"သံဃဿ ဒေမ-လို့ ပြောလှူတဲ့ အလှူရှင်များသိစေရန်"
ဒကာကြီး ဒကာမကြီးတွေဘက်က သတိရှိဖို့လေးတစ်ခု ဘုန်းကြီးပြောချင်ပါတယ်.. ဆွမ်းလောင်းပြီးရင် သံဃာ့ဂုဏ်ရည်ကိုရည်ညွှန်းပြီး သံဃာတော်ဟူသော အမှတ်သညာဖြင့်လောင်းလှူရင် ဘာမှမဖြစ်ပါဘူး။ သို့သော် ပါးစပ်ကလည်း "သံဃဿ ဒေမ"ဆိုပြီး ဆိုလိုက်သေးတယ်။"သံဃဿ ဒေမ"ဆိုတဲ့ပစ္စည်းသည် ဝိနည်းကြောင်းအရ ဘယ်လိုဖြစ်လာလဲ? ဝိနည်းဒေသနာတော်ဘက်ရောက်လာလျှင် အလှူရှင်နှုတ်က ပြောဆိုသောစကားသည်သာလျှင် ပမာဏဖြစ်တယ်။ အလှူရှင်က"သံဃဿ ဒေမ"လို့ပြောလှူလျှင် သူလှူလိုက်တဲ့ "သံဃဿ ဒေမ"က မုန့်လေးတစ်ပွဲပဲ အဲဒီမုန့်လေးတစ်ပွဲကို ရွာထဲမှာဖြစ်ခဲ့မယ်ဆိုလျှင် တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာမရှိသေးဘူးဆိုလျှင် အဲ့ချိန်အခါမှာ အလှူခံရသောသံဃာက "ဤပစ္စည်းသည် ငါ့အားရောက်၏"ဟု အဓိဋ္ဌာန်ရပါတယ်။
ဒီလိုဆိုလျှင် သူစားထိုက်ပါတယ်။ တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာက ရှိနေခဲ့လျှင် အဲ့ဒီသံဃာကို ခွဲခြားဝေဖန်မှုမပြုခဲ့ပဲ ဒီရဟန်းတော်ကစားလိုက်လျှင် သံဃိကပစ္စည်းကို မတရားသုံးစွဲသည်မည်ပါတယ်။ ဒါက အာပတ်သင့်ရုံတင်မကဘူး အဲဒီမုန့်က ပါရာဇိကကျနိုင်လောက်အောင် တန်ဖိုးရှိခဲ့လျှင် ဒီရဟန်းတော်က အဲ့ဒီရဟန်းတော်က အဲ့ဒီနေရာတွင်ပင် ပါရာဇိကကျနိုင်ပါတယ်။ နောက်တစ်ခု ကျောင်းဝန်းအတွင်း "သံဃဿ ဒေမ"လို့ဆိုပြီး အလှူရှင်က လှူတယ်။ ဒါဆိုကျောင်းတိုက်အတွင်း သံဃာငါးရာရှိလျှင် ငါးရာလုံးကို ရတဲ့သံဃာက လိုက်ပြီးခွဲဝေရမှာဖြစ်တယ်။ ဖြစ်ပါ့မလား..စဉ်းစားကြည့်။
ဘယ်ကိုယ်တောက ဘယ်ကြွမှန်းမသိ သူလှူတဲ့မုန့်ကို အပုံငါးရာကျော်ပုံဖို့လည်း အချိန်ရှိဦးမလား။ အဲ့ဒါကြောင့် နည်းနည်းလည်းစဉ်းစားကြည့်.. ဘယ်သူကများ သင်ပေးလိုက်လဲမသိဘူး.. ဒီအစဉ်အလာက ဆွမ်းလောင်းတဲ့အခါ "သံဃဿ ဒေမ"တဲ့.. ရင်းနှီးတဲ့သူတွေဆိုလျှင်တော့ "ဒကာကြီးပြန်ယူသွား ဘုန်းကြီးမဝေနိုင်ဘူး" ဆိုပြီး ရှင်းရှင်းပဲပြောလိုက်တယ်။
ဒါက သံဃာ့ဂုဏ်ကို အာရုံပြုပြီးသာ လှူဒါန်းရမှာဖြစ်ပါတယ်။ "သံဃဿ ဒေမ"လို့ နှုတ်ကပြောဆို လှူဒါန်းရမယ့် လုပ်ငန်းခွင်မဟုတ်ပါဘူး။ "သံဃဿ ဒေမ"လို့ပြောဆိုလှူဒါန်းတဲ့ အခြားအခြားသောပစ္စည်းဖြစ်ခဲ့လျှင် သံဃာ့ရေးရာဘဏ္ဍာထိန်းတဲ့ဌာနကို ဝေဖန်နိုင်ရန်အလို့ငှာ ပို့ပေးလိုက်ပါတယ်။ ဒီတော့ပြောချင်တာက လှူဒါန်းတဲ့နေရာမှာ သတိတော့ရှိကြပါ။
ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး
Credit to - Bhikkhu's Dhamma
ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။ _/\_ _/\_ _/\_
Credit --- Pay Thoe