Saturday, June 2, 2018

ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ၊

အလှူကမ္ပည်းကြောင့် ပြိတ္တာဘဝက လွတ်မြောက်သွားပုံ  

အလှူကမ္ပည်း”
. “ပေးသောလက်ကို လူမမြင်စေနဲ့”ဆိုတာဟာ ဗုဒ္ဓဝါဒ အဆုံးအမ မဟုတ်ဘူးလို့ စိတ်ထဲ မြဲမြဲမှတ်ထားပါ။ ဗုဒ္ဓဝါဒအရ ကောင်းမှုရှင် ကမ္ပည်းထိုးရာမှာ ရည်ရွယ်ချက် နှစ်ခု ရှိတယ်။ (၁)။ မိမိနဲ့ မိမိရဲ့ သားစဉ်မျိုးဆက် အဲဒီကုသိုလ်နဲ့ ပတ်သက်ပြီး အပရစေတနာ(ကိုယ့်အလှူကို ပြန်သတိရပြီး ကြည်နူးနှစ်သက်မှု) ထက်သန်နေဖို့။ ဆိုပါတော့ ..… အနည်းဆုံး အဖိုး၊အဖွားတွေ တည်သွားတဲ့ ဘုရားပျက်ကို မြေးမြစ်တွေ ဆက်လက်ပြီး ထိန်းသိမ်းနိုင်တာပေါ့။


 ရှေးခေတ်က လှူနိုင်ဒါန်းနိုင်သူတွေမှာ မိမိတို့ လှူဒါန်းထားတဲ့ အလှူဒါန အားလုံးကို စာရင်းလုပ်ထားတဲ့ ပုညပေါတ္ထက (ကောင်းမှု စာရင်းစာအုပ်) ဆိုတာတောင် ရှိတယ်။ (၂)။ သူတော်ကောင်းတို့ သာဓု ခေါ်နိုင်ဖို့။ ကမ္ပည်းထိုးသူအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ထိုးထိုး (ကြွားချင်လို့ပဲ ထိုးထိုး၊ကျော်ချင်လို့ပဲ ထိုးထိုး) မိမိအနေနဲ့ သာဓုခေါ်ရုံပါပဲ။ ဒါ သူတော်ကောင်း အလုပ်ပါ။ သူများ အလှူကြောင့် ကိုယ့်စိတ်ထဲ ဘာလို့ အကုသိုလ် အဖြစ်ခံမှာလဲ။ အလှူဖိတ်စာထဲက ဘယ်သူ ဘာကျွေးမယ်ဆိုတဲ့ စာရင်းမှာ သူ့နာမည်ကို မထည့်ပါနဲ့တဲ့။ လှူတာတော့ လှူမှာပါတဲ့။ လူတစ်ယောက်က အဲဒီလို ပြောဖူးပါတယ်။ သူ့ဆန္ဒဖြစ်လို့ သူ့ကိုတော့ ဘာမှ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်ရုံနဲ့ မိရိုးဖလာလွန် ဗုဒ္ဓဝါဒီတော့ ဖြစ်မသွားနိုင်ပါဘူး။ အဲဒီ အယူအဆမျိုးကို အတုလည်း မယူသင့်ဘူး။ ဘာကြောင့်လဲ .. သိလား။ ဆက်ဖတ်ကြည့် …။ .

 ဝှေးစေ့ထမ်းပြိတ္တာ

 ကုမ္ဘဏ္ဍပြိတ္တာ (ရာဝင်စဉ့်အိုးလောက်ရှိတဲ့ ဝှေးစေ့ကြီးကို ထမ်းသွားနေရတဲ့ ပြိတ္တာ) တစ်ယောက် နေပူကျဲကျဲမှာ ယမ်းတန်း ယမ်းတန်းနဲ့ လမ်းလျှောက်လာရင်း အလွန် ရေဆာလာသတဲ့။ တစ်နေရာ ရောက်တော့ မန်ကျည်းပင်အောက်မှာ ဝါးပိုးဝါးနဲ့ လုပ်ထားတဲ့ တစ်တိုင်စင်ပေါ်က ရေအပြည့်နဲ့ ရေချမ်းအိုးကို တွေ့သတဲ့။ အုန်းမှုတ်ခွက်နဲ့ ရေကို အငမ်းမရ ခပ်သောက်နေဆဲ ရေချမ်းစင်က စာကို ဖတ်ကြည့်မိတော့ . . . “တရားသူကြီး ..… ကို ရည်စူး၍ သားသမီး မြေးမြစ် ကောင်းမှု” တဲ့။ ဒါနဲ့ “ဩ .. ဒါ ငါ့သား၊သမီးတွေရဲ့ ကုသိုလ်ပဲ” လို့ ဝမ်းသာအားရဖြစ်ပြီး သာဓု သုံးကြိမ် ခေါ်မိသတဲ့။ အဲဒီ အခိုက်မှာပဲ ကုသိုလ်အမျှ ရပြီး၊ အဲဒီ “ဝှေးစေ့ထမ်း ပြိတ္တာ” ဘဝက လွတ်မြောက်သွားပါသတဲ့။ ။ -

【ဆရာတော်အရှင်ကေလာသ】


ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ


 ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့ လှူဒါန်းထားသော ကျောင်းကန်၊ဘုရားစေတီ စသော အဆောက်အဦးများ၌ မိမိတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် ခုနှစ်၊သက္ကရာဇ်နှင့် အမည် ကမ္ဗည်းများကို အမှတ်တရ ရေးထိုးထားလေ့ ရှိကြပေသည်။ ဤကဲ့သို့ အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို နှစ်သက်သော ပုဂ္ဂိုလ်များလည်း ရှိကြပေသည်။ မနှစ်သက်သော ပုဂ္ဂိုလ်များလည်း (အနည်းငယ်) ရှိကြပေသည်။ . အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို မနှစ်သက်ကြသော ပုဂ္ဂိုလ်များ၏ အယူအဆမှာ အလှူဒါနပြုလုပ်တယ်ဆိုတာ စေတနာသုံးတန် ပြဋ္ဌာန်းပြီး ပြုရမည်။ လှူဒါန်းပြီးသော ပစ္စည်းများကို ပြန်၍ စွဲလမ်း နှစ်သက်မှုများ မရှိစေရ။စွဲလမ်းနှစ်သက်မှုများ ရှိနေလျှင် အကျိုးကြီးသင့်သလောက် အကျိုးမကြီးဘဲ ဖြစ်ပေမည်။

 အမည်ကမ္ဗည်းထိုးထားခြင်းဖြင့် လှူဒါန်းထားသော ပစ္စည်းများ၌ စွဲလမ်းမှုများ ဖြစ်နေတတ်ကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းသည် ဂုဏ်ပကာသနတွေ လိုချင် ရေးထိုးထားခြင်းလည်း ဖြစ်နိုင်ပေသည် ဟု ယူဆကာ အချို့သော ပုဂ္ဂိုလ်များက အမည်ကမ္ဗည်း ရေးထိုးခြင်းကို မနှစ်သက်ဘဲ ရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင် အများစုက များသောအားဖြင့် နှစ်သက်လျက် ရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် လှူဒါန်းပြီးသည်မှ နောင်အခါ နောက်ကာလများ၌လည်း ကုသိုလ်တရားများ တိုးပွားရရှိနိုင်ကြမည် ဖြစ်ပေသည် ဟု ယုံကြည်ယူဆကာ အမည်ကမ္မည်း ရေးထိုးခြင်းကို နှစ်သက်လျက် ရှိကြပေသည်။

အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် တိုးပွား ရရှိစေနိုင်သော ကုသိုလ်များမှာ -

 (၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း- စာဂါနုဿတိ ကုသိုလ်၊

 (၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါနကုသိုလ်၊

 (၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒနကုသိုလ်၊

 (၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများကို တိုးပွားရရှိစေနိုင်သည့် ကုသိုလ်တို့ ဖြစ်ကြပေသည်။ .

(၁)။ မိမိလှူဒါန်းထားခြင်းကို အဖန်ဖန် သတိရခြင်း- စာဂါနုဿတိ ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင်အမည်ကမ္ဗည်းရေးထိုး ထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော အလှူရှင်တို့သည် မိမိတို့ လှူဒါန်းသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို ပြန်၍ တွေ့မြင်ရစဉ်အခိုက်မှာ ဪ…အကြောင်းညီညွတ်၍ လှူဒါန်းခဲ့ရပေပြီ၊ လှူဒါန်းခဲ့ရပေပြီ ဟု အဖန်ဖန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ကုသိုလ်တရားများ ရရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော အလှူရှင်တို့သည် အမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦများ ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ရပြီးသည်မှ နောက်ကာလများ၌လည်း ပြန်၍ သတိရတိုင်း၊သတိရတိုင်း အဖန်ဖန် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသိုလ်တရားများ ရရှိကြပေ သည်။ ထို့ကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် စာဂါနုဿတိ ကုသိုလ်များကို ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။

 (၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါန ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင် အမည်ကမ္ဗည်းရေးထိုးထားခြင်းဖြင့် ထိုအမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသည့် တစ်ပါးသောသူ တို့သည်လည်း “ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါစေ” ဟု နှလုံးသွင်း၍ အမည်ကမ္ဗည်း ရေးထိုးထား၏။ ထို့ကြောင့် ဤကဲ့သို့ နှလုံးသွင်း၍ အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် သူတစ်ပါးတို့အား “အမျှဝေခြင်း ပတ္တိဒါန ကုသိုလ်များ”ကိုလည်း ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။

(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒန ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင်အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသော သူတစ်ပါးတို့က ဝမ်းမြောက်နုမော် သာဓုခေါ်ကြ၏။ ထို့ကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် “သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒန ကုသိုလ်များ” ကိုလည်း ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။

 (၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုးထားသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို မိမိတို့၏ သားစဉ်မြေးဆက်၊ အဆက်ဆက်တို့က တွေ့မြင်ကြရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ကုသိုလ်တရားများ ရရှိကြပေသည်။ ကာလရှည်ကြာ၍ ပျက်စီး ယိုယွင်းမှုများ ရှိလာခဲ့သော် သားစဉ်မြေးဆက်၊ အဆက်ဆက်တို့က ထပ်မံဆောက်လုပ်ပြုပြင်ကြရ၍ ကုသိုလ်တရားများ တိုးပွားရရှိကြပေသည်။ ထိုကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် သားစဉ် မြေးဆက် အဆက်ဆက် တို့အား ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်ခြင်းဖြစ်ပေသည်။

ဤကဲ့သို့ အမည် ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်-

 (၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း- စာဂါနုဿတိ ကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။ (၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။

 (၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။

 (၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများကိုလည်း ရရှိနိုင်ပေသည်။ ထို့ကြောင့် လှူဒါန်းထားကြသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများ၌ အမည်ကမ္ပည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်အများစုတို့က နှစ်သက်လျက် ရှိကြပေသည်။ အမည်ကမ္ပည်း ရေးထိုးထားသင့်သည် ဟု ယူဆကာ ထိုထို ကျောင်းကန်ဘုရား၊စေတီတော် စသော အဆောက်အဦးများ၌ အမည်ကမ္ပည်း ရေးထိုးထားလျက် ရှိကြပေသည်။ ။

မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊

အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး

 #Credit ပဋ္ဌာန်း ပူဇော်ကြသူများ......