Saturday, June 2, 2018

ဝါပန်ခွင့်

ဝါပန်ခွင့်

> 🙏 အရှင်ဘုရား • • • ဝါတွင်း ရဟန်းသာမဏေများ ခရီးသွားခွင့် မရှိဘူးလို ့ ကြားဖူးပါတယ်ဘုရား။ ဒါပေမယ့် ဝါတွင်းကြီး ခရီးသွားလာနေကြတဲ့ ရဟန်းတော်များကိုလည်း မြင်တွေ ့နေရပါ၍ နားမလည်နိုင်ပါသောကြောင့် သံသယရှင်းအောင် ဖြေကြားတော်မူပါဘုရား။ 🙏
 မောင်ဘုန်းမြင့်၊ လသာမြို့နယ်။

ဒကာဘုန်းမြင့်ရေ • • • ဒကာဘုန်းမြင့်ရဲ့ မေးခွန်းကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ ဝါတွင်းသုံးလဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ချက်ချင်းသတိရလိုက်မိပါတယ်။ ဝါဆိုစရာ ဝါတွင်းသုံးလရယ်လို ့ မြတ်စွာဘုရားပညတ်ချက် မထုတ်သေးခင်ကာလတွေတုန်းက ရဟန်းတော်တွေဟာ နွေမိုးဆောင်း ဥတုသုံးပါးလုံး အကြောင်းပေါ်ရင် ပေါ်သလို ခရီးသွားလာလေ့ရှိကြပါတယ်။ ရဟန်းတော်များ အချိန်မရွေး၊ ဥတုမရွေး ခရီးသွားလာနေကြတာကို လူဝတ်ကြောင်တွေက ကဲ့ရဲ့ရှုတ်ချကြပါတယ်။

 " ဒီရဟန်းတွေက ဘာဖြစ်လို ့ ဥတုသုံးပါးလုံး ခရီးသွားလာနေကြရတာလဲ၊ မိုးတွင်းခရီးသွားတော့ စိမ်းစိုနေတဲ့ မြက်ပင်ငယ်၊ သစ်ပင်ငယ်တွေ အနင်းချေခံကြရတာပေါ့။ မြက်ပင်၊ သစ်ပင်တွေမှာလည်း အသက်ကိုယ်စီရှိတာမို ့ သူတို ့အသက်ကို မညှာမတာ ညှဉ်းဆဲရာမရောက်ပေဘူးလား။ မြက်ပင်၊ သစ်ပင်တွေကြားမှာ ပိုးကောင် မွှားကောင် ငယ်လေးတွေလည်း ရှိတာမို ့ သူတို ့ခရီးသွားလာနေတဲ့အတွက် အဲဒီပိုးမွှားကောင်လေးတွေတော့ အများကြီး သေကြေပျက်စီးကုန်ကြပါပြီ။

ရဟန်းတော်များ သိပ်ခက်တာပဲ " " ကြည့်ကြစမ်းပါဦး၊ တရားကောင်း တရားမှန်မရှိတဲ့ တိတ္ထိတွေတောင်မှ မိုးတွင်းလေးတော့ ကိုယ့်နေရာမှာကို ငြိမ်ငြိမ်ဝပ်ဝပ် နေကြသေးတယ်။ တိရစ္ဆာန်ဖြစ်တဲ့ ငှက်တွေတောင်မှ သစ်ပင်သစ်ခေါင်းတွေ ထဲက သူတို ့ရဲ့ အသိုက်တွေမှာ တစ်မိုးတွင်းလုံး မိုးခိုကြပါသေးတယ်။ ဘုရားသားတော် ရဟန်းတော်တွေက တိတ္ထိတွေနဲ ့ ငှက်တွေလောက်တောင် မိုးတွင်းမှာ ငြိမ်ငြိမ်ဆိမ်ဆိမ် မနေနိုင်ကြဘူးလား " လူဝတ်ကြောင်တွေက အဲဒီလို ကဲ့ရဲ့ရှုတ်ချကြတဲ့အတွက် မြတ်စွာဘုရားက မိုးတွင်းလေးလမှာ သုံးလမိုးခိုဖို ့(ဝါဆိုဖို ့) ပညတ်တော်မူလိုက်ပါတယ်။

 ရဟန်းတော်များလည်း မိုးတွင်းလေးလကို ရှေ ့သုံးလ နောက်သုံးလပိုင်းပြီး ပထမဝါ၊ ဒုတိယဝါရယ်လို ့ ဝါနှစ်မျိုး ခွဲခြားသတ်မှတ် ဝါဆိုတော်မူခဲ့ကြရပါတယ်။ ပထမဝါက ဝါဆိုလပြည့်ကျော်တစ်ရက်ကနေ သီတင်းကျွတ်လပြည့်နေ ့အထိဖြစ်ပြီး၊ ဒုတိယဝါက ဝါခေါင်လပြည့်ကျော်တစ်ရက်ကနေ တန်ဆောင်မုန်းလပြည့် နေ ့အထိ ဖြစ်ပါတယ်။ ပထမဝါဆိုဖို ့အကြောင်း မညီညွတ်တဲ့ ရဟန်းတော်များ ဒုတိယဝါ ဆိုကြရပါတယ်။

ပထမဝါဆိုတဲ့ ရဟန်းတော်များက ဒုတိယဝါဆိုဖို ့ မလိုအပ်ပါဘူး။ ဝါထပ်တဲ့နှစ်တွေမှာ ပထမဝါဆိုလကို လုံးဝ ထည့်မထွက်ဘဲ ဒုတိယဝါဆိုလကိုပဲ ဝါဆိုလလို ့ တရားဝင်သတ်မှတ်ပြီး ဝါစဆိုကြပါတယ်။ ဆဗ္ဗဂ္ဂီရဟန်းတွေ ဝါတွင်းကြီးခရီးထွက်ကြတာနဲ ့ပတ်သက်ပြီး မြတ်စွာဘုရားရှင်က ' ပထမဝါပဲဆိုဆို၊ ဒုတိယဝါပဲဆိုဆို၊ ကိုယ်ဆိုထားတဲ့ ဝါတွင်းသုံးလ မကျွတ်မချင်း ဘယ်ရဟန်းမှ ခရီးမထွက်ရ၊ ထွက်တဲ့ရဟန်း ဒုက္ကဋ်အာပတ်သင့်စေ ' ပညတ်တော်မူထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းတရားအမျိုးမျိုး ပေါ်ပေါက်လာတဲ့အတွက် မြတ်စွာဘုရားလည်း ' ဝါတွင်းကြီးဖြစ်ပေမယ့် မကြွမဖြစ်တဲ့ အကြောင်းကိစ္စ တရားနဲ ့အညီ ပေါ်ပေါက်လာရင် ခုနစ်ရက် ဝါပန်ပြီး ခရီးကြွနိုင်တယ် ' လို ့ တရားဝင် ခွင့်ပြုတော်မူခဲ့ပါတယ်။ ' ခုနစ်ရက်အတွင်း ကိုယ့်ကျောင်းကိုယ် ပြန်လာမယ် ' လို ့နှလုံးသွင်းလိုက်တာကို ' ဝါပန်တယ် ' လို ့ခေါ်ပါတယ်။

ဝါပန်ပြီး ခရီးထွက်တဲ့ ရဟန်းဟာ ကိုယ်ဝါဆိုတဲ့ကျောင်းရဲ့ ဝါဆိုစည်း နယ်နိမိတ်ပြင်ပမှာ ခုနစ်ရက်ထက် ပိုမနေဘဲ ကိုယ့်ကျောင်းကိုယ် ပြန်လာရပါတယ်။ ဥပမာ - လဆန်း(၁)ရက်နေ ့မှာ ဝါပန်ပြီး ခရီးထွက်တဲ့ရဟန်းဟာ လဆန်း(၇)ရက်နေ ့မှာ ကိုယ့်ကျောင်းကိုယ် ပြန်ရောက်ရပါတယ်။ လူ ့လောကမှာ ည(၁၂)နာရီကျော်ရင် နောက်တစ်ရက်စပေမယ့် ဝိနည်းလောကမှာတော့ အရုဏ်တက်ပြီးမှသာ နောက်တစ်ရက် စတဲ့အတွက် လဆန်း(၈)ရက်ရဲ့အစ အရုဏ်မတက်ခင် ဘယ်အချိန် ပြန်ရောက်ရောက် ရပါတယ်။

လဆန်း(၈)ရက်အစဦး အရုဏ်တက်ပြီးမှ ပြန်ရောက်ရင်တော့ ဝါကျိုးသွားပါတယ်။ ခုနစ်ရက် ဝါပန်ပြီး ခရီးသွားခွင့်ကလည်း ' ပင့်မှသွားခွင့်နဲ ့' မပင့်ဘဲသွားခွင့် ' ရယ်လို ့နှစ်မျိုးရှိပါတယ်။ ' ပင့်မှသွားခွင့် ' မှာ ပင့်ခွင့်ရှိသူတွေက ရဟန်း၊ ရဟန်းမ၊ သိက္ခာမာန်၊ သာမဏေ၊ သာမဏေမ၊ ဥပါသကာနဲ ့ ဥပါသိကာမတို ့ပါပဲ။ ဒကာ၊ ဒကာမတွေပင့်မှ ဝါတွင်း ခရီးကြွခွင့်ရှိတာ မဟုတ်ပါဘူး။ ရဟန်း၊ သာမဏေတွေက ပင့်လည်း ဝါတွင်း ခရီးကြွခွင့်ရှိတယ်ဆိုတာ သဘောပေါက်ရပါမယ်။

ပင့်ခွင့်ရှိတဲ့အကြောင်းကိစ္စတွေကတော့ တရားဓမ္မနဲ ့လျော်ညီတဲ့ အကြောင်းကိစ္စတွေ အာလုံးပါပဲ။ ဥပမာ - ရဟန်းသံဃာ၊ သို ့မဟုတ် ရဟန်းအများ၊ သို ့မဟုတ် ရဟန်းတစ်ပါးအတွက် ကျောင်း၊ ဇရပ်၊ လိုဏ်ဂူ၊ ကုဋီ၊ ရေတွင်း၊ ရေကန်၊ ခြံ၊ မြေ … စသည် လှူဒါန်းလိုလို ့ပင့်ဖိတ်တာမျိုး၊ ရေစက်ချတရား၊ အနုမောဒနာတရား၊ အထူးတရားစသည် နာကြားလိုလို ့ ပင့်ဖိတ်တာမျိုးတွေပါ။ ရဟန်းအတွက် လှူဒါန်းမှ မဟုတ်ပါဘူး။ ကိုရင်အများ၊ သို ့မဟုတ် ကိုရင်တစ်ပါးအတွက် လှူဒါန်းရင်လည်း နည်းတူပါပဲ။ အခုခေတ်မှာတော့ မရှိတော့တဲ့ ဘိက္ခုနီ၊ သိက္ခမာန်၊ သာမဏေတို ့အတွက် လှူဒါန်းရင်လည်း နည်းတူပါပဲ။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအတွက် လှူဒါန်းတာမျိုးကို ပင့်ဖိတ်မှသာ ဝါတွင်းကြွကောင်းတာ မဟုတ်ပါဘူး။ ဒကာ၊ ဒကာမတွေက သူတို ့နေဖို ့၊ သူတို ့သုံးဖို ့ ဆောက်ထားတဲ့အိမ်၊ ဇရပ်၊ စျေးဆိုင်၊ လိုဏ်ဂူ၊ မီးဖိုချောင်၊ မီးတင်းကုပ်၊ ရေတွင်း၊ ရေကန်၊ ခြံ၊ မြေ … စသည် ဖွင့်ပွဲအထိမ်းအမှတ် လုပ်လို ့ ရဟန်းတော်တွေကို အလှူခံကြွဖို ့၊ တရားဟောကြွ ဖို ့ပင့်ဖိတ်ရင်လည်း ဝါတွင်းမှာ ဝါပန်ပြီး ခရီးကြွကောင်းပါတယ်။ (အိမ်တက်မင်္ဂလာ စသည်) ကိုယ့်သား၊ ကိုယ့်သမီးရဲ့ ထိမ်းမြားလက်ထပ်ပွဲ(မင်္ဂလာဆောင်) ပင့်ဖိတ်ရင်လည်း ဝါပန်ပြီး ကြွကောင်းပါတယ်။ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းလို ့၊ မကျန်းမမာဖျားနေလို ့ ပင့်ဖိတ်ရင်လည်း ဝါပန်ပြီး ကြွကောင်းပါတယ်။

 ပရိယတ္တိစာပေသင်ယူချင်လို ့၊ သင်ယူစေချင်လို ့ ပင့်ဖိတ်ရင်လည်း ဝါပန်ပြီး ကြွကောင်းပါတယ်။ လူမှုရေးမဟုတ်တဲ့ ကုသိုလ်ရေးကိစ္စမှန်သမျှ ဘာကိစ္စကြောင့်ပဲ ပင့်ပင့်၊ ပင့်သူရှိရင် ခုနစ်ရက် ဝါပန်ပြီး ခရီးကြွကောင်းပါတယ်။ ပင့်သူဘက်က တစ်ခုသတိပြုရမှာကတော့ မိမိပင့်လိုတဲ့ ရဟန်းကို ' ကပ္ပိယဝစန ' လို ့ခေါ်တဲ့ ' အပ်စပ်တဲ့စကား ' နဲ ့ ပင့်ဖိတ်မိဖို ့ပါပဲ။ ဒါနပြုချင်လို ့(ဒါနဥ္စ ဒါတုံ)၊ တရားနာချင်လို ့(ဓမ္မဥ္စ သောတုံ)၊ ရဟန်းဖူးချင်လို ့(ဘိက္ခူစ ပဿိတုံ) ဆိုတဲ့ စကားသုံးရပ်(တုံသုံးလုံး)နဲ ့ပဲဖြစ်ဖြစ်၊ အဲဒီစကားသုံးရပ်ရဲ့ အဓိပ္ပါယ်မျိုး သဘောသက်ရောက်တဲ့ ပရိယာယ်စကားတွေ နဲ ့ပဲဖြစ်ဖြစ် အပ်စပ်စွာပင့်ဖိတ်မှသာ ရဟန်းတော်များ ဝါတွင်းမှာ ဝါပန်ပြီး ခုနစ်ရက်တာ ခရီးကြွကောင်းပါတယ်။

 တစ်ခုသော ဝါတွင်းကာလမှာ သံဃာတော်တွေ စုပေါင်းနေထိုင်တဲ့ သံဃိကကျောင်းတစ်ကျောင်း ပြိုကျပျက်စီးသွားပါတယ်။ ရတနာသုံးပါး ဆည်းကပ်တဲ့ ဒကာတစ်ယောက်က တောထဲမှာ သူဖြတ်တောက်ခုတ်ထားတဲ့ သစ်တွေရှိတဲ့အတွက် ' အရှင်ဘုရားတို ့ကိုယ်တိုင်လာယူရင် ဒီသစ်တွေ တပည့်တော်လှူပါ့မယ်ဘုရား ' လို ့လူကြုံလွှတ်ပြီး ရဟန်းတော်တွေကို လျှောက်ပါတယ်။ ရဟန်းတော်တွေက မြတ်စွာဘုရားကို လျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က ' သံဃာ့ကိစ္စဆိုရင်တော့ ဝါပန်ပြီးသွားဖို ့ ခွင့်ပြုပါတယ်။ ခုနစ်ရက် ပြည့်ရင်တော့ ပြန်လာရမယ် ' လို ့ မိန် ့ကြားတော်မူလိုက်ပါတယ်။ ဒါ့ကြောင့် ရဟန်း သံဃာတော်တွေရဲ့ အရေးကိစ္စ(သံဃာ့ကိစ္စ)ကြောင့် ပင့်ဖိတ်တာဆိုရင် ဘာကိစ္စကြောင့်ပဲပင့်ပင့် ဝါပန်ပြီး ကြွကောင်းပါတယ်။ ' မပင့်ဘဲသွားခွင့် ' မှာ ရဟန်းတစ်ပါး မကျန်းမမာဖျားနာနေတယ်၊ သာသနာ့ဘောင်မှာ မပျော်မွေ ့ဘဲ ပျင်းရိနေတယ်၊ ဝိနည်းကုက္ကုစ္စ(ဝိနည်းသံသယ) ဖြစ်နေတယ်၊ အယူမှားနေတယ်၊ ကြီးလေးတဲ့ ဝိနည်းအပြစ်သင့်နေတယ် … စသည်အားဖြင့် အကြောင်းတရား ဆယ်ပါး တစ်ပါးပါး ဖြစ်နေတယ်ဆိုရင် ကာယကံရှင်က ကြွလာဖို ့ မပင့်မဖိတ်လည်း ကိုယ့်ဘာသာကိုယ် ဝါပန်ပြီး ကြွကောင်းပါတယ်။

 လူနာပြုစုခြင်း၊ သာသနာ့ဘောင်မှာ ပျော်မွေ ့ဖို ့ အားပေးစကားပြောခြင်း၊ ဝိနည်းသံသယဖြေရှင်းပေးခြင်း၊ တရားစကားပြောပေးခြင်း စသည် ပြုလုပ်ပေးနိုင်ပါတယ်။ သာမဏေ(ကိုရင်) တွေမှာ မကျန်းမာခြင်း၊ မပျော်မွေ ့ခြင်း၊ ရဟန်းခံလိုခြင်းဆိုတဲ့ အကြောင်းသုံးပါး တစ်ပါးပါးရှိလာရင်လည်း ကာယကံရှင်ကိုရင်က ပင့်ပင့် မပင့်ပင့်၊ ဝါပန်ပြီး ကြွကောင်းပါတယ်။ ဒကာဘုန်းမြင့်ရေ … ဒီဝါတွင်း ပြီးခဲ့တဲ့ ဝါခေါင်လပြည့်နေတုန်းက ရန်ကုန်မှာ ဦးဇင်းရဲ့ ခမည်းတော်နဲ ့ မယ်တော်က စာသင်တိုက်တစ်ခုက အသက်နှစ်ဆယ်ပြည့်ကိုရင်တစ်ပါးကို ပစ္စည်းလေးပါး ဒကာခံပြီး ရဟန်းခံပေးခဲ့ကြပါတယ်။ အဲဒီရဟန်းခံပွဲကို ခမည်းတော်က ဦးဇင်းကို ကြွလာစေချင်ပါတယ်။

သူရဟန်းခံပေးမယ့် ကိုရင်ကို သားဦးဇင်းကိုယ်တိုင် ကမ္မဝါဖတ်ပြီး ချီးမြှောက်စေချင်တယ်ပေါ့။ ဝါတွင်းမှာ ကိုရင်တစ်ပါး ရဟန်းခံရင် ရဟန်းခံကိစ္စအတွက် ကူညီဆောင်ရွက်ပေးဖို ့၊ သို ့မဟုတ် သိမ်ဝင်သံဃာပြည့်အောင် ဖြည့်ပေးဖို ့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ ့ ဘယ်သူမှမပင့်ဖိတ်လည်း ဝါပန်ပြီး ကြွကောင်းတယ်လို ့ မြတ်စွာဘုရား မိန် ့ကြားထားတဲ့အတွက် ' ဦးဇင်းကြွရင် ကားလာကြိုမယ် ' လို ့ ဖုန်းဆက်တဲ့ ခမည်းတော်ကို ဖုန်းထဲကနေပဲ ' ကားလာကြိုရင် ဦးဇင်းကြွမယ် ' လို ့ကတိပေးလိုက်ပါတယ်။ ဒါပေမယ့် သွားမပင့်ဖို ့ ကန် ့ကွက်ပိတ်ပင်တဲ့ သူတွေ ပေါ်လာလို့ ထင်ပါရဲ့။ ရန်ကုန်ကနေ သထုံကို ကားလာမကြိုပါဘူး။

ရန်ကုန်က ကားလာကြိုမှပဲ သွားမယ်လို ့ ဆုံးဖြတ်ထားတဲ့အတွက် ရဟန်းခံပွဲကို ဦးဇင်းမကြွဖြစ်လိုက်တော့ပါဘူး။ အမှန်ကတော့ ဘယ်သူမှ လာမပင့်လည်း ကြွကောင်းပါတယ်။ ကြွခြင်းကြောင့် ဘာအပြစ်မှ မဖြစ်ပါဘူး။ ဘာအာပတ်မှ မသင့်ပါဘူး။ လူဝတ်ကြောင်တွေ မကျန်းမမာ ဖျားနာတာနဲ ့ ပတ်သက်ပြီး အဖေရင်း၊ အမေရင်းဆိုရင်တော့ မပင့်ဖိတ်လည်း ကြွကောင်းပါတယ်။ ညီ၊ အစ်ကို၊ အစ်မ၊ နှမ၊ ဆွေမျိုး၊ ကပ္ပိယ၊ ဝေယျာဝစ္စကရ စသည်တို ့ဆိုရင်တော့ ပင့်ဖိတ်မှပဲ ကြွကောင်းပါတယ်။ ဝါပန်ပြီး ခရီးကြွတာနဲ ့ပတ်သက်လို ့ အကျယ်သိချင်ရင်တော့ ဝိနည်းမဟာဝါပါဠိတော်နဲ ့ အဋ္ဌကထာတွေမှာ ရှာဖွေလေ့လာနိုင်ပါတယ်။ တကယ်တော့ ဝိနည်းဆိုတာ ရဟန်းသာမဏေတွေသာ သိသင့်တာ မဟုတ်ပါဘူး။

 လူဝတ်ကြောင်တွေလည်း သိသင့်ပါတယ်။ ဒါမှသာ ' တပည့်လိမ္မာ ဆရာအာပတ်လွတ် ' ဆိုတဲ့ စကားအတိုင်း သာသနာပြုလုပ်ငန်းတွေကို အပ်အပ်စပ်စပ်နဲ့ နှံနှံစပ်စပ်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဝိနည်းနဲ ့အညီလုပ်တဲ့ ရဟန်းတော်တွေကို ဝိနည်းနားမလည်ဘဲ ရမ်းသမ်းကဲ့ရဲ့ မိလို ့ ရလာမယ့် အကုသိုလ်အပြစ်ဆိုးမျိုးတွေကလည်း လွတ်မြောက်နိုင်ပါလိမ့်မယ် … လို ့ … ။

အပ္ပမာဒေန သမ္ပာဒေထ အင်တာဗျူးဂျာနယ်၊

 အောက်တိုဘာ၊ ၁၇၊ ၂၀၀၁

ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

 Khät Hätüň - ရေးသား ပူဇော်သည်။