Friday, June 1, 2018

"ဓမ္မစကူးလ် သြဝါဒ"

"ဓမ္မစကူးလ် သြဝါဒ"

၇-၁-၂၀၁၈ မြတ်စွာဘုရားဟောထားတဲ့ ဓမ္မတွေကို တိုင်းပြည်ရဲ့ရင်သွေးကလေးများရဲ့ ရင်ထဲရောက်အောင်ပို့ဆောင်တဲ့အသင်း-လို့ ဒို့များဒီလိုပဲ ခံယူတယ်။ ဓမ္မ စကူးလ်-ဆိုတာ ဘာလုပ်တာလဲ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မတွေကို တိုင်းပြည်ရဲ့ ရင်သွေးကလေးများရဲ့ ရင်ထဲရောက်အောင် ပို့ဆောင်တဲ့အသင်းပဲ ဒီလိုပဲ ယုံကြည်လက်ခံထားတယ်။ မှန်ရဲ့လား။ အေးဒီတိုင်းဖြစ်အောင် လုပ်ကြဖို့ ရှေးဦးစွာတိုက်တွန်းတယ်။ မြတ်စွာဘုရားရဲ့ သာသနာတော်ကြီးကို မြတ်စွာဘုရားကိုယ်တိုင်မိန့်တော်မူတဲ့စကား တစ်ခု-ရှိတယ်။


နွေဦးကာလ တန်ကူးလမှာ တောအုပ်ကြီးတစ်ခုလုံး သစ်ရွက်နုတွေ သစ်သီးအနုတွေ ပင်းပွင့်တို့ရဲ့ အဖူးအငုံတို့နဲ့ စုံစုံလင်လင် တန်ဆာဆင်ထားသဖြင့် တောအုပ်ကြီး တင့်တယ်သလိုပဲ။ ငါဘုရားသည် ပင်ပန်းဆင်းရဲစွာဖြင့် ဤသာသနာတော်ကို တော်အုပ်ကြီးအလား ရှင်ငယ်ကလေးတွေနဲ့ ရှင်ကြီးတွေနဲ့ ရဟန်းငယ်တွေနဲ့ ရဟန်းတော်ကြီးတွေနဲ့ ဘိက္ခု ဘိက္ခုနီတို့နဲ့ စာလိုတိုတိုချုံးရင်တော့ ပရိသတ်(၄)ပါးနဲ့ စုံစုံညီညီ ဓမ္မနဲ့ ဝိနယနဲ့ စုံစုံညီညီ ၊ သုတ် ဝိနည်း အဘိဓမ္မာတို့ဖြင့်လည်း စုံစုံညီညီ ၊ သီလ သမာဓိ ပညာတို့ဖြင့်လည်း စုံစုံညီညီ ၊ လှလှပပတည်ထောင်ခဲ့တဲ့ ငါဘုရားရဲ့ သာသနာတော်ဟာ တောအုပ်လိုပဲ လှတယ်။ အဲ့ဒါကို ရတနာသုတ္တံမှာ ဖတ်လိုက်ရင် အားလုံးတွေ့လိမ့်မယ်။

_/\_ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။ တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။ _/\_ ဂိမှာန-နွေလတို့တွင် ၊ ပဌမသ္မိံ ဂိမှေ-ရှေးဦးအစ နွေလဖြစ်သော၊ မာသေ- တန်ကူးလအခါ၌ ၊ ဖုဿိတဂ္ဂေ- ပွင့်သော ဖူးသော သီးသော ဖူးအပွင့်တို့ဖြင့် အခက်မျိုးစုံမှာ တင့်တယ်၍နေပေထသော၊ တထူပမံ -ထိုတောအုပ်နဲ့တဲ့ ပုံပမာရှိတဲ့၊ ဂိမှာန -နွေလတို့တွင် ၊ ပဌမသ္မိံ ဂိမှေ- ရှေးဦးစွာနွေလဖြစ်သော တန်ကူးလအခါ၌၊ ဖုဿိတဂ္ဂေ- ပွင့်သော ဖူးသော ရွက်ဖျားအစုံစုံရှိတဲ့ တောအုပ်ကြီးသည် ၊ သိရိကော ယတ္ထာ- ကျက်သရေရှိလို့ တင့်တယ်နေလေဘိသကဲ့သို့ ၊ တထူပမံ- ထိုတော်အုပ်နဲ့ တူတဲ့ ပုံပမာရှိသော၊ နိဗ္ဗာနဂါမိံ - နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ ဓမ္မဝါဒသုံးပုံ ပိဋကတ်ကို ၊ အဒေသယိ- ဟောကြားတော်မူခဲ့လေပြီ။

 ဒို့ဒီတော့ ဒီမှာ သမာဓိဂုဏ်အလွန်ရောက်တယ်။ ဂုဏ်တို့ဖြင့် တန်ဆာဆင်ပြီးတော့ သူ့ရဲ့သာသနာတော်ကို ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကိုယ်က ချီးမွှမ်းထားတယ်။ ဒါတွေကို ချုံးလိုက်ရင်တော့ တစ်လုံးထဲပါပဲ သာသနာတော်ဟာ ဥယျာဉ်ကြီးနဲ့တူတယ်။ သို့မဟုတ် တော်အုပ်ကြီးနဲ့တူတယ်။ တောအုပ်နဲ့တူတဲ့ ဒီသာသနာမှာ တစ်ချို့ သစ်ပင်တွေက အပွင့်တွေပွင့်နေမယ်ဆိုရင် အပွင့်တွေကို စားကြ သုံးကြဖို့ပဲ ။ဒါပေမယ့် အပွင့်ကို သုံးချင်တဲ့ပုဂ္ဂိုလ်တိုင်းဟာ ပွင့်တဲ့အပင်ကိုတော့ ကောင်းကောင်းစောင့်ရှောက်ရလိမ့်မယ်။ အသီးလိုတဲ့ပုဂ္ဂိုလ်တွေလည်း အသီးစားမှာပဲ။ ဒီသစ်ပင်ကသီးတဲ့ အသီးတွေစားချင်ရင် ဒီတောအုပ်က သစ်ပင်တွေကို စောင့်ရှောက်ရမှာပဲ။

အရွက်စားချင်တဲ့ ပုဂ္ဂိုလ်ကလည်း အရွက်ကောင်းကောင်းပေးတဲ့ အပင်ကို စောင့်ရှောက်ကြရမှာပဲ။အဲ့ဒါလိုပဲ စုံစုံလင်လင်တည်ထောင်ထားတဲ့ ဒီသာသနာတော်မှာ သာသနာတော်ရဲ့ အရသာ တစ်လုံးတည်းချုံးရင်တော့ ဝိမုတ္တိရသပေါ့။ ဝိမုတ္တိ-သိပ်အဓိပ္ပာယ်ပါတယ် လွတ်မြောက်ခြင်းရဲ့ အရသာ။ ကိလသောအနှောင်အဖွဲ့မှ လွတ်မြောက်တာလား ၊ တိုင်းတစ်ပါးသား နယ်ချဲ့တို့ရဲ့အောက်က လွတ်မြောက်တာလား၊ လွတ်မြောက်ခြင်း မျိုးစုံတယ်။အဲ့ဒီ လွတ်မြောက်ခြင်းရဲ့ အရသာ The Bless of The Libration.ကို သုံဆောင် ခံစားချင်ရင်၊ တခြားသော ဘာသာတရားတို့ရဲ့ လွှမ်းမိုးမှုမှ လွတ်မြောက်တာတွေလည်း ထည့်သွင်းရင် ရမှာပေါ့၊ဘာသာခြား နိုင်းငံခြားသားတို့ရဲ့ လွှမ်းမိုးခြင်းမှ လွတ်မြောက်ခြင်းကိုလည်း ထည့်သွင်းရင်ရတာပဲ။ ဗုဒ္ဓဘာသာတို့အားအနှောက်အယှက်ပေးတဲ့ စာပေတို့ရဲ့ အနှောင်အဖွဲ့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခြင်းလို့ အဓိပ္ပာယ်ယူရင်လည်း ဝိမုတ္တိရသ-ဆိုတာဟာ ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ အဲ့ဒီအရသာကို ခံစားလိုတဲ့ ပုဂ္ဂိုလ်တွေ ဒီဥယာဉ်ကို ကောင်းကောင်း စောင့်ရှောက်ကြရမယ်။ ဓမ္မစကူးလ်-ဖောင်ဒေးရှင်းဟာ ဥယာဉ်မှူးများ ဖြစ်ရမယ်လို့ ဘုန်းကြီးတို့ ဒီလိုပြောချင်ပါတယ်။

နာဃသေန- ရဟန္တာမထေရ်မြတ်တစ်ပါးရလာဖို့အတွက် ရဟန္တာ ပုဂ္ဂိုလ်ကြီးတွေ နှစ်ပေါင်း၊ များစွာ၊စုစုစည်းစည်း အဖွဲ့အစည်းတစ်ခုဖွဲ့ပြီးတော့ စောင့်ရှောက်တော်မူကြတဲ့အတွက်ကြောင့် ဉာဏ်ရည်အလွန်ထက်တဲ့ နာဃသေန-မထေရ်ကို ရလိုက်ကြတယ်။

 မိလိန္ဒမင်းကဲ့သို့သော် စိတ်ထားခက်ထန်တဲ့ မင်းတို့ကို ကောင်းကောင်းကြီး ဆုံးမလိုက်နိုင်တယ်။ တိဿအမည်ရှိတဲ့ မောဂ္ဂလိပုတ္တတိဿအလောင်းလျာမထေရ်ကို သိက္ကဝ-မထေရ်ကြီးတို့ ကောင်းကောင်းကြီးမွေးလိုက်တဲ့ အတွက်ကြောင့် တတိယသင်္ဂါယနာ တင်ပွဲကြီးမှာ မိစ္ဆာအယူဝါဒအားလုံးကို ဖြေရှင်းလိုက်နိုင်တယ်။ နိဂြောဓသာမဏေကဲ့သို့သော စဏ္ဍာလရွာဇရပ်ပျက် ညောင်ပင်အောက်မှာ မွေးတဲ့ကလေးတစ်ယောက်ကို ဝရုဏမထေရ်တို့ရဲ့ ကောင်းကောင်းကြီးစောင့်ရှောက်နိုင်ခဲ့တဲ့ အတွက်ကြောင့် အသောကကဲ့သို့သော မင်းတစ်ပါးကို ဘုန်းကြီးတို့ ရလိုက်ကြတယ်။

 ဓမ္မစကူးလ်အမည်မတပ်သော်လည်း ရှေးခေတ်က ဓမ္မစကူးလ်တွေဟာ ဒီလိုလာခဲ့ကြတာဆိုတာကို အားလုံးပြန်ပြောင်းပြီးတော့ သတိရကြရမယ်။ ဘုန်းကြီးတို့ အခုပြော တတိယဓမ္မစကူးလ်ဟာ ညောင်ပင်အောက်မှာ။ စဏ္ဍာလရွာကြီးရဲ့ ညောင်ပင်အောက်မှာ ကလေးတွေ ကစားနေတယ်။

အဲ့ဒီညောင်ပင်အောက် ဖြတ်သွားပြီး ဆွမ်းခံကြွတဲ့ မထေရ်ကြီး ဝရုဏ-က ကလေးတွေကို ကြည့်ပြီးတော့ အကဲခတ်တယ်။ ဘယ်ကလေးဟာဘယ်လောက်ထူးချွန်မလဲဆိုတာကို မထေရ်ကြီး သိမြင်တော်မူတယ်။ ဓမ္မစကူးလ်ဆရာများ ဝရုဏ-မထေရ်ကဲ့သို့ ဉာဏ်မျက်စိ စူးရှစေလိုပါတယ်။ ကလေးတစ်ယောက်ရဲ့ အပြောအဆိုအနေအထိုင် အသွားအလာ လှုပ်ရှားမှု၊ပြောဆိုတဲ့ စကားသံ နားထောင်ပြီးတော့ ဒီကလေးဟာ စဏ္ဍာလမျိုး မဟုတ်ဘူး။ မင်းသွေးမင်းမျိုး ။ပြည်တွင်းရန်အခြေအနေကြောင့် ထွက်ပြေးခိုလှုံရင်းနဲ့ စဏ္ဍာလရွာ ဇရပ်ပျက်ပေါ်မှာ မွေးတာ။ သာသနာတော်အတွက် အားကိုးလောက်ရဲ့လား ကြည့်လိုက်တော့ အားကိုးလောက်တယ်။ ဒီတော့ ဝရုဏမထေရ် ညောင်ပင်နားဖြတ်ပြီး စဏ္ဍာလရွာမှာ (၇)နှစ်ထိထိ ဆွမ်းခံတယ်။

ဆွမ်းခံသွားတိုင်း သွားတိုင်း ညောင်ပင်အောက်က ကလေးတွေကို စာသင်ပေးသွားတယ်။ သားသားတို့ ရော့ဟေ့ တစ်ယောက် ငှက်ပျောသီးတစ်လုံးစီ၊ ဆိုကြပါဟေ့ - နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ သားသားတို့ ရော့ဟေ့ မုန့်လေးတွေ တစ်ပိုင်းစီ၊ ဆိုကြပါဟေ့- အသေ အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဥ္စ သေဝနာ။ ဘယ်မှာသင်တာလဲ ပရိသတ်ရေ ။ညောင်ပင်းနားက ဇရပ်ပျက်နားက လှည်းသွားလမ်းကြောင်းဟာ ဓမ္မစကူးလ်-ပဲ။အေးသာသနာတော် သမိုင်းကြောင်း ဓမ္မစကူးလ်ဟာ အဲ့ဒီလို စတယ်။

အဲ့ဒါကြောင့် ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကို တကယ်စာသင်တာက မှတ်ထား ဘယ်သူသင်တာလဲ မှတ်ထား ဝရုဏ-မဟာထေရ်။ အားနာလို့တော့ သိပ်မဖြစ်ဘူး။တစ်လုံးတော့ ပြောချင်တယ်။ဆရာမတွေ ငှါးသင်တာ မဟုတ်ဘူးနော်။အေးအဲ့ဒါလေးတော့ ပြောပါရစေ။ သူကိုယ်တိုင် ဆွမ်းခံကြွရင်းသင်သွားတာ။ အဲ့ဒီအချက်ကို ဓမ္မစကူးလ်ဆရာတော်တွေ ဒီကနေ့အလေးအနက် သတိပြုဖို့ လိုအပ်ပါပြီ။

 ဓမ္မစကူးလ်ဆရာတော်များ ကြားတော်မူပြီး ဖြစ်မှာပါ။မြန်မာနိုင်ငံရဲ့ ပါလီမန်လွှတ်တော်မှာ စတင်ပြောလာပါပြီ။ဓမ္မစကူးလ်တို့ ဘကစကူးလ်တို့ ထောင်ချင်တိုင်းထောင်၊ ဘုန်းကြီးတွေ သူတို့ စာမသင်ပါဘူး။ဆရာမငှားသင်တာပါတဲ့။ အဲ့ဒါကြောင့် ဘုန်းကြီးတွေလက်ထဲက ကျောင်းတွေပြန်သိမ်းပြီးတော့ ဆရာမတွေ လက်ထဲပဲ အပ်လိုက်ရင်ကောင်းမယ်-ဆိုတဲ့ဟာ လွှတ်တော်မှာ ပြောနေပြီ။

ဒီအချက်ကို အလေးအနက်ပြုပြီးတော့ ဆရာတော်တွေ ကိုယ်ကိုယ်တိုင် ဝင်သင်ဖို့ ဓမ္မဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ဓမ္မနဲ့ကျွမ်းကျင်တော်မူတဲ့ ဆရာတော်တွေ စနစ်တကျ သင်ဖို့ ဒီကနေ့ အထူးလိုအပ်နေပါပြီ ဘုရား။ စိုးရိမ်စရာအခြေအနေကတော့ အဲ့ဒါပါပဲ။ ဒီကနေ့ ဒါလေးတစ်လုံးလောက်ပြောရရင် တပည့်တော် တာဝန်ကျေပြီလို့ ထင်ပါတယ်။ အဲ့ဒီတော့ လှည်းလမ်းဘေးဆော့နေတဲ့ ကလေးတွေကို တကယ်သင်တာက ဆရာ ဆရာမငှားသင်တာ မဟုတ်ဘူး။ ဘုန်းကြီး သင်သွားတာပဲ။အဲ့ဒါကြောင့် ဘက- ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလို့ ခေါ်တာ။အဲ့ဒီခေတ်က စတာ။ဒီကနေ့ခေတ်ဟာ အပြောင်မြောက်ဆုံးအခြေအနေကို ရောက်ပါပြီ။ နောက်ပြန်မဆုတ်အောင် အားလုံးသတိပြုတော်မူကြရမှာပါ။ အဲ့ဒီအခြေအနေအရပ်ရပ် အနာဂတ်ကို မျှော်ပြီးတော့ မြင်တော်မူတဲ့ ရှေးက မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲလိုတဲ့ Educational Revolution ပေါ့လေ။

 ဒီကဏ္ဍတစ်ရပ်ကို ဖော်ထုတ်လာတဲ့ ဆရာတော်ဘုရားကြီးတွေက စာတွေရေးသွားတာကို ဖတ်မိတော်မူကြလိမ့်မယ်လို့ တပည့်တော် ယုံကြည်ပါတယ်။ ညောင်ပင်အောက်က ကောက်ရတဲ့ခလေးဟာ နိဂြောဓသာမဏေ ဖြစ်တာပဲလေ။ ပြောပြီးပါပြီ နိဂြောဓသာမဏေကနေ စဏ္ဍာသောကကို ဓမ္မာသောက ပြောင်းလိုက်တာ။ ညောင်ပင်အောက်က မွေးလိုက်တဲ့ ကိုရင်လေးပဲ မို့လား။ Monastic Education ရဲ့ တန်ဖိုးကို အားလုံးသိဖို့လိုပါတယ်။ အဲ့ဒီလိုတန်ဖိုးရှိအောင်လည်း ဆရာတော်သံဃာတော်တွေ ဆောင်ရွက်နိုင်ကြဖို့ တပည့်တော်အလေးအနက် တိုက်တွန်းလျှောက်ထားပါတယ်။ အသီးမျိုးစုံ အရွက်မျိုးစုံ စုံစုံလင်လင် အလှပြင်တန်ဆာဆင်ထားတဲ့ နွေဦးသစ်တောကြီးရဲ့ ကျက်သရေ ကို မြတ်စွာဘုရားက ဝနပ္ပဂုမ္ဗေ- အစရှိသည်ဖြင့် ချီးမွှမ်းတော်မူတယ်။ ဒါပေမယ့် နွေနှောင်းရောက်ရင် ဆောင်းနှောင်းကိုရောက်ရင် သို့မဟုတ်ရင်လည်း မိုးနှောင်းကိုရောက်ရင် အဲ့ဒီတောအုပ်ကြီးဟာ သိပ်မလှတော့ဘူးဆိုတာလည်း သတိပြုကြရမှာပါ။ နွေဦးတော့ အသီးတွေ အရွက်တွေ အဖူးတွေနဲ့ ရွက်သစ်တွေနုခါစဆိုတော့ တောကြီးသိပ်လှတာပေါ့။ နောက်တော့ တဖြည်းဖြည်း ရွက်နုတွေက ရွက်ရင့်တွေဖြစ်ပြီးတော့ မိုးကုန် ဆောင်းကုန်တဲ့အချိန်မှာ အဲ့ဒီရွက်ဟောင်းတွေက ကြွေကျပြီး တောအုပ်ကြီးဟာ မလှတော့ဘူး။

 ဒီကနေ့ တပည့်တော်တို့ နိုင်ငံတော်ရဲ့ သာသနာအခြေအနေဟာ မိုးနှောင်းပိုင်း နည်းနည်းများရောက်ပြီလားလို့ တပည့်တော်တို့ စိတ်ပူရပါတယ်။ အဲ့ဒါကြောင့် ဆရာဆရာမများကို ငှားသင်တဲ့ စနစ်ထဲကနေပြီးတော့ တိုးချဲ့မြင့်တင်ပြီးတော့ စဏ္ဍာသောက-ကဲ့သို့ ကြမ်းကျုတ်သောသူအပေါင်းကို ယဉ်ကျေးသိမ်မွေ့တဲ့အဆင့်ရောက်အောင် Educational Revolution ပညာရေးတော်လှန်မှုတစ်ရပ်ကို ဆင်နွဲတော်မူကြဖို့ရန် ဆရာတော် သံဃာတော်များ အား တပည့်တော် အထူးလျှောက်ထားပါတယ်။

အဲ့ဒီအချက်အလက်တွေကို မြင်တော်မူသော လက်တွေအဖြစ်အပျက် မျက်မှောက်အဖြစ်အပျက်တို့ကို မြင်ပြီး ရှု့မြင်သုံးသပ်တော်မူသော အနာဂတ်သာသနာတော်ကို မျှော်တော်မူသော မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဘာသာသွေးဆိုတဲ့ ကျမ်းမှာ စာတွေအများကြီးရေးခဲ့ပါပြီ။ _/\_ တို့ပြည်ဋ္ဌာနီ ရှေးခါဆီဝယ်၊ မထေရ်အပေါင်း စံရာကျောင်းမှ ညိမ့်ညောင်းသာယာ မိန့်အာဏာကို ရပ်ရွာလူများ လွန်လေးစားခဲ့။ ခုကားသို့နယ် မဟုတ်ကွယ်၍ နယ်ပယ်ပွားစည် သားသမီးတို့ ဘုန်းကြီးကျောင်းတွင် စာမသင်ကြ။ ထို့ပြင်မြို့နေ ကလေးတွေကား ဆရာတော်ကြီးရေးလို့သာ ဖတ်ရတာ ဘုန်းကြီးတို့တော့ မပြောရက်လောက်အောင်ပဲ ရှိပါတယ်။ဆရာတော်ကြီးစာက တည့်တည့်ကြီးကို ခပ်ပြောင်ပြောင်တင်းတင်းဆိုထားတာ။ ထို့ပြင်မြို့နေ ကလေးတွေကား တို့မေဘာသာ တို့မေစာကို Mother Language ကို- တို့မေဘာသာ တို့မေစာကို သင်ရကောင်းမျှ မထင်ကြပဲ ပြင်ကလာပေး စာပထွေးကို။ မဟာဂန္ဓာရုံဆရာတော်က ဒီလောက်တောင်ပြောတာ။ ဘုန်းကြီးတို့ဘာသာ တီထွင်ပြီးတော့မှတော့ မပြောရဲပါဘူး။ _/\_ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏။ ဤသည့်တိုင်းသာ နှစ်ပေါင်းကြာလျှင် မြန်မာတိုင်းဖွား လူအများတို့ ဘုရားကိုစွန့် တရားစွန့်၍ စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း။

_/\_ အဲ့ဒီတော့ ဆရာတော်ကြီးရဲ့ နိဂုံးက ဘာဖြစ်လဲ။ ပြင်ပပညာရေး ပြင်ပနိုင်ငံ တည့်တည့်ပြော အနောက်တိုင်း ပညာရေး သိပ်အလေးပေးလွန်းအားကြီးရင် ဘုန်းတော်ကြီးတွေ ကိုယ်တိုင်က မိမိတို့ကိုယ်တိုင်က ကလေးတွေကို ဗုဒ္ဓကျမ်းစာသင်မပေးပဲ ဆရာ ဆရာမငှားပြီးတော့ ပြင်ပစာတွေကိုချည်း အလေးအနက်ထားသင်ကြားပေးနေမယ်ဆိုရင် _/\_ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏။ သူတို့ဘာသာ သူတို့စာမူ ခေတ်ခါအလိုက် လောကဓာတ်ဝယ် သိုက်မျက်ဖို့ရန် အကြောင်းမှန်လျှင် နောင်သံသာတွက် အကျိုးမဖက်၍ သက်သက်မျက်စိ တစ်ဖက်ကြည့်တည်း။ _/\_ တစ်ဖက်မြင်တွေ တိုင်းပြည်မှာ များသွားမယ်။ တစ်ဖက်မြင်ရင် တစ်ဖက်ကမ်းတွေ ဖြစ်ကုန်မှာပေါ့။ အဲ့ဒါကြောင့်တပည့်တော် နိဂုံးချုပ်ပါပြီ တစ်ဖက်မြင်ကလေးတွေမဖြစ်ရအောင် တစ်ဖက်ကမ်းကလေးတွေရဲ့ ဘဝမျိုးမှ လွတ်မြောက်အောင် နှစ်ဖက်မြင် သားတွေ သမီးတွေဖြစ်လာအောင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းက သံဃာတော်အရှင်မြတ်များကိုယ်တိုင် ဓမ္မကို ကိုယ်တိုင်ဝင်ရောက်ပြီးတော့ တစ်နေ့နှစ်ကြိမ်လောက် သင်ကြားပေးတော်မူကြပါ ဘုရားလို့ လျှောက်ထားရင်း ဘုရားတပည့်တော်ရဲ့ လျှောက်ထားလွှာကို နိဂုံးချုပ်ပါပြီ ဘုရား။

_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

သာဓု သာဓု သာဓု

 ၇-၁-၂၀၁၇ ရက်နေ့့ နေ့လည်ခင်း ၃:၀၀ နာရီအချိန်တွင်

 ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏအားကစားရုံတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဓမ္မစကူးလ်ဖေါင်ဒေးရှင်း (ဗဟို) (၅) နှစ်ပြည့် နှစ်ပတ်လည်စုံညီပွဲတော်သို့ ကြွရောက်ပြီး မိန့်ကြားခဲ့သော မိန့်ခွန်းမှ။

ဤဓမ္မဒါနအား အသံဖိုင်မှရေးသားရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

 ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

 Credit --- Pay Thoe