အရှုပ်ထဲမှာ ရှင်းအောင်နေ
🔼 🔼"နည်းလမ်းရှာမှ ဖြစ်မယ်" 🔼 🔼᠌᠌᠌ကြောက်မနေဖို့ အရေးကြီးတယ်။ ဒါကို သေသေချာချာ သိပြီးတော့, နားလည်ပြီးတော့ ကြိုတင်ပြင်ဆင်ထားဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီဘုန်းကြီးဟာ ပရိသတ်နဲ့ဆုံမိတဲ့အခါ အမြဲတမ်း လူတွေရဲ့အကြောင်းကို ပြောလေ့ရှိပါတယ်။ ဘဝကို အဓိပ္ပာယ်ရှိရှိ, တန်ဖိုးရှိရှိ, အနှစ်သာရ ပြည့်ပြည့်ဝဝ, ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ကျေနပ်မှုလည်းရအောင် ဘယ်လိုနေသွားရမလဲဆိုတာကို အမြဲတမ်း ပြောလေ့ရှိတယ်။
ဒီလိုပဲ အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာ စိတ်ကြည်လင်မှု, အေးချမ်းမှုရှိအောင် ဘယ်လိုနေသွားကြမလဲ။ မသေချာတဲ့ မရေရာတဲ့ အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု, ပင်ပန်းမှုနည်းအောင် ဘယ်လိုနေသွားကြမလဲ။
ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော်။ ခုန ဦးဝင်းမြင့် ပြောတယ်… သူ့စိတ်ထဲမှာ သောက အင်မတန် များတယ်တဲ့။ ဒီလောက်ကြီး သောကများနေရင် နောက်ဆယ်နှစ်လောက်ကြာရင် ဘယ့်နှယ်များနေမလဲ။ အလုပ်ကတော့ မလုပ်လို့မဖြစ်ဘူးနော်။ လက်ပိုက်ပြီးတော့ ထိုင်နေလို့မဖြစ်ဘူး။ လုပ်တော့ လုပ်ရမှာ။ သို့သော် လုပ်နေရင်းနဲ့ပဲ ဒီလောက်ကြီး သောကမများအောင် ဘယ်လိုလုပ်မလဲ။ အဲဒါ နည်းလမ်းကိုတော့ ရှာကိုရှာမှဖြစ်မယ်။ The ground on which we stand is going to become soft under our feet. ကိုယ်ရပ်နေတဲ့မြေကြီးဟာ ကိုယ့်ခြေထောက်အောက်မှာ အရင်လို အခိုင်အမာကြီး မဟုတ်တော့ဘူး။ ပျော့သွားမယ်။ တင်စားပြီး ပြောတာနော်။ အရင်တုန်းက ကိုယ့်ရပ်တည်ရာနေရာဟာ ခိုင်မာတယ်, စိတ်ချရတယ်, ဘာမှ လှုပ်စရာမလိုဘူး, ရွှေ့စရာမလိုဘူး။ တည်ငြိမ်မှုရှိတယ်နော်။ အောက်က ခိုင်မာနေတော့ ဒီမှာ ရပ်နေလို့ရှိရင် ငြိမ်ငြိမ်လေး ရပ်လို့ရတယ်။ အခုခေတ်က ကိုယ်ရပ်တည်ရာနေရာဟာ မခိုင်မာဘူး, ပျော့နေတယ်။ ကိုယ့်ဘဝကိုယ် အခုလုပ်နေတဲ့ အလုပ်အကိုင်တွေ, ကိုယ့်မှာရှိနေတဲ့ အခြေအနေတွေ ဒါတွေဟာ အမြဲတမ်း ဒီလိုပဲနေသွားလိမ့်မယ်လို့ ဘယ်လိုမှ စိတ်ချလို့မရတော့ဘူး။ အမြဲတမ်း လှုပ်ရှားနေတယ်, ပြောင်းလဲနေတယ်, ပျော့နေတယ်, အရင်လို မမာတော့ဘူး။
Chaos will become normal state of affairs. ကြိုတင်ခန့်မှန်းလို့မရဘဲနဲ့ ဗြုန်းခနဲ အခြေအနေတွေ ပြောင်းသွားတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်တော့မှာ။ (Normal affair ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ကို ဆိုလိုတာ) "ဒီလို ဖြစ်ရကောင်းလား"လို့ စိတ်ညစ်မနေကြနဲ့တော့နော်။ စိတ်ညစ်လို့ မရတော့ဘူး။ မထင်တာတွေ အများကြီးဖြစ်တော့မှာ။ Chaos is the collapse of order. Order ဆိုတာ သူ့ဟာသူ စည်းကမ်းတကျလေး ဖြစ်နေတာနော်။ ပုံမှန်လေး စည်းကမ်းတကျလေး ဖြစ်နေတာကို Order လို့ ခေါ်တယ်။
Chaos ဆိုတာ အဲဒီ Order… collapse ဖြစ်သွားတာ, Order မရှိတော့တာ။ ပုံမှန်လေးဖြစ်တယ်ဆိုတာ အခုခေတ်မှာ မရှိတော့ဘူး။ Conditions will become less orderly. အခြေအနေတွေက ပုံမှန်ဖြစ်တာ, ကြာလေ နည်းလေ ဖြစ်သွားလိမ့်မယ်နော်။ မထင်ထားတာတွေ ဖြစ်လာတာ များလာမယ်။ အခြေအနေတွေ ချက်ချင်း ပြောင်းသွားလိမ့်မယ်။ The exact opposite of a given situation will suddenly present itself. ကိုယ် လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အခြေအနေမျိုးဟာ ဗြုန်းခနဲ ဖြစ်ချင် ဖြစ်လာမယ်။
Changes will come crashing down upon us without any prior warning. ကြိုတင်ပြီးတော့ သတိပေးတာမရှိဘဲနဲ့ အပြောင်းအလဲတွေက ကိုယ့်ခေါင်းပေါ်ကို ပြိုကျလာသလို ဗြုန်းခနဲ ရောက်လာလိမ့်မယ်။ Tomorrow's individual will have to cope with even more hectic change than we do today. အနာဂတ်ကာလ လူသားဟာ ဒီနေ့လူသားတွေထက် ပိုပြီးတော့ရှုပ်ထွေးပြီး မြန်ဆန်တဲ့အပြောင်းအလဲကို ရင်ဆိုင်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့အရည်အချင်း ရှိဖို့လိုတယ်။ For education the lesson is clear: its prime objective must be to increase the individual's 'cope-ability' - the speed and economy with which he can adapt to continual change. ပညာရေးမှာလည်း သိထားရမယ့်အချက်က ရှင်းပါတယ်။
ပညာရေးရဲ့အဓိကရည်ရွယ်ချက်ဟာ လူရဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အချင်းကို တိုးမြှင့်ပေးဖို့ပဲ။ အဆက်မပြတ်ပြောင်းလဲမှုကို နားလည်ပြီး လျှင်လျှင်မြန်မြန်နဲ့ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်အောင် လေ့ကျင့်ပေးရမယ်။ And the faster the rate of change, the more attention must be devoted to discerning the pattern of future events. ပြောင်းလဲမှုမြန်လေလေ အနာဂတ်မှာဖြစ်ပေါ်လာမယ့် အခြေအနေရဲ့ ပုံစံကိုမှန်းနိုင်အောင် ပိုပြီး အလေးထားရမယ်, ပိုပြီး အာရုံစိုက်ရမယ်။ It is no longer sufficient for him to understand the past. အတိတ်ကို နားလည်ရုံနဲ့ မလုံလောက်သေးဘူး။ It is not even enough for him to understand the present, for the here-and-now environment will soon vanish. ပစ္စုပ္ပန်ကို နားလည်ရုံနဲ့တောင် မလုံလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုပစ္စုပ္ပန်အခြေအနေကလည်း မကြာခင် ပျောက်သွားမှာ။ He must learn to anticipate the directions and rate of change.
သူဟာ ပြောင်းလဲမှုရဲ့ဦးတည်ရာနဲ့ နှုန်းထားကိုပါ မှန်နိုင်ဖို့ လေ့လာထားရမယ်။ ဘယ်ကလာတယ်ဆိုတာ သိရုံနဲ့မရဘူး, ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာ သိရုံနဲ့လည်း မရသေးဘူး, ဘယ်ကိုသွားနေတယ်ဆိုတာကိုပါ သိမှရမယ်။ ဘယ်လောက်မြန်မြန် သွားနေတယ်ဆိုတာကိုပါ သိမှရမယ်။ အနာဂတ်ကို ကြိုမှန်းပြီးတော့ ပစ္စုပ္ပန်မှာ ဘာကိုလုပ်သင့်တယ်ဆိုတာ စဉ်းစားရမယ်။ ကားကို အရှိန်ပြင်းပြင်းနဲ့မောင်းနေတဲ့သူဟာ ရှေ့နားကအကွေ့ရှိရင် ကြိုတင်ပြီး ခပ်ဝေးဝေးကနေ သိထားမှသာ အန္တရာယ်မဖြစ်အောင် မောင်းလို့ရမယ်။ အရှိန်ပြင်းလေလေ ကြိုပြီးသိဖို့ အရေးကြီးလေလေပဲ။
ဖြည်းဖြည်းမောင်းနေတဲ့သူကတော့ အဝေးကြီးကနေ ကြိုပြီးမသိလည်း ကိစ္စမရှိဘူး။ အကွေ့နားရောက်ခါမှ မြင်ရလည်း အန္တရာယ်မဖြစ်ဘူး။ ဒါကြောင့် အပြောင်းအလဲမြန်လေလေ ရှေ့ဖြစ်လာမှာကို စောစောက ကြိုပြီးသိဖို့ ပိုပြီး အရေးကြီးလေလေပဲဆိုတာကို နားလည်ထားပြီး လေ့ကျင့်ထားမှရမယ်။ So we are going to have to learn to preserve our quality of life in situations that are characterized by chaotic events and a lack of continuity. ပုံမှန်လေးသွားနေတဲ့ အခြေအနေမျိုး မရှိတော့တာမျိုး, ရှေ့ကဖြစ်ခဲ့တာနဲ့ အဆက်အစပ်မရှိဘဲ အပြောင်းအလဲတစ်ခု ဗြုန်းခနဲ ချက်ချင်း ဖြစ်ပေါ်လာတာမျိုး အဲဒီလိုအဖြစ်မျိုးကို ကြုံတွေ့နေရတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ဘဝရဲ့အရည်အသွေး, ကိုယ့်စိတ်ရဲ့ကြည်လင်မှု, အေးချမ်းမှု ပျက်မသွားအောင် (Preserve ဆိုတာ ပျက်မသွားအောင် ထိန်းသိမ်းထားတာ) ဘယ်လိုလုပ်ရမယ်ဆိုတာကို နော်။ We are going to have to learn. ဒါကို နည်းလမ်းရှာမှ ဖြစ်မယ်, ရှာရမယ်။ have to ဆိုတာ မရှာရင်မဖြစ်ဘူးလို့ ပြောတာနော်။ We are going to learn. လို့ မပြောဘူးနော်။ We are going to have to learn. ဒါ မလုပ်ရင်မဖြစ်ဘူးလို့ ပြောနေတာနော်။
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့, အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ခေတ်ကြီးမှာ စိတ်တည်ငြိမ်အေးချမ်းအောင် တစ်နည်းနည်းနဲ့မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဒဏ်ကို ဒီစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး။ တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးကျသွားနိုင်တယ်နော်။ တည့်တည့်ပြောရင်တော့ Nervous break down ဖြစ်နိုင်တယ်။ မစဉ်းစားတတ်အောင်, မကြံတတ်အောင် ဖြစ်သွားနိုင်တယ်။ စိတ်ကြည်လင်မှု, အေးချမ်းမှု မရှိဘဲနဲ့ သောကတွေများလာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာမျိုး ဖြစ်သွားနိုင်တယ်။ ဘာလုပ်ရမှန်းမသိဘဲနဲ့ စိတ်ဓာတ်ကျတာမျိုး ဖြစ်သွားနိုင်တယ်နော်။ သောကကြီးလွန်းရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျသွားတယ်။ အဲဒီလူဟာ ဘာလုပ်ရမှန်းမသိရင် Depression ဖြစ်သွားတာပဲ။
ဘာလုပ်ရမှန်းသိပြီးတာ့ လုပ်နေလို့ရှိရင် ပင်ပန်းပေမယ့် Depression မဖြစ်ဘူး, စိတ်ဓာတ်ကျမသွားဘူး။ ကြံရာမရဖြစ်ပြီးတော့ "ငါ ဘာလုပ်ရမှန်း မသိတော့ဘူး"ဆိုရင်တော့ စိတ်ဓာတ်က ကျသွားတယ်။ အဲဒီလို စိတ်ဓာတ်ကျမသွားအောင် ကိုယ့်စိတ်ကို ကြည်လင်မှု, အေးချမ်းမှုရှိအောင် အမြဲတမ်း လေ့ကျင့်နေရမှာနော်။ နေ့စဉ်ဆိုလို့ တစ်နေ့တစ်ချိန်လောက်နဲ့တော့ မရတော့ဘူးနော်။
မနက်တစ်ကြိမ်လောက် သတိပဋ္ဌာန်တရားကို ထိုင်ပြီးတော့ အားထုတ်ဖို့လိုမယ်။ ရနိုင်သေးတယ်ဆိုရင် နေ့လည်တစ်ချိန်လောက် ထိုင်ပြီးတော့ တရားအားထုတ်ဖို့, ညမအိပ်ခင်တစ်ချိန်လောက် ထိုင်ပြီးတော့ တရားအားထုတ်ဖို့။ ဘယ်လောက်ပဲ အချိန်ပေးနိုင် ပေးနိုင်ပေါ့, နာရီဝက်ပေးနိုင်ရင်လည်း မဆိုးပါဘူး, မိနစ် ၄၀-၄၅ မိနစ်လောက် ပေးနိုင်ရင်လည်း တော်တော်လေး အကျိုးများပါတယ်, တစ်နာရီလောက်ပေးနိုင်ရင်တော့ အင်မတန် ကောင်းပါတယ်နော်။ It appears that there is an increasing return for increasing practice, up to about there sessions daily of one hour each. ပိုပြီးအားထုတ်ရင် ပိုပြီးအကျိုးရှိတယ်ဆိုတာ တွေ့ရပါတယ်။ တစ်ခါထိုင်ရင် တစ်နာရီ, တစ်နေ့ သုံးကြိမ်လောက်ထိ ထိုင်နိုင်ရင် သိပ်အကျိုးများပါတယ်။
#ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
"အရှုပ်ထဲမှာ ရှင်းအောင်နေ"စာအုပ်မှ ~ ✍ (ကူးယူ မျှဝေပါသည်) ✍
credit : Ever Smile Es acc
