Saturday, June 2, 2018

ပျံတော်မူပြီးသည့်တိုင် ပြဿနာများဖြေရှင်းပေးသည့်ဆရာသမား

ပျံတော်မူပြီးသည့်တိုင် ပြဿနာများဖြေရှင်းပေးသည့်ဆရာသမား

 ဒီစာအုပ်(အောင်ဘိသိက်ယူ နှစ်ကျိတ်ရှစ်ဆူ မြတ်စွာဘုရားကိုယ်တော်များ စုစည်းမှတ်တမ်း)က ဘုရားစင်ရှေ့မှာထားတာ တော်တော်ကြာပါပြီ။ တော်တော်လေးလည်း ဟောင်းနေပါပြီ၊ အမှတ်တမဲ့ပဲနေခဲ့တာ၊ အမှန်အတိုင်းပြောရလျှင် ဆရာသမားရေးသွားသည့်စာအုပ်အနေနဲ့ပဲ ထိန်းသိမ်းထားလိုက်တာပါ၊ ဟိုလှန်ဒီလှန်ပဲ ဖတ်ဖူးတာပါ၊ သေသေချာချာ မဖတ်ဖူးပါဘူး။ အခုတော့တိုက်တိုက်ဆိုင်ဆိုင် ဒကာမကြီးတစ်ယောက်က ကဿပဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်နဲ့၊ ဂေါတမဘုရားပွင့်တော်မူရာ ဗောဓိပင်တို့က ဘာပါလဲဘုရားတဲ့။ လာမေးတော့မှ “ခလုတ်ထိမှ အမိတ”ဆိုတဲ့ စကားအတိုင်း ဘုရားစင်ရှေ့က ဆရာသမားရေးသွားတော်မူခဲ့သည့် စာအုပ်ကို သတိရပြီး အပြေးအလွွှား သွားယူကြည့်ရတယ်။ တွေ့ပါပြီဗျာ၊


 ကဿပဘုရားပွင့်တော်မူရာ ဗောဓိပင်က ပညောင်ပင်တဲ့၊ ဂေါတမဘုရားပွင့်တော်မူရာ ဗောဓိပင်က ညောင်ဗုဒ္ဓဟေပင်တဲ့၊ နှစ်ဆူလုံးက ညောင်ပင်တော့ ညောင်ပင်ပဲ ဒါပေမယ့် မတူဘူး။ ဒါနဲ့ သေချာအောင် မင်းကွန်းဆရာတော်ရေးသားတော်မူခဲ့သည့် မဟာဗုဒ္ဓဝင်ကို ကြည့်လိုက်ပါအုံးမယ်လေဆိုတော့၊ ခက်ကုန်ပြီ စာတွေကအများကြီး ဘယ်နားပါလို့ပါမှန်းမသိဘူး၊ ရှာရမှာ ကြာအုံးမယ်။ ဒါနဲ့ဆရာသမားရေးသားခဲ့တဲ့စာအုပ်ကို သေချာပြန်ကြည့်မိတယ်၊ ပြန်ကိုင်ကြည့်လိုက်တယ်ဆိုရင်ပဲ တော်တော်အံ့သြသွားတယ်၊ လက်ဖျားတော်တော်ခါသွားတယ်၊ ဆရာသမားကိုလည်း တော်တော်လေးကို အထင်ကြီးလေးစားမိသွားတယ်၊ အချက်အလက်တစ်ခုခြင်းကို ကျမ်းညွှန်းတွေပါထည့်ရေးသားတော်မူခဲ့ သောကြောင့် ဖြစ်ပါသည်။

 ဥပမာ- ဂေါတမမြတ်စွာဘုရားဆိုရင်၊ ဗောဓိပင်- ညောင်ဗုဒ္ဓဟေပင်၊ ကျမ်းညွှန်း- ဝင် တ ၁၀၉။ အမျိုးဆိုရင် မင်းမျိုး၊ ကျမ်းညွှန်း- ဝင် တ ၁၀၆၊ စသည်ဖြင့် ပြဆိုတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။ မေးစရာရှိတာက အရင်တုန်းက ဆရာတော်ကို မလေးစား အထင်မကြီးဘူးလားဟူ၍ဖြစ်သည်၊ မိမိဆရာသမားပဲ လေးစားခဲ့ အထင်ကြီးခဲ့ပါသည်။ ဒါပေမယ့် မတူပါဘူး။ လူတွေလိုပြောရမယ်ဆိုရင်တော့ အိမ်ထောင်မကျခင်က မိဘကိုချစ်တာ မေတ္တာတရားကိုနားလည်တာနဲ့၊ မိမိကိုယ်တိုင် အိမ်ထောင်ကျပြီး ကလေးရမှ မိဘကျေးဇူးကို နားလည်သဘောပေါက်တာခြင်း ကွာသလိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဆရာသမားက ကျမ်းညွှန်းတွေပါ ထည့်ရေးပေးခဲ့တော့ အလွယ်တကူ သွားကြည့်လိုက်ရုံပါပဲ၊ ပျံတော်မူတာတောင် တပည့်တွေရဲ့ အခက်အခဲကို ဖြေးရှင်းပေးနေတုန်းပါလားဆိုပြီး ဒီနေ့တော့ ဆရာသမားကို ထူးထူးခြားခြား သတိရကာ ဆရာသမား၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိပါသည်။

 ဆရာတော်လောင်းလျားကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မြိုင်မြို့နယ်၊ ဆိတ်ဆင်းအုပ်စု၊ ဆိတ်ဆင်း-ကံလှကျေးရွာတွင် ခမည်းတော် ဦးသင်း+မယ်တော်ဒေါ်စိန်မေတို့မှ ၁၃၁၀-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်၊ အင်္ဂါနေ့နံနက် ၄းဝဝနာရီတွင် မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။ မွေးချင်း(၆)ယောက်အနက် ဆရာတော်သည် ဒုတိယမြောက် သားရတနာဖြစ်ပေသည်။ ငယ်မည်မှာကောင်းလွန်းဖြစ်သည်၊ အမည်နာမနှင့်ထပ်တူ ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင်စ၍ အကျင့်စာရိတ္တနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ အလွန်အင်မတန်ကောင်းခဲ့သည်ဟု သိရသည်။ ဆရာတော်မွေးဖွားရာဇာတိကျေးရွာမှာ၊ ရှေးခေတ်က တိလောကဂုရုဆရာတော်မွေးဖွားခဲ့သော ကျေးရွာဖြစ်သဖြင့် သမိုင်းရှိသောရွာဟုဆိုရပေမည်။ ထို့အပြင် ပြည်ပသာသနာပြု ဘဒ္ဒန္တသုမနာစာရ (အဂ္ဂမဟာပဏ္ဍိတ)၊ ရန်ကုန်မြို့၊လောကဦးသျှောင်ကျောင်းဆရာတော်၏ ဇာတိကျေးရွာလည်းဖြစ်ပေသည်။ ထို့အပြင် ဆိတ်ဆင်းအုပ်စုအဝင်အပါ ကျောက်တိုင်ကျေးရွာမှ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရ၏ ဇာတိလည်းဖြစ်ပေသည်။ ဆရာတော်မွေးဖွားရာ မြိုင်နယ်သည်လည်း ရဟန်းပညာရှိ လူပညာရှိများအများအပြား ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်သဖြင့်၊ ရေခံမြေခံကောင်းသောအရပ်ဟုဆိုရမည်ဖြစ်ပေသည်။

ဆရာတော်လောင်းလျာ မောင်ကောင်းလွန်းသည် (၁၃)နှစ်အရွယ်တွင် ရွာကုန်းကျေးရွာ မကျီးတောကျောင်းတိုက်ဆရာတော် ဘဒ္ဒန ္တအာသဘကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ဘွဲ့အမည်မှာ ရှင်ဇဝနတိက္ခဖြစ်သည်။ မကျီးတောကျောင်းတိုက်ဆိုသည်မှာ အမည်နာမနှင့်လိုက်အောင် မကျီးပင်များပေါများလေသည်။ ဆရာတော်များအများအပြားပေါ်ထွက်ခဲ့ပေသည်။ စင်ကာပူနိုင်ငံ တိုင်ဂျင်လမ်း မဟာသာသနရံသီ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် တိစန္ဒဝိဟာရ စင်ကာပူကျောင်းတိုက်တို့၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကသိရီသည်လည်း မကျီးတောကျောင်းထွက်ဟုဆိုလျှင် မှားအံ့မထင်၊ စင်ကာပူဆရာတော်နှင့် ယခုဆရာတော်တို့သည် မကျီးတောကျောင်းတွင် ပညာအတူသင်ခဲ့ကြသည်ဟု သိရပေသည်။

 ရှင်ဇဝနတိက္ခသည် ၁၃၂၉-ခုနှစ်၊ နှောင်တန်ခူးလဆန်း(၁၂)ရက်နေ့တွင်၊ ကွမ်းခြံကုန်းမြို့၊ ဓမ္မိကာရုံကျောင်းခဏ္ဍသိမ်၌ ဓမ္မိကာရုံကျောင်းဆရာတော် ဘဒ္ဒန ္တစာရိန္ဒအား ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ မကျီးတောကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတိုက်၊ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ဘုရားကြီးကျောင်းတိုက်၊ ဝဇီရကိတ္တိကျောင်းတို့၌ စာပေပရိယတ္တိများသင်ကြားလေ့လာခဲ့၍၊ သာသနဓဇဓမ္မာစရိယဘွဲ့နှင့် နိကာယုဇ္ဇောတက ဓမ္မတ္ထဝိသာရဒ မဇ္စျိမ ဘာဏက ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့လေသည်။ ၁၃၄၂-ခုနှစ်တွင်၊ ကွမ်းခြံကုန်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်ကို ဦးရီးတော်ဆရာ ဘဒ္ဒန္တဝိသုဒ္ဓနှင့်အတူ စာသင်သား(၂၇)ပါးဖြင့် စတင်ကာ စာသင်တိုက်အဖြစ်တည်ထောင်ကာ စာပေပရိယတ္တိများ သင်ကြား ပို့ချခဲ့လေသည်။ သို့အတွက်ကြောင့် ဆရာတော်သည် တပည့်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။

ယခုအချိန်တွင်မူ ဆရာတော် ဘဝနတ်ကျောင်း ရွေ့ပြောင်းကျောင်းထိုင်တော်မူသည့်တိုင် ဆရာတော် စာချစာသင်၍ ထွန်းညှိတော်မူခဲ့သော သာသနာ့အလင်းရောင်သည် ထွန်းလင်းမြဲပင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်၏တပည့်များမှ မိမိတို့ရောက်ရာဒေသ ကျရာတာဝန်များကို ထမ်းဆောင်လျှက် နေရာဒေသအသီးသီးမှာ မိမိတို့စွမ်းရာတာဝန်များဖြင့် သာသနာပြုလျက် ရှိသောကြောင့်ပင် ဖြစ်ပါသည်။ ၁၃၆၁-နှစ်တွင်၊ ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ ပျံလွန်တော်မူသွားသောကြောင့်၊ ဆရာတော်သည် ကျောင်းထိုင်ဆရာတော်အဖြစ်စတင်တာဝန်ထမ်းဆောင်တော်မူခဲ့ရပေသည်။

၁၃၆၂-ခုနှစ်တွင်၊ နိုင်ငံတော်အစိုးရမှ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့လေသည်။ ဆရာတော်သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌတာဝန်၊ နိုင်ငံတော်ဗဟိုဝန်ဆောင် တာဝန်များကိုလည်း ထမ်းဆောင်တော်မူခဲ့လေသည်။ ဆရာတော်သည် လောကီလောကုတ္တရာအကျိုး ပွားတိုးရန် ရည်စိတ်သန်၍ အောက်ပါစာအုပ်များကိုလည်း ရေးသားတော်မူခဲ့လေသည်။

 ၁။ မကျီးတောထေရာပါဒါန်

 ၂။ ဘုန်းကြီးလက်သုံးစာပန်းကုံး။

၃။ အခြေခံသင်္ဂြု ိဟ်သရုပ်ခွဲ ပထမပိုင်း။

 ၄။ ဓမ္မိကာရုံဝတ်ရွတ်စဉ်။

 ၅။ အခြေခံသင်္ဂြ ိုဟ်သရုပ်ခွဲ ဒုတိယပိုင်း။

၆။ အောင်ဘိသိက်ယူ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရား ကို်ယ်တော်များ စုစည်းမှတ်တမ်း။

 ၇။အိမ်ဆောက်ပန္နက်တင် ထိမ်းမြားလိုလျှင် စုစည်းမှတ်တမ်း။

၈။ ဘေးရန်လွတ်ဖို့ ရွတ်ဖတ်စို့ ။

 ၉။ ဘုန်းကံပြည့်ခိုင် တံခွန်တိုင် စသောကျမ်းစာများကို ရေးသားတော်မူခဲ့လေသည်။ နာဂစ်မုန်တိုင်းဖြစ်ပေါ်လာပြီးနောက်တစ်နေ့တွင် ဆရာတော်ကျောင်းသို့ အားကိုးအားထားပြု၍ လာကြသော ဒကာဒကာမများမှာ ကျောင်းဆောင်များအပြည့်ဖြစ်၍နေပေသည်၊ ပတ်ဝန်းကျင်တွင်လည်း သစ်ပင်များပြိုလဲ အိမ်များပြိုလဲ၊ လူများအပြားအသက်ဆုံးရှုံး၍ ဘဝပါပျက်သွားသူများ၊ တွေ့မြင်ကြားသိ၍ ဆရာတော်၏စိတ်၌ ဒကာ ဒကာမများအပေါ်တွင် များစွာသနားခြင်း ကရုဏာဖြစ်ပေါ်ခဲ့သည်ထင်၏။

 ထိုနာဂစ်ဖြစ်ပျက်ပြီးသည်မှစ၍ ဂန္ထဓုရအပြင်၊ဒေသဆိုင်ရာအာဏာပိုင်များ ပြည်တွင်းပြည်ပ အလှူရှင်များ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူးမြို့နယ်များတွင်၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူခဲ့ပေသည်။ နာဂစ်တွင်အိမ်များပြိုပျက်သွားသောသူများအား ဆရာတော်ဦးဆောင်၍ အလှူခံကာဆောက်လုပ်ပေး ထားခဲ့သော ဒကာ ဒကာမများမှ ဆရာတော်အား ညစဉ်ရှိခိုးဦးချအိပ်လျက်ရှိပါကြောင်း အခွင့်သာတိုင်း လျှောက်ထားသည်ကို မကြာခဏကြားနေရသေးသည်။ တစ်ခါတရံ ကျေးရွာများသို့ မဟာဒုတ်ကြွသွားတဲ့အခါ ဘယ်ကျောင်းကလဲမေး၍၊ဆရာတော်ကျောင်းမှဟုှ သိရလျှင် “ဒီအိမ်က ဆရာတော်ဆောက်ပေးခဲ့တာဘုရား၊ အဲဒီအချိန်တုန်းက တပည့်တော်တို့ အိမ်ပြန်ဆောက်ဖို့မပြောနဲ့၊ စားဖို့တောင်အနိုင်နိုင်ပါဘုရား၊ ဆရာတော်ကျေးဇူးတွေ တပည့်တော်တို့အပေါ်မှာ အများကြီးရှိပါတယ်ဘုရား” ဟုလျှောက်ထားကြလေလျှင် တပည့်တစ်ပါးအနေနှင့် ဆရာတော်အား သတိတရဖြစ်ကာ ဝမ်းနည်း ဝမ်းသာဖြစ််မိပေသည်။

ဆရာတော်၏ အလုပ်လုပ်ရာတွင် စည်းစနစ်ကျနမှု အဂတိတရားကင်းရှင်းမှုတို့ကြောင့် အလှူရှင်များမှလည်း ဆရာတော်အား ယုံယုံကြည်ကြည်လှူဒါန်း၍ ဆရာတော်မှ လိုအပ်သောနေရာများသို့ အတိအကျ ရောက်အောင် စွမ်းဆောင်နိုင်တော်မူသောကြောင့် လိုအပ်သော ဒကာ ဒကာမများမှာ များစွာကျေးဇူးများလှသည်ကို တွေ့ရှိရပေသည်။ လောကတွင်၊ သင်ဆရာ-အတတ်ပညာများကို ကိုယ်ထိလက်ရောက် ကျကျနနသင်ပေးသော - မုတာစရိယ။ မြင်ဆရာ- သူလုပ်ကိုင်နေသည်ကိုတွေ့ကာမြင်ကာဖြင့် တတ်မြောက်ခြင်းရှိသူ၏ဆရာ- ဒိဋ္ဌာစရိယ။ ကြားဆရာ - သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်သူ၏ဆရာ - သုတာစရိယ။ဟူ၍ သင်ဆရာ မြင်ဆရာ ကြားဆရာသုံးမျိုးရှိရာ ဆရာတော်သည် မိမိအတွက် သင်ဆရာလည်းဟုတ်သည်၊ မြင်ဆရာလည်း ဟုတ်သည်၊ ကြားဆရာလည်း ဟုတ်သည်။

ဆရာတော်သည်၁၃၇၅-ခုနှစ်၊ ၀ါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့ည ၁ဝး၃၀ နာရီတွင် ပျံလွန်တော်မူခဲ့လေသည်၊ တန်ဖိုးဆိုတာ မရှိမှ၊ ပို၍နားလည်သဘောပေါက်သည်ထင်၏၊ ဆရာတော်မရှိမှ ဆရာတော်၏ တန်ဖိုုးကို ပို၍ သဘောပေါက်လာမိသည်၊ ဟိုတစ်ချိန်က စာများရေးသားလျှင် ဆရာတော်မှ သတ်ပုံများကအစ ပြန်ပြင်ဆင်ခိုင်းတတ်သည်၊ အကြောင်းအရာကအစ သတ်ပုံအဆုံး၊စိတ်တိုင်းကျမှ စာတစ်ပုဒ် စာတစ်စောင်၊ ဘာအကြောင်းအရာကိုဖြစ်ဖြစ် လွှတ်တတ်သည်၊ အဲဒီအချိန်တုန်းကတော့၊ ဆရာတော်က ချေးများ(ဂျီများ)လိုက်တာ ဒါလေးများ ဘာဖြစ််တာမှတ်လို့ အချိန်ကုန်တယ်ဟု စိတ်ထဲမှ ငြိုငြင်မိခဲ့ဖူးပါသည်။ ယခုအချိန် မိမိစာရေးသားတာ ၀ါသနာပါ၍ စာများကိုမိမိစွမ်းနိုင်သလောက်လေး ရေးသားတဲ့အချိန်ကြတော့ ဆရာတော်က မရှိတော့ပြီ၊

တခါတလေ စိတ်ထဲမှာ ဒွိဟဖြစ်နေသည့် အကြောင်းအရာများကို မေးမြန်းချင်သော်လည်း၊ ဆရာတော်က အနားမှာ မရှိတော့ပြီ။ ဘဝမှာ ပြဿနာများ ကြုံလာလျှင် ဆရာတော်အား မေးမြန်းလျှောက်ထား၍ အကြံဉာဏ်များ တောင်းခံချင်မိသည်၊ ဒီကိစ္စကို ဆရာတော်ဆိုလျှင် ဘယ်လိုမြင်မလဲဟု အားကိုးမိသည်။ ငယ်စဉ်က ဆရာတော်ဟာ အလွန်အင်မတန်ကပ်စေးနှဲသည်ဟု ထင်ခဲ့ဖူးသည်၊ ခုအချိန်ကြမှ ဝတ္ထုပစ္စည်းများကို စနစ်တကျသုံးစွဲရမည်ဟု သိလာရသည်။ ငယ်စဉ်က ဆရာတော်သည် အလွန်အင်မတန် စည်းကမ်းတင်းကြပ်သည်ဟု ထင်ခဲ့ဖူးသည်၊ ယခုအချိန်မှာတော့ စည်းကမ်းဟာ လူ့တန်းဖိုးဆိုတာ သိလာရသည်။

ငယ်စဉ်က စာပဲအတင်းကျက်ခိုင်းနေသည်ဟု ထင်ခဲ့ဖူးသည်၊ ယခုအချိန်မှာတော့ ပညာမတတ်လျှင် ပွဲလယ်မတင့်မှန်းသိလာရသည်။ ငယ်စဉ်က ဆရာတော်ဟာ အလုပ်ပဲ နင်းကန်ခိုင်းနေသည်ဟု ထင်ခဲ့ဖူးသည်၊ ခုအချိန်မှာတော့ အလုပ်ရှိမှ ဂုဏ်ရှိတယ်ဆိုတာ သိလာရသည်။ ငယ်စဉ် ဆရာတော်က သူ့ရှေ့မှာ စာများဖတ်ခိုင်းသည်ကို ပျင်းစရာကောင်းသည်ဟု ထင်ခဲ့ဖူးသည် ယခုအချိန်မှာတော့ စာဖတ်ခြင်းဟာ အကျိုးကျေးဇူးများသည်ကို သိလာရသည်။ သို့သော်လည်းပဲ ဆရာတော်၏ ဆုံးမစကားများ၊ ဆရာတော်ရေးသားခဲ့သည့် စာအုပ်များမှာ ယခုထက်တိုင် နည်းပေးလမ်းပြဆိုဆုံးမလျှက်ရှိသဖြင့် ပျံတော်မူပြီးသည့်တိုင် ပြဿနာများဖြေရှင်းပေးနေသည့် ဆရာသမားဟုဆိုလျှင် မှားအံ့မထင်ချေ။

အရှင်သာသန