Saturday, June 16, 2018

"သည်းခံခြင်း၊ သနားခြင်း၊ လျစ်လျူရှုခြင်းတို့ဖြင့်... "


"သည်းခံခြင်း၊ သနားခြင်း၊ လျစ်လျူရှုခြင်းတို့ဖြင့်... "

 (၁) - မြစ်တို့သည် ရေကို သိုလှောင်ထားကြသော်လည်း မိမိ၏ရေကို မသောက်ကြကုန်။ ရေကိုသိုလှောင်ထားခြင်းဖြင့် သတ္တလောကကို ကျေးဇူးပြုကြကုန်၏။ - သစ်ပင်တို့သည် အသီးသီးပေးကြသော်လည်း မိမိ၏ အသီးကို မစားကြကုန်။ အသီးသီးပေးခြင်းဖြင့် သတ္တလောကကို ကျေးဇူးပြုကြကုန်၏။ (အသက်မရှိ အဝိညာဏကဖြစ်သော မြစ်၊ သစ်ပင်တို့သော်မှ အများကောင်းကျိုးကို ဆောင်ရွက်နိုင်ကြသေးလျှင်၊ လူဖြစ်သော ငါတို့မှာကား အဘယ်ကြောင့် အများကောင်းကျိုးကို မဆောင်ရွက်နိုင်ဘဲ ရှိရပါမည်နည်း။)


(၂) - နွားမတို့သည် နို့ရည်ကို ဖြစ်စေသော်လည်း မိမိ၏နို့ရည်ကို မသောက်ကြကုန်။ နို့ရည်ကို ဖြစ်စေခြင်းဖြင့် သတ္တလောကကို ကျေးဇူးပြုကြကုန်၏။ (တိရစ္ဆာန်ဖြစ်သော နွားမတို့သော်မှ အများကောင်းကျိုးကို ဆောင်ရွက်နိုင်ကြသေးလျှင်၊ လူဖြစ်သော ငါတို့မှာကား အဘယ်ကြောင့် အများကောင်းကျိုးကို မဆောင်ရွက်နိုင်ဘဲ ရှိရပါမည်နည်း။)

(၃) ထိုဥပမာများကို နည်းယူ၍ သူတော်ကောင်း အစဉ်အဆက်တို့သည် အလုပ်လုပ်၍ စီးပွားရှာနေကြသော်လည်း ထိုစီးပွားသည် သူတို့အတွက် မဟုတ်၊ အများကောင်းကျိုးအတွက်ပင် ဖြစ်လေသည်။

 (၄) လူ့ဘဝကို ရခဲလှသည်ဟု ခံယူထားသူများသည် ဘဝတိုင်း ရုန်းကန်ရင်ဆိုင်ရဖွယ်ရှိသော စားဝတ်နေရေး စီးပွားရေးအလုပ်မျှဖြင့် မိမိ၏ အဖိုးတန် အချိန်များကို မကုန်ဆုံးစေကြ။ မအားလပ်သည့်ကြားမှ အားလပ်အောင်ရှာကြံ၍ အများကောင်းကျိုး၊ လောကကောင်းကျိုးကို သယ်ပိုးမြဲ ဖြစ်ကြလေသည်။ ထိုသို့ အများကောင်းကျိုး လောကကောင်းကျိုးကို ကြိုးစားလုပ်ဆောင်နေခြင်းသည်ပင် ပါရမီထိုက်သော လုပ်ငန်းရပ်များလည်း ဖြစ်လေသည်။

 ပါရမီထိုက်သော လုပ်ငန်းသည် အဆန်လမ်းဖြစ်ပြီး၊ သာမာန်လူများ နားလည်နိုင်သည့် လုပ်ငန်းမျိုးမဟုတ်။ ထို့ကြောင့် သည်းခံခြင်း ခန္တီတရားကို လက်ကိုင်ထားနိုင်မှ တော်ကာကျမည်ဖြစ်လေသည်။ ထိုသည်းခံခြင်း ခန္တီတရားဟူသည်ကိုှလည်း ပါရမီလုပ်ငန်းကို နားမလည်၍ ရန်မူလာသူ၊ ဖိနှိပ်လိုသူများအပေါ် သနားခြင်း၊ ခွင့်လွှတ်ခြင်း၊ လျစ်လျူရှုခြင်းတို့ဖြင့်သာ ထူထောင် နိုင်ကြမည်ဖြစ်လေသည်။

(၅) ကိုယ်ပြုသောကံ၏ သန့်ရှင်းသည် မသန့်ရှင်းသည်ကို ကိုယ်တိုင်ပင် သိမြင်ကြသည်ဖြစ်ရာ ကိုယ့်လုပ်ရပ်နှင့် ကိုယ့်စကားအပေါ် ကိုယ့်စိတ်ထား မည်မျှသန့်စင်သည် မသန့်စင်သည်ကို ကိုယ်တိုင်သာ အသိဆုံး ဖြစ်ကြလေသည်။

(ခံရသူသည်လည်းကောင်း၊ ဖိနှိပ်လိုသူသည်လည်းကောင်း မိမိစိတ်ထားနှင့် မိမိလုပ်ရပ်ကို မိမိတို့ကိုယ်တိုင်ပင် သိကြမြဲ ဖြစ်လေသည်။) အများက မကောင်းဟု ဆိုတိုင်း မကောင်းဖြစ်သည် မဟုတ်သကဲ့သို့၊ အများက ကောင်းသည်ဟု ဆိုတိုင်းလည်း ကောင်းသည် မဟုတ်ချေ။

ကံ နှင့် ကံ၏အကျိုးပေး ကမ္မနိယာမ ဟူသည် တစ်ဦးတစ်ယောက်တည်းက ဆုံးဖြစ်ပေးသော အာဏာရှင် စနစ်မျိုးလည်း မဟုတ်သကဲ့သို့၊ အများထောက်ခံမှ ဖြစ်သည့် ဒီမိုကရေစီစနစ်မျိုးလည်းမဟုတ်ပါလေ မိတ်ဆွေများ။

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)