Friday, June 1, 2018

တစ်ချိန်ချိန်မှာတော့ခွဲရမှာပါ

 တစ်ချိန်ချိန်မှာတော့ခွဲရမှာပါ

မနက်က ဒကာတစ်ယောက်က လျှောက်တယ်။ သူက မိသားစုနဲ့ ခွဲရနိုင်တဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ ဆိုတယ်။ ဆေးရုံတက်နေချိန်မှာဆို ရှင်ကွဲ ကွဲနေရတယ်။ ဆေးရုံက ပြန်မလာနိုင်တော့ရင် သေကွဲ ကွဲရတော့မယ့် အခြေအနေလို့ ဆိုတယ်။ သုံးနှစ်အရွယ် သမီးငယ်လေးက သူ ဆေးရုံဆေးခန်း သွားရခါနီးတိုင်း ငိုတယ်တဲ့။ ဒါကြောင့် သူ့ကို စိတ်အားရှိစေမယ့် တရားဓမ္မ ဟောကြားပေးပါလို့ လျှောက်တယ်။

ဟိုတုန်းက အရူးတစ်ယောက်က ရေအိုင်စပ်ထိုင်နေတုန်း ရေအိုင်ထဲကို တောဘဲအုပ်ကြီးကျလာတယ်။ သူ့က တောဘဲအုပ်ကြီးကို သူ့ဘဲတွေလို့ သတ်မှတ်ပြီး တုတ်တချောင်းကိုင်ပြီး ဘဲကျောင်းနေတယ်။ ငါ့ဘဲတွေလို့ စိတ်ကူးယဉ်ကောင်းနေတုန်း ညနေအချိန်ရောက်လာတယ်။ ညနေရောက်တော့ ဘဲတွေက ကောင်းကင်ပျံတက်ပြီး အိပ်တန်းဆီပြန်ကြတယ်။ အဲဒီအခါမှာ သူက တုတ်တချောင်းကိုင်ပြီး “ငါ့ဘဲတွေ ငါ့ဘဲတွေ ဘယ်သွားကြတာလဲ” လို့ အော်ရင်းနဲ့ ဘဲအုပ်ကြီးနောက်ကို ပြေးလိုက်သွားတယ်။
တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။ လူကောင်းဆိုရင်လည်း တောဘဲအုပ်ကို ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား…? မထင်ပါဘူးနော်။ ဘဝတစ်ခုမှာ တွေ့ဆုံကြုံကြိုက်ရတဲ့ သားသမီးဇနီးခင်ပွန်း ကို လူတွေက ကိုယ့်အပိုင်လို့ ထင်နေကြတယ်။ တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ မပိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ အကြောင်းသင့်တုန်းလေးမို့ ပေါင်းဆုံနေကြရတာဖြစ်တယ်။ အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။ ဒါက ကိုယ့်တယောက်ထဲဘဲ ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။ သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။ ကိုယ့်တယောက်ထဲ မဟုတ်ပါဘူး။
ဒါက သတ္တဝါတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။ သို့သော်လည်း ကိုယ့်ဘဲအုပ်ကြီးလို့ စိတ်ကူးယဉ်ကောင်းနေတုန်းမှာ ရုတ်တရက်ခွဲရတော့ အတော်ခံစားကြရတယ်နော်။ သတင်းစာနောက်ကျောဘက်ကို ဖတ်မိတဲ့အခါ ဘာခံစားရလဲ? ဘာမှမခံစားရဘူး။ ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့ သတ်မှတ်မထားလို့နော်။ ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့ သတ်မှတ်ထားရင် ခံစားကြရတယ်။ ဒီတော့ သားသမီးဇနီးခင်ပွန်းတွေကို ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ အထင်အမြင်မှားမှုကို သတိလေးနဲ့ လျော့ချရမယ်။ ကိုယ်မထားခဲ့လဲ သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။
 ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။ ကိုယ်တကယ်ပိုင်တာ ကိုယ်တကယ်ဆိုင်တာက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။ ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေသာ ဖြစ်တယ်။ သားသမီးဇနီးခင်ပွန်းဆိုတာက သုဿာန်ဟိုဘက်အထိ လိုက်လို့မရဘူး။ ကိုယ်ပြုထားတဲ့ကံတွေကတော့ ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။ လူဆိုတာ အကြောင်းဆုံလို့ ပေါင်းဆုံရတဲ့အခါမှာ အကောင်းဆုံး ပေါင်းဆုံခဲ့ကြသလို အကြောင်းမဆုံတော့လို့ ခွဲကြရတော့မယ်ဆိုရင်လည်း အကောင်းဆုံးခွဲနိုင်ဖို့လိုတယ်။ ကိုယ်က သားသမီးဇနီးခင်ပွန်းကို စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင် မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။ ကိုယ့်ရဲ့စွဲလန်းတပ်မက်စိတ်က သူတို့ကို ကောင်းကျိုးတစုံတရာ ပြုနိုင်သလားဆိုတော့ မပြုနိုင်ဘူး။ ကိုယ့်အတွက် ကောင်းကျိုးပြုသလားဆိုတော့လည်း မပြုပါဘူး။ နှစ်ဖက်ရှုံး၊ ရှုံးစေတယ်နော်။ ဒါကြောင့် နှစ်ဖက်ရှုံး၊ မရှုံးရအောင် ဒီအချိန်ကစလို့ မိသားစုကို ငါတကယ်မပိုင် ငါတကယ်မဆိုင်ဘူးလို့ နားလည်လက်ခံပါ။ 
ဒီအခြေအနေက ငါ့တယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်လက်ခံပါ။ မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း ချစ်မှတော်မယ်လို့ တွေးပြီး ဒါန သီလ ဘာဝနာအမှုတို့ကို စွမ်းအားရှိသလောက် ပြုလုပ်အားထုတ်ပါ။ တစ်ချိန်ချိန်တော့ ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာဘဲနော်။
 (ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
 အားလုံးသော ဓမ္မမိတ်ဆွေ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်စုံပါစေ။
 #credit >>> original uploader
 Credit to Win Thein