သတိဆိုတာ
★ ဘာသာတရားကို ကြိုးစားအားထုတ်ပြီဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့တပည့်တွေဟာ ဘာအရေးကြီးဆုံးတုန်းဆိုရင် **သတိ**ရှိရမယ်။★ သတိဆိုတာ ဘာပြောတာလဲလို့မေးမယ်ဆိုရင် တပည့်တော်တို့လည်း သတိရှိတာပဲ လုပ်စရာတွေ အမှတ်ရနေကြတာ.. အဲ့ဒီသတိမျိုးမဟုတ်ဘူး။
★ လောကလူတွေဟာ သတိကင်းမဲ့နေတယ်လို့ ပြောလို့ရတယ်.. ဘာကြောင့်တုန်းလို့ဆိုလို့ချင်ရင်
ဘုန်းကြီးတို့တတွေစဉ်းစားကြည့် လူတိုင်းလူတိုင်းဟာ ဘာတွေသတိရတုန်းလို့မေးမယ်ဆိုလို့ချင်ရင် - အိမ်မှာ လုပ်စရာကိုင်စရာတွေ လုပ်ဖို့ရာတွေသတိရမယ်၊ - အရောင်းအဝယ်ကိစ္စတွေသတိရတယ်၊ - စားဝတ်နေရေးတွေသတိရတယ် ဒီလိုကိစ္စမျိုးတွေသာ သတိရကြတာ။
★ သို့သော်လူတွေမှာ ကြည့်လိုက်ရင် မအိုတော့မဲ့ပုံ၊ မနာတော့မဲ့ပုံ၊ မသေတော့မဲ့ပုံ အေးအေးဆေးဆေးနဲ့ ပစ္စည်းဥစ္စာတွေရှာဖွေပြီးတော့ ပြုံးလိုက်ရယ်လိုက်မောလိုက်နဲ့ နေလိုက်ကြတာ အဲ့ဒါကိုမေ့နေတယ်လို့ ခေါ်တယ်.. အဲ့ဒါကို 'ပမာဒ' လို့ခေါ်တယ်။
★ 'ပမာဒ'ဆိုတာ ကိုယ်ရရှိထားတဲ့ အနေတခုအပေါ်မှာ ယစ်မူးနေတဲ့သဘောပဲ.. ယစ်မူးနေတဲ့ပုဂ္ဂိုလ်ဟာ မကြာခင်ရောက်လာမယ့် ဒုက္ခကိုမစဉ်းစာမိဘူးတဲ့... မကြာခင်ကြံုတွေ့ရမဲ့ ဒုက္ခကိုမေ့ထားလိုက်တယ်။
★ မေ့ထားပြီးတော့ မိမိလက်ရှိရှိနေတဲ့ ဘဝအပေါ်မှာ ကျေနပ်နေတဲ့သဘော.. ကျေနပ်နေကြတယ်။ အလုပ်နဲ့လည်းကျေနပ်နေတယ်၊ ရထားတဲ့စည်းစိမ်ဥစ္စာနဲ့လည်းကျေနပ်တယ် မိသားစုအသိုင်းအဝိုင်းနဲ့လည်း ကျေနပ်တယ် လုံလောက်တယ် ပြည့်စုံတယ်လို့ပဲ စိတ်ကထင်နေတယ်။ ကျေနပ်နေကြတယ်။
★ ငါတဖြည်းဖြည်းနဲ့ အိုတာပါလား ဒီအိုခြင်းတရားကို ငါမကျော်လွှားနိုင်သေးပါလား ငါ ကျန်းမာနေတာ တခဏတာ မကျန်းမာမူဆိုတာ ဖြစ်လာနိုင်တယ် ငါရဲ့အသက်ရှင်မူဆိုတာ အတိုင်းအတာတခုရှိတယ်။
★ သေဆုံးမူဆိုတာ ဖြစ်လာနိုင်တယ် သံသရာဝဋ်ထဲကမလွတ်သေးသမျှ ငါဟာ သေးဆုံပြီး နောက်တခါပြန်မွေးအုံးမှာပဲဖြစ်တယ် ပြန်မွေးရင် အခုလိုပဲ ပြန်ပြီးတော့ အိုမင်းမယ် ပြန်ပြီးတော့ ရောဂါရမယ် ပြန်ပြီးတော့ သေဆုံးရမယ်။
★ မဆုံးနိုင်တဲ့ သံသရာခရီးကြီးကို ငါလျှောက်နေရတာပါလားဆိုတဲ့ သတိကြတော့ မရဘူး။ ကိုယ်ရှိတဲ့ အနေအထားလေးပေါ်မှာ ယစ်မူးမေ့လျော့နေကြတယ်။
★ ဘဝရဲ့အခြေအနေတခုကို ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိကြတာ ဒါ သတိမရှိဘူးလို့ ပြောလို့ရတယ်။ ရှိထားတဲ့ဘဝလေးပေါ်မှာ ကျေနပ်နေခြင်းဟာ "ပမာဒ" ယစ်မူးမေးလျော့နေခြင်းပဲဖြစ်တယ်တဲ့။
★ အဲ့ဒီလို ယစ်မူးမေးလျော့နေလို့မရဘူး။ ကိုယ့်ကိုယ်ကို သတိရှိနေရမယ်။ မကြာခင် ငါအိုတော့မှာ၊ မကြာခင် ငါ နာတော့မှာ၊ မကြာခင် ငါသေတော့မှာ။ လောကလူတွေဟာ ကိုယ်ရဲ့မိတ်ဆွေတွေ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ တဖြည်းဖြည်းတဖြုတ်ဖြုတ်သေသွားသော်လည်း ကိုယ်တော့သေလိမ့်မယ်လို့ မထင်ဘူး။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၄၅)မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu