တစ်စက္ကန့်မှာ ကုသိုလ်စိတ်ပေါင်း ကုဋေတစ်သိန်း
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)။
မြတ်စွာဘုရားက ဒကာ ၊ ဒကာမတွေ သီလယူတဲ့အခါ ရှေ့က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ လို့ ဆိုပေးလိုက် တယ် ဆိုပါတော့ ဒီသရဏဂုံ သုံးပါကို ဆိုလိုက် ရတာ အချိန်အားဖြင့် ဘယ်လောက်ကြာမယ် ထင်သလဲ ခန့်မှန်းကြည့်စမ်းပါ ။
လေး ငါး စက္ကန့်လောက်ပဲ ရှိမယ် ။ အဲ့ဒီလို မြတ်စွာဘုရားက ရှေ့က သရဏံဂုံ သုံးပါကို ဆိုပေးပြီးတော့ နောက်က ဒကာ ၊ ဒကာမတွေ လိုက်ဆိုနေတုန်းမှာ မြတ်စွာဘုရား က သမာပတ် ဝင်စားပြီးတော့ နေလိုက်တယ်တဲ့ ဒီ ငါးစက္ကန့်လောက်အချိန်လေး ၊ လက်ဖျစ်နဲ့ တွက်မယ်ဆိုရင် လေး , ငါး , ခြောက် - ချက် လောက်ပဲ ရှိမယ် ။ ဒီလောက် အချိန်လေးကို အလကား ဖြစ်မသွားစေဘူး ၊ တန်ဖိုးရှိရှိ နေ လိုက်တယ် ။
အဲ့ဒါကိုက အင်မတန် ကြည်ညိုစရာလည်း ကောင်းတယ် ။ အင်မတန် အတုယူစရာလည်း ကောင်းတယ် ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တစ်စက္ကန့်ဆို တာ အချိန်အားဖြင့် ဘယ်လောက်မှ မကြာဘူး။ လက်ဖျစ် တစ်ဖျစ်လောက်ပဲ ကြာတယ် ။
လက်ဖျစ်တစ်ဖျစ် အတွင်းမှာ စိတ်ပေါင်း ဘယ်လောက် ဖြစ်တယ်လို့ မှတ်သားဖူးသလဲ။ စိတ်ပေါင်း ကုဋေတစ်သိန်းလောက် ဖြစ်တယ်တဲ့ တော်တော်ကြီးပဲ များတယ်နော် ။ အ့ံသြစရာ ကောင်းလောက်အောင် များလွန်းပါတယ် ။ အခုခေတ် ပေါ်နေတဲ့ ကွန်ပြူတာတွေတောင်မှ တစ်စက္ကန့် အတွင်းမှာ ကွန်ပြူတာ တစ်ခုက နောက် ကွန်ပြူတာ တစ်ခုကို အချက်အလက် သန်းနဲ့ချီပြီး ကူးပြောင်းပေးနိုင်တယ်တဲ့ ။
ကွန်ပြူတာထက် စိတ်က အဆပေါင်းများစွာ မြန်ပါတယ် ။ တစ်စက္ကန့် အတွင်းမှာ လက်ဖျစ်တစ်ဖျစ် အတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သိန်းလောက် ဖြစ်နိုင်ပါတယ် ။ အဲ့ဒီ အချိန်အတွင်းမှာ ကုသိုလ်စိတ် ဖြစ်လိုက်ရ ရင် ကုသိုလ်စိတ်ပေါင်း ဘယ်လောက် ဖြစ်မလဲ။
ကုဋေနဲ့ချီပြီး ဖြစ်သွားပြီနော် ။ နဲသလား ။ မနဲပါဘူးနော် ။ အကယ်၍ အဲ့ဒီ အချိန်မှာ အကုသိုလ်စိတ် ဖြစ် သွားတယ် ဆိုရင်လည်း ဒီအတိုင်းပါပဲ ။ ဒီတော့ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် အချိန် ကလေးက တစက္ကန့်ပဲ ။ ဒါပေမဲ့ စိတ် အရေ အတွက်နဲ့ ကြည့်မယ်ဆိုရင် အင်မတန် များပါ တယ် ။ အဲ့ဒီတော့ ဒီ တစ်စက္ကန့်အတွင်းမှာ ကုသိုလ်တွေ ဖြစ်လိုက်လို့ရှိရင် ကုသိုလ်စိတ် ပေါင်း ကုဋေနဲ့ချီပြီး ဖြစ်လိုက်ရတဲ့ အတွက် ကြောင့် တန်ဖိုးဖြတ်လို့ ရမလား ။ မရနိုင်ဘူး။
ယူတတ်ရင် ဒီ တစ်စက္ကန့်ဟာ ဘယ်လောက် အကျိုးများသလဲ ဆိုတာ စဉ်းစားကြည့်နော် ။ မယူတတ်ရင် ဒီအချိန်မှာ တွေဝေပြီးတော့ နေ ချင်နေမယ် ။ မောဟတွေ အားကြီးနေချင် လည်း နေမယ် ။ လောဘ ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ဒေါသ ဖြစ်ချင်လည်း ဖြစ်နေမယ် ။ မာန ၊ မနာလို ဝန်တို တာတွေ ဖြစ်ချင်လည်း ဖြစ်နေမယ် ။ ငိုက်မျဉ်း နေရင်လည်း နေမယ်။ ထိုင်းမှိုင်းနေချင် နေမယ် ။
ဒါတွေ ဖြစ်နေမယ် ဆိုရင် ဒီ အချိန်ဟာ အလကား ဖြစ်သွားတာပဲ။
“ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် ၊ သတိဖြင့်နေထိုင်ခြင်း တရားတော်
" ဆရာတော်ဦးဇောတိက( မဟာမြိုင်တောရ) စာ - ၆၉ မှ ကောက်နုတ် ပူဇော်ပါသည် ။
Credit/- Winn Moe