Friday, June 1, 2018

ခန္ဓာရှိနေရင် ဒုက္ခရှိမယ်

 ခန္ဓာရှိနေရင် ဒုက္ခရှိမယ် 

★ လောဘ ဒေါသ မောဟဟာ အကုသိုလ် အားလုံးရဲ့ အမြစ်လို့ ဆိုလိုတယ်။ လောဘ ရှိနေသမျှ ကျန်တဲ့အကုသိုလ်တွေ ဖြစ်နေမှာပဲ။ ဒေါသ ရှိနေသမျှ ကျန်တဲ့အကုသိုလ်တွေ ဖြစ်နေမှာပဲ။ မောဟ ရှိနေသမျှ ကျန်တဲ့အကုသိုလ်တွေ ဖြစ်နေမှာပဲ။

 ★ ဒါကြောင့်မို့ လောဘ ဒေါသ မောဟ ဒီသုံးခုကို အကုသိုလ်တို့ရဲ့ အမြစ်လို့ သစ်ပင်ကြီးတစ်ပင်ဟာ ရေသောက်မြစ် ရှိနေသမျှ ကာလပတ်လုံး အကိုင်း၊ အခက်၊ ပင်စည်၊ အပွင့်၊ အသီးတွေဟာ ရာသီအလိုက် ဝေဆာနေမှာသာ ဖြစ်တယ်ပေ့ါ။ အမြစ်မပြတ်သမျှ ဒီသစ်ပင်ကြီးဟာ ရှင်သန်နေမှာပဲ။ ရေသောက်မြစ် ဖြတ်လိုက်ပြီဆိုရင်တော့ မရှင်သန်တော့ဘူး။
 ★ ဒုက္ခ ဆိုသည်မှာ "သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခာ" ခန္ဓာကို ဒုက္ခလို့ ပြောတာနော်။ နို့မို့ဆိုရင် ခေါင်းကိုက်တာတို့ နားကိုက်တာတို့ နေမကောင်းတာတို့ ဆိုတဲ့ ဒုက္ခတွေ စီးပွားဥစ္စာ မရှိတဲ့ဒုက္ခတွေ စားစရာမရှိလို့ဒုက္ခ စီးပွားရေး အဆင်မပြေတဲ့ဒုက္ခ တစ်ယောက်နဲ့တစ်ယောက် မတည့်အဆင်မပြေတဲ့ဒုက္ခ အဲဒုက္ခတွေ ပြောတာမဟုတ်ဘူး။
 ★ ဒုက္ခရဲ့ အဆုံးဆိုတာ ခန္ဓာဘယ်နေရာမှာ ဆုံးသွားသလဲ။ ခန္ဓာရှိနေရင် ဒုက္ခရှိမယ် ဒီလိုဆိုတာ။ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် အလေးအနက် စဉ်းစားကြည့်။ အဲဒီ အလေးအနက် စဉ်းစားတာဟာ တကယ့်ကို တရားပဲ။ ကိုယ့်မှာ ရထားဟာ ဘာရထားလဲ မြတ်စွာဘုရားက ဒုက္ခရထားတာတဲ့။
 ★ ခန္ဓာငါးပါး ကုန်ဆုံးသွားမှ ဒုက္ခဆိုတာ အဆုံးသတ်မှာ ဖြစ်တယ်။ ခန္ဓာရှိရင် ဘယ်မှာပဲရှိရှိ၊ ခန္ဓာသေးသေးလေးရှိလဲ ဒုက္ခရှိနေမှာပဲ။
 ★ ဘုရားကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ခြင်းဟာ ဘုရားဆီက အဆုံးအမ ရဖို့။ တရားကို ကိုးကွယ်ရာ အဖြစ်ဆည်းကပ်တာ တရားအတိုင်း လိုက်နာကျင့်သုံးဖို့။ သံဃာကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်တာ သံဃာတွေနဲ့ ကုသိုလ်ကောင်းမူပြုဖို့ ဒီလိုဆိုတာပေါ့။ အဲသလို ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်လိုက်ပါတဲ့။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၅၂) မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)  🙏 🙏 🙏
 Credit --- Shwe Thu