ်မယ်ဆိုတာက စတာ။ ကိုယ်ပြောချင်သလို ပြောမယ်ဆိုတာက စတာ။ ကိုယ့်မှာ ထိုင်ချင်သလို ထိုင်ခွင့်၊ ရပ်ချင်သလို ရပ်ခွင့်၊ ပြောချင်သလို ပြောခွင့်-ဆိုတာ ကြီးက ဘယ်လောက် ဆိုးဝါးသွားတုန်း။ ဒီကျောင်းတိုက်ကြီးတည်ထောင်ဟာ ဒို့ နေစရာမရှိလို့ တည်ထောင်တာ မဟုတ်ဘူး။ စားစရာ မရှိလို့၊ ဆွမ်းကျွေးမယ့်သူတွေ ပေါလို့ လာတည်ထောင်တာ မဟုတ်ဘူး။
ဟောတာက ကုသိုလ် ဟော့တာက အကုသိုလ်ပဲလို့ ခွဲသိချင်တဲ့ ပုဂ္ဂိုလ်တွေအတွက်၊ ခွဲခြားသိအောင်လို့ ဒို့ပြောပေးချင်လို့ နေရာလေးတည်ထောင်ပေးတာ။ နေဖို့ကတော့ ဘာလုပ်မှာလဲ ဘယ်နားနေနေ ဒါပဲ။ တရားဟောတဲ့ပုဂ္ဂိုလ်ဆိုတော့ သိတယ်။ဟိုကုတင်မှာလည်း အိပ်ရတယ် ဒီကုတင်မှာလည်း အိပ်ရတယ်။ ကြမ်းပြင်မှာလည်း အိပ်ရတယ်။ ကားပေါ်လည်း အိပ်ရတယ် လေယာဉ်ပျံပေါ်လည်း အိပ်ရတယ်။ လှေပေါ် လှည်းပေါ်လည်း အိပ်ရတယ်။ ကျောင်းဆိုတာ ဘာမှ မဟုတ်မှန်းသိသားပဲ။
ဘာအတွက် ဒီကျောင်းကြီး တည်ထောင်ရတာတုန်းမေးရင် ဟော့တာကတော့ ကုသိုလ် ဟော့တာကတော့အကုသိုလ်ဖြစ်တယ် ဆိုတာကို သိစေချင်လို့။ လူတွေက ကိုယ်လုပ်ချင်တာ လုပ်ရတာကို ခွင့်ပြုလိုက်ပါ။ ကိုယ်ပြောချင်တာ ပြောချင်တာကို ခွင့်ပြုလိုက်ပါ။ ကိုယ်တွေးချင်ရာကို တွေးတာကို ခွင့်ပြုလိုက်ပါဆိုတဲ့ အဲ့ဒီခွင့်ပြုမှ သဘောကျေနပ်မှုလောက်ကလေးနဲ့ စိတ်ကျေနပ်မှုလောက်ကလေးနဲ့ ခွင့်ပြုလိုက်ကြလို့ ဘယ်နိုင်ငံမှ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ကုန်ကြတာ။
ဟိုဥပဒေနဲ့ ပြန်ထိန်းလည်းမရတော့ဘူး။ ဒီဥပဒေနဲ့ ပြန်ထိန်းလည်း မရတော့ဘူး။ ဗုဒ္ဓဘာသာနိုင်ငံချင်းတောင် တချို့ဗုဒ္ဓဘာသာနိုင်ငံတွေက ဒို့ထက်အရင် ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ကုန်ကြတာ အများကြီး။ အခုလည်း ထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေကြတာပဲ။ ဒါတွေ ဘယ်က စတာလဲ။ ကိုယ်တွေးချင်ရာ တွေးခွင့်ရှိတယ်။ ကိုယ်ပြောချင်ရာ ပြောခွင့်ရှိတယ်။ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရှိတယ်။ ဒီကစတာပဲ။ ဓမ္မဒူတမောင်မယ်တွေ တပည့်တွေ မကျေနပ်လည်း မတတ်နိုင်ဘူး။
ကိုယ့်စိတ်က တွေးချင်ရာ တွေးခွင့်မရှိဘူး။ ဗုဒ္ဓဘာသာမှာ ကိုယ့်စိတ်ထဲ တွေးချင်ရာ တွေးခွင့်မရှိဘူး။ ဘုရားဟောထားတယ်။ ပြောချင်ရာ ပြောခွင့်-ဆိုရင်တော့ ဝေလာဝေးပြီ။ အဲ့ဒီ အခွင့်အရေးတော့ ဒို့ မပေးနိုင်ဘူး။ ကိုယ့်စိတ်မှာ တွေးချင်ရာတွေးခွင့် မပေးဘူး။ တွေးချင်ရာမတွေးပါနဲ့။ ကိုယ့်ပါးစပ်နဲ့ ပြောချင်ရာပြောမယ်။ဘယ်သူ့ပါးစပ်မှ ငှားပြောတာ မဟုတ်ဘူး-ဆိုပြီး ပြောခွင့်မပေးဘူး။ ခွင့်မပြုဘူး ကိုယ်လုပ်ချင်ရာ လုပ်ခွင့်မရှိဘူး။ ဒါပေမယ့် ပုထုဇဉ်နလပိန်းတုံးတွေကတော့ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ် တွေးချင်ရာတွေးရတာကိုပဲ သူတို့အတွက် အခွင့်အရေး၊ ပြောချင်တာ ပြောလိုက်ရတာကိုပဲ သူတို့အတွက်အခွင့်အရေးကြီး။ လုပ်ချင်တာ လုပ်လိုက်ရတာကိုပဲ သူတို့အတွက်အခွင့်အရေးကြီး။ အဲ့ဒီအခွင့်အရေး ဆုံးရှုံးရင်ကို ပွက်လောရိုက်နေတော့တာပဲ။ ဒီမှာ ဓမ္မာဒူတမောင်မယ်တွေ သူတို့ လုပ်ချင်တာ လုပ်ခွင့်မရဘူး။ မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားဟောထားတာ ရှိတယ်။ ကိုယ်တစ်ယောက် လုပ်ချင်တာ လုပ်လိုက်လို့ ရှိရင်တဲ့ အားလုံးဒုက္ခရောက်သွားတာတွေ အများကြီး။ လူတွေက ထင်တယ် မြင်တယ် ကိုယ့်လက်ညိုးလေးတစ်ချောင်းကွေးလိုက်လို့ ဒုက္ခရောက်တာတော့ ထင်သာမြင်သာတယ် (သေနတ်ခလုတ်ဆွဲခြင်းကို ဆိုလို) ။လက်ညိုးတစ်ချောင်း ကွေးတာနဲ့ တခြားသူဒုက္ခရောက်တာ ထင်သာမြင်သာတယ်။ အဲ့ဒါမျိုးကျတော့ မလုပ်ကြပါ မလုပ်ကြပါနဲ့ ပြောတာ။ ကိုယ့်ပါးစပ်ကလေး တစ်ခွန်းပြောလိုက်လို့ အများကြီးကျတော့ ထွက်မတွက်ဘူး။ လက်ညိုးလေးကွေးလိုက်ရုံနဲ့ တစ်ဖက်ဒုက္ခရောက် တစ်ယောက် နှစ်ယောက်ပေါ့။ ပါးစပ်ကလေးပြောချင်ရာ ပြောတာဟာ အများကြီး ဒုက္ခရောက်သွားတယ်။
ကာယာကံနဲ့ လက်ကလေးလွတ်လိုက်လို့ထက် ပါးစပ်နဲ့ လွတ်လိုက်တာက ပိုပြီးတော့ ဒုက္ခများ သကွယ့်။ကာယကံ လက်ညိုးလေးကွေးလိုက်လို့ ဖြစ်တဲ့ဒုက္ခထက် ၊ ပါးစပ်က တစ်ခွန်းလေး ပြောချင်တာပြောလိုက်တဲ့အရာထက် မကောင်းတာမျိုးစုံနဲ့ စိတ်ထဲက တွေးလိုက်တဲ့ အကြံဆိုးကြောင့် တလောကလုံး ဒုက္ခရောက်ကုန်တာ အများကြီး။ ဒါကြတော့ မြင်မှာ မဟုတ်ဘူး။ ကုသိုလ်တွေ ကာယကံနဲ့ လုပ်နေတာပဲမြင်တယ်။ ကုသိုလ်တွေ ဝစီကံနဲ့ပြောနေတာပဲ မြင်တယ်။
အကုသိုလ်တွေ ကာယကံနဲ့ လုပ်တဲ့အပြစ်၊ အကုသိုလ်တွေ ဝစီကံနဲ့ လုပ်တဲ့အပြစ် အပြစ်ကြီးတာလို့ မမြင်ဘူး။ ဘယ်လောက်ထိ ဆိုးတုန်းဆိုတော့ ကိုယ်တွေးချင်ရာတွေးနေလို့ အကုသိုလ်ဖြစ်နေတာတွေ တစ်ပုံကြီး။ လူတွေက ထင်နေတာ ကိုယ်တွေးချင်ရာတွေ ဘယ်သူမှမသိဘူးထင်နေတာ။ သိလိုက်တာမှ အများကြီး သိတယ်။ ကိုယ်တစ်ယောက်တည်းနေရလို့ တွေးချင်ရာမတွေးနဲ့တဲ့။ ကိုယ့်မှာ ကိုယ်စောင့်နတ်ရှိတယ်တဲ့။ အိမ်စောင့်နတ်ရှိတယ် ရုက္ခစိုး ဘုမ္မစိုးတွေ ရှိတယ်။
တောစောင့်နတ် တောင်စောင့်နတ်တွေ ရှိတယ်။ အဲ့ဒါကြောင့် တွေးချင်ရာ မတွေးပါနဲ့ ရှက်စရာကြီး။ရှက်ဖွယ် အလီလီပဲ။ ဒီမှာကတော့ သူများမကျေနပ်လို့ ကြိုက်တဲ့ ဥပဒေတပ် တရားစွဲလည်း ခံရုံပဲ။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်မပေးဘူး။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်မပေးဘူး။ ကိုယ်တွေးချင်ရာတွေးခွင့် မပေးဘူး။ ဘာဖြစ်လို့ မပေးတာလဲဆိုတော့ ပုထုဇနော ဥမ္မာတကော ။ပါပ သမိ ံ ရမတိ မနော။ ဆိုတော့ပုထုဇဉ်တွေရဲ့ စိတ်ဟာ တွေးချင်ရာတွေးနေတယ်။နောက် ဆုံး ကုန်ကုန်ပြောမယ် သတ္တိရှိ တွေးကြည့်လိုက် မဟုတ်တာကို။ ကိုယ့်ရဲ့ ကိုယ်စောင့်နတ် မနေတော့ဘူး ရှက်လို့သွားပြီ။ သတ္တိရှိတယ်ဆိုရင် စမ်းကြည့်လိုက်ပါ။ အကုသိုလ်ဖြစ်စရာလေးကို တွေးကြည့်လိုက်စမ်း။ စဉ်းစားကြည့်လိုက်စမ်း။တကယ်တွေးကြည့် စဉ်းစားကြည့် ကိုယ့်ကိုယ်စောင့်နတ် ကိုယ့်အနားမှာ မနေတော့ဘူး။ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတွေက ကိုယ့်စောင့်ရှောက်တယ်ဆိုရင် အဲ့ဒီ နတ်မြတ်နတ်ကောင်းတွေ ကိုယ့်အနားမနေတော့ဘူး။
ဒါဖြင့် ဟုတ်တာမှန်တာကိုတာတွေးပြီးဆိုရင်။ ဗုဒ္ဓဘာသာသူတောစင်တွေအတွက် ဘုရားပြောတဲ့အတိုင်း တွေးမယ် ပြောမယ် လုပ်မယ်ဆိုရင် အဲ့ဒီကိုယ်စောင့်နတ် ဘယ်မှ မပြေးဘူး။ ကိုယ့်ကို အမြဲတမ်း ဝိုင်းဝမ်းကူညီစောင့်ရှောက်နေတယ်တဲ့။ အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်သာ အားကိုးရာ ဆိုသော်လည်းပဲ ကိုယ်ကောင်းရင် ကိုယ့်ကိုစောင့်ရှောက်မယ့်သူတွေက အဆင်သင့်။
ကိုယ်မကောင်းရင် ကိုယ့်ကို ကန့်ကွက်ဖျက်ဆီးမယ့်သူတွေက အဆင်သင့်။ လူမုန်းမှာ မကြောက်နဲ့တဲ့ ကံမုန်းမှာပဲ ကြောက်ရတယ်တဲ့။ မိဘကမုန်း၍နေဦး သားသမီးကို တချို့တွေက ခွင့်လွတ်သေးတယ် ။ ကံမုန်းလို့ကတော့ ကံက ဘယ်သူ့မျက်နှာမှ မကြည့်ဘူးတဲ့။ ကိုယ်အကုသိုလ်တွေပြောပါ အကုသိုလ်တွေ စိတ်ကူးပါများလာရင် အဲ့ဒီအကုသိုလ်အကျိုးပေးကြီးက ကိုယ့်ကို မုန်းပြီး ဒုက္ခရောက်အောင် လုပ်သွားမှာ။ ဒါ့ကြောင့် အကုသိုလ်ကိုကြောက် ။ကောင်းမှုကိုမကြောက်နဲ့ပြောတာ။
ဒီကိုရောက်လာတဲ့သူတွေဟာ ကုသိုလ်ကိုမကြောက်လို့ ကုသိုလ်ကိုချစ်လို့လာကြတာ။ ဒီရောက်နေတဲ့သူတွေဟာ ကုသိုလ်ကိုမချစ်ရင် ချမ်းသာကိုမချစ်ရင် လာလို့မရဘူး။ မနေ့က မန်းလေးက ပြန်လာတော့ ဒီမှာ ရှုပ်ပွနေတာပဲ။ လုပ်လိုက်တဲ့ ဝေယာဝစ္စတွေ။ဝိုင်းကူကြတွေ အများကြီး။ ဘယ်သူတွေဆိုတာ နာမည်မတပ်တော့ဘူး နာမည်တပ်လို့ မပါတဲ့သူတွေ တမျိုးဖြစ်သွားမှာစိုးလို့။ အကုသိုလ်ဆိုတာ ဘာလဲ ကုသိုလ်ဆိုတာ ဘာလဲ။ ဒီမှာ ဓမ္မဒူတမောင်မယ်တွေကို မိဘတွေက ကြည့်တဲ့အခါ ဟယ်- ဟော့ဒီသားလေးက တော်လိုက်တာနဲ့ပြောတယ်။
ဒီသားလေးက တော်လိုက်တာလို့ ပြောရင် ကျန်တဲ့ကောင်တဲ့ တစ်ကောင်မှ သုံးစားမရဘူးလို့ ပြောတာနဲ့ တူတူပဲ။ ဒီသားလေးက တော်လိုက်တာလို့ပြောလိုက်တာ ကုသိုလ်ထင်နေတာ. မဟုတ်ဘူး။ကျန်တဲ့သူတွေ သုံးစားမရဘူးလို့ ခံစားမိစေတာ အကုသိုလ် အတုံးလိုက် အတစ်လိုက်။ဒီသမီးလေးက တော်လိုက်တာနော် တဲ့။ လူက သုံးယောက်ရှိတာ ကျန်တဲ့ နှစ်ယောက်က အကုသိုလ်တွေဖြစ်လို့။ ကိုယ်ပြောတဲ့စကားကို အကုသိုလ်ဖြစ်တယ်မထင်ဘူး။ ကိုယ်တွေးတဲ့အတွေး ကိုယ်ပြောတဲ့အပြောက အကုသိုလ်မှန်း မသိ။ ကိုယ်လုပ်တဲ့အလုပ်ဟာ အကုသိုလ်မှန်းမသိ အဲ့လိုခေတ်ကြီးရောက်နေကြပြီ။ ဘယ်သား တော်တယ်။ ဘယ်သမီးတော်တယ်လို့ ဒို့မပြောဘူး။ ပြောရဲတယ် ဘယ်သားမဆို ဘယ်သမီးမဆို ဒို့နဲ့တန်းစီပြီဆိုရင် ဘယ်နှစ်ယောက်ရှိရိ်ှ ဒို့က ကြည့်တာတောင် အကုန်လုံးမျက်လုံးဆုံအောင် ကြည့်သွားတာ။ မိဘစိတ်မွေးပြီး ကြည့်တဲ့အခါ ဒီလူနဲ့ကြည့်လည်း ဒီစိတ်ပဲ။ ဟိုလူနဲ့ကြည့်လည်း ဒီစိတ်ပဲ။ အဲ့လိုတပြေးတည်းထားရမှာ။ ဟယ်- ဒီမောင်လေးက တော်လိုက်တာ။ ဒီမယ်လေးက တော်လိုက်တာ တစ်ယောက်တည်းစီ ကပ်ပြီးပြောတာ မပြောလိုပါဘူး။နှစ်ယောက် သုံးယောက်ရှိတဲ့အချိန် တစ်ယောက်တည်းပဲ သွားချီးမွှမ်းရင် ကျန်တဲ့နှစ်ယောက်က အကဲ့ရဲ့ခံရမယ့်သူတွေ ဖြစ်ကုန်တယ်။ အဲ့ဒါကို ကုသိုလ်ထင်နေရင်လည်း အံရော။ဒို့ ရည်ရွယ်တည်ထားတဲ့ကျောင်းမှာ အဲ့လို လူတွေ အဆင်မပြေဘူး။ဘယ်သူကတော့ အလုပ်လုပ်လိုက်တာ။ ဘယ်သူကတော့ အလုပ် မလုပ်ဘူး။
သူဘာသာသူ မလုပ်တာ လုပ်တာ သူ့အပိုင်း။ကိုယ် မပြောဖို့ အရေးကြီးတာ။ အကုသိုလ်ကိုကြောက် ကုသိုလ်ကိုမကြောက်နဲ့ပြောသော်လည်း အကုသိုလ်ဆိုတာ ဘာမှန်းတောင် မသိကြဘူး။ လူလေး ၃ -၄ ယောက်ရှိတာ ကိုယ်ပြောတဲ့ စကားတစ်ခွန်းကြောင့် စိတ်ဝမ်းကွဲသွားရင် ဘယ်လိုလုပ်မလဲ။ဒီမှာ သားသမီးတွေနဲ့နေကြတဲ့ မိဘတွေပါတယ်။ တပည့်တွေနဲ့နေတဲ့ လုပ်ငန်းပိုင်ရှင်တွေပါတယ်။ တစ်ယောက် ယောက်ကို ချီးမွှမ်းတာတောင်မှ ဘေးလူရှေ့ ချီးမွှမ်းရင် အဲ့ဒါ ကွဲပစ်တာခေါ်တယ်။ ခွဲပစ်တာခေါ်တယ်။ အဲ့ဒါ အဲ့ဒီလောက်ကြီးတဲ့အကုသိုလ်မရှိဘူးဟေ့လို့တောင် ပြောလိုက်ချင်သေးတယ်။ မသိတဲ့ မောဟကြောင့် ဖြစ်တာက တစ်မျိုး။ ချီးမွှမ်းချင်တဲ့ လောဘ-ကြောင့် ဖြစ်တာက တစ်မျိုး။ဟိုဘက်ဟေ့ ဆိုပြီး စောင်းချိတ်ပြီးပြောတဲ့ ဒေါသကြောင့် ဖြစ်တာကတစ်မျိုး။ ကုသိုလ်ကိုမကြောက်နဲ့ ကုသိုလ်က ဘာတုန်း။ အကုသိုလ်ကိုကြောက်ဆို အကုသိုလ်က ဘာတုန်း ဒါလေးတော့ သိရမှာ။
ဒီနေ့ မွေးနေ့လုပ်တဲ့အခါ ဘာရလဲ ကိုယ်ဒီနေ့ ကုသိုလ်အနေနဲ့။ ဒီမွေးနေ့ကုသိုလ်မှာ ကိုဘာဝင်ပါပြီး ကုသိုလ်ယူလိုက်တုန်း။ ဘုရားကျောင်းကန်လာပြီး အကုသိုလ်ယူသွားတဲ့သူတွေ တစ်ပုံကြီး။အနည်းဆုံး ပန်းလေးတော့ ချိုးသွားကြတာတွေ တစ်ပုံကြီး။ အနည်းဆုံးတော် ဘုရားကျောင်းကန်မှာ မထိုင်သင့်တဲ့နေရာမှာ ထိုင်လိုက်တာ တစ်ပုံကြီး။ မလုပ်သင့်တာတွေ လုပ်သွားကြတာတစ်ပုံကြီး။ ဘုရားကျောင်းကန်မှာ မပြောသင့်တာတွေ ပြောသွားကြတာ တစ်ပုံကြီး။ အဲ့ဒါကို အကုသိုလ်လို့ မထင်ဘူး။
ဓမ္မဒူတအရှင်ဆေကိန္ဒသက်တော်(၆၀)ပြည့် မွေးနေ့တွင် ဓမ္မဒူတမောင်မယ်များအား မိန့်ကြားသော သြဝါဒမှ ကောက်နှုတ်ချက်။
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။ ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။
Credit --- Pay Thoe