ကလျာဏမိတ္တ
★ “ကလျဏမိတ္တတာ မုနိနာ၊ လောကံ အာဒိဿ ၀ဏ္ဏိတာ” မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ လောကကြီးကို အထူးတလည်ရည်စူးပြီးတော့ “ကလျာဏမိတ္တ” လို့ဆိုတဲ့ မိတ်ကောင်းဆွေကောင်းရှိမှုကို ချီးမွမ်းတောမှုလေ့ရှိတယ်။★ မြတ်စွာလူတိုင်းလူတိုင်းဟာ မိတ်ဆွေကောင်းရှိဖို့ အင်မတန်မှ အရေးကြီးတယ်လို့ဆိုတယ်။
မျက်မှောက်ဘဝမှာ ကြီးပွားတိုးတက်ဖို့ပဲဖြစ်စေ နောင်အနာဂတ်မှာ ကြီးပွားတိုးတတ်ဖို့ပဲဖြစ်စေ “ကလျာဏမိတ္တ” ဆိုတဲ့ မိတ်ကောင်းဆွေကောင်း ရှိမှုဟာ အများကြီးအထောက်အကူပြုတယ်။
★ လောကီစီးပွားရေးပဲဖြစ်ဖြစ် လောကုတ္တရာဓမ္မအရေးပဲဖြစ်ဖြစ် ကလျာဏမိတ္တရှိမှုကို မြတ်စွာဘုရား ချီးမွှမ်းတယ်ဆိုတာ ရှိအောင်ကြိုးစားဖို့ ဆိုလိုတဲ့ အဓိပ္ပါယ်ပဲ။
★ ဒါကြောင့်မို့ မျက်မှောက်ဘဝ ကြီးပွားတိုးတတ်ဖို့ဆိုလို့ရှိရင် မြတ်စွာဘုရားက လူတိုင်းလူတိုင်း မျက်မျောက်ဘဝ ကြီးပွားတိုးတတ်ချင်ရင် ဘာတွေပြည့်စုံ မရမလဲဆိုတဲ့အထဲမှာ "ဥဋ္ဌာနသမ္ပဒါ၊ အာရက္ခသမ္ပဒါ၊ သမဇိ၀ိတာ ကလျာဏမိတ္တတာ" လို့ ဘုန်းကြီးတို့တတွေ လက်ရှိဘဝမှာ စီးပွားဥစ္စာ ကြီးပွားတိုးတက်ချင်တယ်ဆိုရင်လဲပဲ မိတ်ကောင်းဆွေကောင်း ရှိရမယ်။
★ အဲတော့ ကလျာဏ မိတ်ကောင်းဆွေကောင်းဆိုတာ ဘယ်လိုဟာတုံးဆိုလို့ရှိရင် မိတ်ကောင်းဆွေကောင်းဆိုတာ ကိုယ်ကျင့်တရားကောင်းပြီးတော့ စိတ်နေစိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတယ်။ သူတို့ကိုယ်တိုင်ကလည်း စိတ်နေသဘောထားလဲ မြင့်မားတယ် ကိုယ်ကျင့်သီလလဲ ကောင်းကြတယ်။
★ အဲဒီလို ပုဂ္ဂိုလ်မျိုးကို အပေါင်းအသင်းပြုပြီးတော့ မိမိဘဝကြီးပွားရေး ဆောင်ရွယ်မယ်ဆိုရင်တော့ ဘယ်တော့မှ အမှားမရှိဘူး။ ဒါကြောင့်မို့ မျက်မှောက်ဘဝ ကြီးပွားရေးအတွက်လဲ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း ရှိရမယ်။
★ မရှိရင် မိမိတို့ကိုယ်တိုင်က မိတ်ကောင်းဆွေကောင်း ရရှိအောင် ကြိုးစားရှာဖွေပြီး ထိုမိတ်ဆွေရဲ့ အကြံပေးစကားများကို မှတ်သားနာယူပြီးတော့ နေထိုင်ကြရမှာ ဖြစ်တယ်ပေါ့။
★ မျက်မှောက်ဘဝ ကြီးပွားတိုးတတ်ရေးအတွက်မှာလည်း ကလျာဏမိတ္တ လိုအပ်သလို ဓမ္မရေးရာ ကိစ္စများမှာလည်းဘဲ ကလျာဏမိတ္တ မိတ်ကောင်းဆွေကောင်းဆိုတာ သိပ်အရေးကြီးတဲ့အကြောင်း မြတ်စွာဘုရားကိုယ်တိုင်က ဟောကြားတော်မှုခဲ့တာဖြစ်တယ်။
★ တစ်ခါတုန်းက အရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရားကို လျှောက်တယ်။ အရှင်ဘုရား မြတ်သောအကျင့်ကို ကျင့်တဲ့အခါမှာ ကလျာဏမိတ်တွေဆိုတဲ့ မိတ်ကောင်းဆွေးကောင်းတွေဟာ ထက်ဝက်အကျိုးပြုပါတယ်။ ကိုယ်တိုင်ကြိုးစားရတာက ထက်ဝက် မိတ်ကောင်း ဆွေကောင်းရဲ့ အကူအညီရတာက ထက်ဝက်လို့ ရှင်အာနန္ဒာက ဒီလိုလျှောက်တဲ့အခါမှာ ချက်ချင်းပဲ မြတ်စွာဘုရားက တားမြစ်တယ်။
★ အာနန္ဒာ ဒီလိုမပြောနဲ့ မိတ်ကောင်းဆွေကောင်းဟာ ထက်ဝက်အကျိုးပြုတာ မဟုတ်ဘူး။ ရာခိုင်နှုန်းအပြည့် အကျိုးပြုတယ်လို့ မြတ်စွာဘုရားက မိန့်ကြားတာဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတာ မြတ်စွာဘုရားက ရှင်းပြတယ်၊ မင်းတို့တတွေ တရားဓမ္မအသိဉာဏ်ရပြီး သံသရာဝဋ်က လွတ်ကင်းတာ ငါဘုရားတည်းဟူသော ကလျာဏမိတ္တကို အမှီပြုလို့သာဖြစ်တယ်။
★ မင်းတို့ ကျင့်ကြံကြိုးကုတ်အားထုတ်သမျှဟာလဲ ငါဘုရားရဲ့ အဆုံးအမသာဖြစ်တယ်၊ ကိုယ်တိုင်လုပ်သမျှဟာလဲ ဘုရားရဲ့ အဆုံးအမသာဖြစ်လို့ ရာခိုင်နှုန်းပြည့် အကျိုးပြုတာသာာ ဖြစ်တယ်လို့ မြတ်စွာဘုရားက အရှင်အာနန္ဒာ အတွေးကို ပြင်ဆင်ပေးခဲ့တာဖြစ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၄၈) မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu