ဝိပဿနာနှင့် လူ့တန်ဖိုး
လူတိုင်းလူတိုင်းမှာ ပြဿနာတွေ ရှိနေကြတယ်။ နည်းတာနဲ့ များတာ ဒါပဲကွာတယ်။ ဒါကြောင့် ဘဝဆိုတာ ဘာလဲလို့ မေးရင် ပြဿနာပဲ။ ဒီတော့ ပြဿနာရှိရင် အဖြေရှိရမယ်။ အဖြေရှာတတ်ဖို့ပဲ လိုတယ်။ ပြဿနာရဲ့အဖြေက အခြား မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဝိပဿနာတရားပါပဲ။ ဝိပဿနာကို တစိုက်မတ်မတ် အားထုတ်နိုင်ရင် သောကငြိမ်းပြီး တည်ငြိမ်တဲ့ဘဝလေးကို ရရှိလာပါလိမ့်မယ်။ပင်တိုင် ကမ္မဋ္ဌာန်း
ဝိပဿနာ အားထုတ်ခါစမှာ ပင်တိုင် ကမ္မဋ္ဌာန်း တစ်ခု အာရုံပြုရမယ်။ အထင်ရှားဆုံးနှင့် အများသုံး ကမ္မဋ္ဌာန်းကတော့ အာနာပါနပါပဲ။ အာနာပါနဆိုတာ ဝင်လေ ထွက်လေ ရှုမှတ်တာကို ပြောတာပါ။ ဒါကြောင့် ရှေးဦးစွာ ကိုယ့်စိတ်ကို နှာသီးဖျားမှာ သတိနှင့် ကပ်ထားလိုက်ပါ။ ပြီးတော့ ဉာဏ်နှင့် သိအောင် ကြည့်ပါ။ ဝင်လေ ဝင်တိုင်းထိ ထိတိုင်းသိပါစေ၊ ထွက်လေ ထွက်တိုင်းထိ ထွက်တိုင်းသိပါစေ။ လေကလေး တိုးပြီးဝင်သွားတာကိုလည်း သိနေပါ။ တိုးပြီး ထွက်နေတာကိုလည်း သိနေပါ။ ထိနေတာကို သိရင် ဝိပဿနာပါပဲ။
ရှုမှတ်တဲ့အခါ
ဝက်လေထွက်လေဆိုတဲ့ အာနာပါနကို ရှုမှတ်တဲ့အခါ စိတ်ကို တင်းလည်း မထားနဲ့၊ တောင့်လည်း မထားနဲ့၊ ချုပ်လဲမထားနဲ့၊ ပင်ပန်းတယ်။ ဒါကြောင့် အလိုက်သင့်ကလေးနေပြီး ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေရုံပဲ။ သူ့ သဘာဝ ဖြစ်တိုင်း ဖြစ်တိုင်း ဖြစ်တာလေးကို ဖြစ်တဲ့ အတိုင်းသိနေပါ။ ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သိအောင် ကြည့်။ စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း သိအောင်ကြည့်။
ဖြစ်တိုင်း သိနေရင် ဝိပဿနာပဲလေ
------------------
ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေတာဟာ ၀ိပဿနာပဲ။ စိတ်ကိုလည်း ကြည့်ပါ။ လောဘဖြစ်ရင်းလည်း ဖြစ်မှန်း သိ၊ ဒေါသဖြစ်ရင်လည်း ဖြစ်မှန်းသိပါစေ။ ကိလေသာဖြစ်နေတာကို သိရင် ကိလေသာ မဖြစ်တော့ဘူး၊ လောဘ ဒေါသတွေက ဖြစ်မှန်း မသိလို့ ဖြစ်နေတာ။ ဒီတော့ ဖြစ်တာကို သိအောင် လုပ်ပါ။ အဲဒီလို သိနေဖို့က သွားတိုင်းလာတိုင်း၊ စားတိုင်းသောက်တိုင်း ၊ မြင်တိုင်းကြားတိုင်း၊ သတိရှိနေရမယ်။ ရှေ့ သတိနဲ့ နောက်သတိ အမြဲ ဆက်စပ်နေရမယ်။ ရှေ့နောက် မဆက်စပ်ရင် ကိလေသာက ကြားဝင်လာပါလိမ့်မယ်။ စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။ စိတ်မငြိမ်တာကို မငြိမ်မှန်း၊ တွေးရင်တွေးမှန်း ကြံရင် ကြံမှန်း၊ စိတ်ကူးရင် ကူးမှန်း သိနေဖို့ပဲ။ ရုပ်ပဲဖြစ်ဖြစ် စိတ်ပဲဖြစ်ဖြစ် ဖြစ်တာကိုလည်း သိရမယ်၊ ပျက်တာကိုလည်း သိရမယ်။
ဘာ့ကြောင့် တရား အားထုတ်ရတာလဲ
ရုပ်ကော စိတ်ကော ဖြစ်နေတာကို ဖြစ်မှန်းသိ၊ ပျက်နေတာကို ပျက်မှန်း သိတော့ ဒုက္ခဆိုတာ သိသွားပြီ။ ဒုက္ခဆိုတာ သိသွားရင် လိုချင်မှု မက်မောမှု တွယ်တာမှုဆိုတာ မလာတော့ဘူး။ တွယ်တာတယ်ဆိုတာ သုခလို့ ထင်နေလို့ပဲ။ တကယ်တော့ သုခ မဟုတ်ဘူး၊ ဒုက္ခပဲ။ ဒါဆိုရင် ကိလေသာ အနှောင်အဖွဲ့က လွတ်မြောက်သွားတယ်။ ကိလေသာက လွတ်မြောက်သွားရင် စိတ်ကလေး စင်ကြယ်သွားတယ်။ ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ဖြူစင်အောင် ကြိုးစားနေခြင်းပါပဲ။ ပဝါဖြူလေး ညစ်ပေနေရင် ဆပ်ပြာနှင့် လျှော်ရတယ်။ ဒီအတိုင်းပဲ၊ ကိလေသာတွေနှင့် ပေကျံနေတဲ့ စိတ်ကို ဖြူစင်အောင် ဝိပဿနာဆိုတဲ့ ဆပ်ပြာနှင့် လျှော်ပေးရတယ်။
ရခဲတဲ့ လူ့ဘဝဆိုတာ
ဝိပဿနာ အားထုတ်နေတဲ့အချိန်မှာ သီလကိုလည်း ဖြည့်ကျင့်ရာ ရောက်တယ်။ ဘာကြောင့်လဲ၊ တရားမှတ်နေတဲ့ အခိုက်အတန့်မှာ ဒုစရိုက်လွန်ကျူးမှ ရှိမှ မရှိဘဲကိုး။ ပြီးတော့ သမာဓိကိုလည်း ဖြည့်ကျင့်ရာ ရောက်တယ်။ ဘာ့ကြောင့်လဲ၊ စိတ်က တည်ငြိမ်နေတာကိုး။ ပြီးတော့ ပညာကိုလည်း ဖြည့်ကျင့်ရာ ရောက်တယ်။ ဘာ့ကြောင့်လဲ၊ စိတ်က တည်ငြိမ်နေတော့ ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲ ဖြစ်ဖြစ် ဖြစ်တိုင်းဖြစ်တိုင်း သိနေတာကိုး။ ဒါဆိုရင် သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါး ပြည့်စုံသွားပြီ၊ သိက္ခာသုံးပါး ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာ လူနတ် ဦးခိုက်ပူဇော်ထိုက်တယ်တဲ့။ လူနတ်ဦးခိုက် ပူဇော်ထိုက်ရင် လူဖြစ်ရကျိုး နပ်သွားတယ်။ အဲဒီလို လူနတ်ဦးခိုက် ပူဇော်ထိုက်သူကို ရည်ရွယ်ပြီးတော့ ‘‘ မနုဿတ္တဘာဝေါ ဒုလ္လဘော- လူ့အဖြစ်ဟာ ရခဲတာ’’ လို့ ဟောခဲ့တာပါ။
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ