Friday, June 1, 2018

"ကိုယ့်အလှူကို အောက်မေ့ခြင်း"



 "ကိုယ့်အလှူကို အောက်မေ့ခြင်း"

 မိမိပြုခဲ့ဖူးသော ဒါနကောင်းမှု၏ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့တတ်သော သတိကို "စာဂါနုဿတိ" ဟုခေါ်ပါသည်။ (ဝိသုဒ္ဓိ၊ ၁၊ ၁၉၁) ဤကဲ့သို့ မိမိအလှူကောင်းမှု၏ ဂုဏ်ကျေးဇူးကို ပွားများလိုသောသူသည် ပင်ကိုယ်စိတ်ရင်းအားဖြင့်ပင် အလှူဒါနပြုလိုစိတ်ရှိသူ၊ အမြဲမပြတ် ပေးကမ်းလှူဒါန်းလေ့ရှိသူမျိုး ဖြစ်သင့်သည်ဟုဆိုပါသည်။ (ဝိသုဒ္ဓိ၊ ၁၊ ၂၁၆) တနည်းအားဖြင့် ... မိမိအလှူကောင်းမှု၏ ဂုဏ်ကျေးဇူးကို ပွားများလိုသောသူသည် "ယနေ့မှ အစပြု၍ တောင်းခံသူရှိလာခဲ့ပါလျှင် အနည်းဆုံး တစ်လုပ်တစ်ဆုပ်ကိုသော်လည်း ပေးလှူမည်၊ မပေးမလှူဘဲ မစားတော့ပြီ" ဟုအဓိဋ္ဌာန်ပြုရပါမည်။


 ထို့နောက် တရားသဖြင့် ရရှိထားသော စီးပွားဥစ္စာထဲမှ မိမိစွမ်းနိုင်သလောက် ထုတ်နှုတ်၍ သီလရှိသော အလှူခံပုဂ္ဂိုလ်တို့အား နှစ်သက်ကြည်ဖြူစွာ ပေးလှူရပါမည်။ ထိုသို့ အလှူဒါနပြုသောအခါ မိမိ၏စိတ်စေတနာ ထက်သန်ပုံ၊ မတွန့်မတိုဖြစ်ပုံ၊ အလှူဒါနပြုရခြင်းကို နှစ်သက်ကြည်ဖြူပုံတို့ကို စိတ်ထဲက အလေးအနက်မှတ်သားထားရပါမည်။

......................

ထို့နောက် ဆိတ်ငြိမ်ရာသို့ သွားရောက်၍ တရားအားထုတ်သောအခါ ထိုင်သကဲ့သို့ ကောင်းစွာထိုင်ပြီးလျှင် အလှူပြုစဉ်တုန်းက မိမိစိတ်စေတနာ ဖြစ်ခဲ့ပုံများကို တရေးရေးဆင်ခြင်ပြီးလျှင် ... - အော်၊ ဝမ်းသာစရာ ကောင်းလိုက်တာ၊ အရတော်လိုက်တာ။ ဒါနကောင်းမှုရှင်များ ရရှိနိုင်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာများခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်းစတဲ့ အကျိုးအာနိသင် လာဘ်လာဘများကို ငါ ရရပေတော့မယ်။ - အော်၊ ဝမ်းသာစရာ ကောင်းလိုက်တာ၊ လူဖြစ်ကျိုးနပ်လိုက်တာ။

 မြတ်ဘုရား လမ်းညွှန်တော်မူသည့်အတိုင်း မပေးလှူလို သဝန်တိုတတ်တဲ့ စိတ်ယုတ်စိတ်ပုပ်တွေကို ငါရှင်းလင်းနိုင်ခဲ့တာ ကောင်းလိုက်တာ၊ နှမြောဝန်တိုလေ့ရှိသူတွေများတဲ့ ဒီလောကမှာ ငါဟာ ဝန်တိုမှုကင်းကင်းနဲ့ နေနိုင်တာ၊ ဒါနစေတနာတွေနဲ့ နေနိုင်တာ ဝမ်းသာစရာ ကောင်းလိုက်တာ။ - မပေးလှူလိုသူတွေများတဲ့ ဒီလောကမှာ လွတ်လွတ်လတ်လတ် ယတိပြတ်ပေးလှူပြီး နေနိုင်တာ ဝမ်းသာစရာကောင်းလိုက်တာ၊ တဏှာနဲ့သိမ်းပိုက်လေ့ရှိတဲ့လက်ကို ဒါနစေတနာနဲ့ စင်ကြယ်အောင်ဆေးကြောပြီး နေနိုင်တာ ဝမ်းသာစရာ ကောင်းလိုက်တာ။

 တဏှာနဲ့ အတင်းဆုပ်ထားလေ့ရှိတဲ့လက်ကို ဒါနစေတနာနဲ့ ဖြန့်ပြီးထားနိုင်တာ ဝမ်းသာစရာ ကောင်းလိုက်တာ။ - အလှူခံပုဂ္ဂိုလ်တွေဟာ ငါ့ကိုမြင်ရင် တောင်းခံသင့်တဲ့သူမှန်း သိသာနိုင်တာ ငါ့အတွက် ဝမ်းသာစရာကောင်းလိုက်တာ။ တတ်စွမ်းသမျှ ပေးကမ်းလှူဒါန်းပြီး နေနိုင်တာ ဝမ်းသာစရာ ကောင်းလိုက်တာ... စသည်ဖြင့် မိမိ၏ ဒါနစေတနာ၌ ဝန်တိုမှုအညစ်အကြေးကင်းပုံ၊ အလှူဒါနပြုခြင်း၌ စေတနာထက်သန်ပုံ၊ နှစ်သက်ကြည်ဖြူစွာ လှူဒါန်းနိုင်ပုံ စသော မိမိ ဒါနစေတနာ၏ ဂုဏ်ကျေးဇူးများကို ငါးမိနစ်၊ ဆယ်မိနစ်၊ နာရီဝက်၊ တစ်နာရီ စသည်ဖြင့် အထပ်ထပ်အခါခါ ဝမ်းမြောက်ဝမ်းသာ ဆင်ခြင်အောက်မေ့၍ နေရပါမည်။ ထိုကဲ့သို့ နေခြင်းမျိုးကို စာဂါနုဿတိပွားများ၍နေခြင်းဟု ခေါ်ဆိုပါသည်။

 ....................... ထိုကဲ့သို့ မိမိ၏ဒါနစေတနာ၊ စွန့်ကြဲပေးလှူဒါန်းခြင်း ဂုဏ်ကျေးဇူးတို့ကို အဖန်တလဲလဲ ဆင်ခြင်နေသော အလှူ့ရှင်၏ သန္တာန်၌၊ ရာဂစိတ်မဖြစ်၊ ဒေါသစိတ်မဖြစ်၊ မောဟလွှမ်းမိုးခံရသော စိတ်လည်း မဖြစ်။ မိမိဒါနကောင်းမှု၏ ဂုဏ်ကျေးဇူးတို့အပေါ်၌သာ စိတ်ဖြောင့်ဖြောင့် ရောက်နေသောကြောင့် စိတ်သည် နီဝရဏအညစ်အကြေးတို့မှ ကင်းလွတ်ခွင့်ရပြီးလျှင် စျာန်အင်္ဂါများပင် ဖြစ်ပေါ်လာတတ်ပေသည်။ သို့သော်၊ အလှူဒါန စာဂဂုဏ်တို့၏ နက်နဲခြင်းနှင့် မိမိဉာဏ်မှီသမျှ အလှူဒါန စာဂဂုဏ်တို့ကို နှလုံးသွင်းနေရခြင်းတို့ကြောင့် အပ္ပနာစျာန်သို့ ကား မရောက်နိုင်၊ ဥပစာရစျာန်သို့သာ ရောက်နိုင်လေသည်။ ..................

 ဤသို့ မိမိအလှူကို ကောင်းစွာဆင်ခြင်အောက်မေ့ခြင်း၏ အကျိုးကား ဤ စာဂါနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သောသူသည် - - အလှူပေးလိုစိတ် ပိုမို ထက်သန်လာ၏။ - အလိုလောဘ ကင်းကင်းဖြင့် နေလိုလာ၏။ - သတ္တဝါတို့အပေါ် မေတ္တာစိတ်ထားလေ့ ရှိလာ၏။ - စိုးရိမ်ခြင်းကင်းလျက် ရဲရင့်၏၊ - နှစ်သိမ့် ဝမ်းမြောက်မှုများလာ၏၊ - ဤဘဝ၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် သုဂတိဘဝသို့သာ လားရောက်ရပေ၏။

ထို့ကြောင့် ကောင်းသောအမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသောအာနုဘော်နှင့် ပြည့်စုံသော စာဂါနုဿတိကမ္မဋ္ဌာန်းကို မမေ့မလျော့ ပွားများအားထုတ်သင့်ကြပါသည် ဟူ၍...။ ဒါနဟူသည်၊ ငွေမမှီက လှူရခက်ချေ၊ မဖြစ်ပေဟု စိတ်ထွေသောအား၊ လွှတ်မထားနှင့်။ စိတ်ထားဖြောင့်မှန်၊ သဒ္ဓါခံနှင့် ကြံမှာတစ်ချိုး၊ တစ်ရိုးလ္ဘက် တစ်ခွက်သောက်ရေ၊ ပေးလှူလေလည်း မနည်းအကျိုး၊ ဂုဏ်ရည်တိုးသည် ကြိုးစားပေးလှူရာသတည်း။

 ကိုးကား။ ။ ဝိသုဒ္ဓိမဂ်၊ ၁၊ ၂၁၆ - ၂၁၈။ ပဏ္ဍိတဝေဒနိယဒီပနီ၊ ၅၄၅။

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ) 25/ 03/ 2018