Friday, June 1, 2018

‘သောက’

 ‘သောက’ 

★ သောကဆိုတဲ့ သဘောတရားဟာ ငါ့ဟာလို့ စွဲမှတ်လို့ ဖြစ်တာလေ။ ကားလေး တစ်စီးပိုင်တဲ့ လူကြည့်ပေါ့။ အဲဒီကားလေး ဂျပန်ကလာတာ ဂျပန်ပစ္စည်းလို့ ဖွပ်ဖွပ်ကြေနေတဲ့ကား ဗမာပြည်ရောက်လာတဲ့အခါ ကိုယ့်လက်ထဲကြတော့ အသစ်ကလေးပေါ့နော်။ ဂျပန်စာတောင် မပျောက်သေးဘူး လုပ်သေးတယ်။
 ★ လူက အဲဒီကားလေး စီးနေပြီ ကိုယ်ပိုင်ပြီ ၀ယ်လိုက်ပြီဆိုကတည်းက အဲဒီကားလေးလမ်းမှာ တိုက်သတဲ့ဆို ဟာ … ဒိန်းကနဲ ပူသွားတယ်၊ ဂျပန်ပြည်တုံးက တိုက် ဘာမှမဖြစ်ဘူး။ ကိုယ်မပိုင်ခင်က ဘာမှမဖြစ်ဘူး။ ကိုယ်ပိုင်ပြီဆိုတာနဲ့ လူတွေဟာ သောက ဖြစ်လာတယ်။

 ★ ပိုင်ဆိုင်မှုက ငါ့ဟာလို့ သတ်မှတ်လိုက်တာနဲ့ တပြိုင်နက် ပြဿနာဖြစ်တယ်။ အဲဒီငါ့ဟာဆိုတဲ့ အရှုပ်ထုပ်ကြီးကို သူများရောင်းလိုက်ပါလား။ ရောင်းလိုက်လို့ သူများဟာ ဖြစ်သွားပြီဆို အဲဒီအပေါ်မှာ မပူတော့ဘူး။ အရှုပ်ထုပ်ကြီး သွားပူဦးမှာ။ အဲဒီကြရင် ငွေထုပ်ကြီးပေါ်မှာ သောကဖြစ်သွားပြန်တယ်။ သောကကလည်း အဲလိုပြောင်းနေတာနော်။
 ★ ဒါကြောင့်မို့ ဘယ်နေရာပဲဖြစ်ဖြစ် တွယ်တာမှုရှိတဲ့နေရာ သောက လာတာပဲ။ တွယ်တာမှုတွေက ဘယ်မှ မရှိတော့ရင် ဘယ်မှာမှ သောက မလာတော့ဘူး။ ဒါပြတ်တဲ့ နည်းလမ်းတခုပေါ့နော်။ အဲဒီကျတော့ လူတွေက စဉ်းစားမယ်။ ဘယ်ဘာမှ မရှိတော့ဘူးဆို ငါ့ ဘာသွားစားမတုံးလို့။ အဲဒါလည်း သောကပဲ။ 
★ ပိုင်ဆိုင်ချင်တာကလည်း တဏှာက လာပြန်တာလေ။ လာပြန်နေသမျှတော့ သောကတွေက လာနေဦးမှာပဲလို့ ဒီလိုဆိုလိုတယ်ပေါ့။
 ★ လူတွေက ထင်တယ်။ သားသံယောဇဉ်၊ သမီးသံယောဇဉ်၊ ပစ္စည်းသံယောဇဉ် ဆိုတာ သားသံယောဇဉ် ဖြတ်ချင်တယ်ဆို ဒီသားနဲ့ မခေါ်မပြော တခြားပို့ပစ်လိုက်မယ်။ သမီးသံယောဇဉ် ဖြတ်ချင်တယ်ဆို ဒီသမီး တခြားပို့ပစ်လိုက်မယ်။ အဲလိုဆိုလိုတာ မဟုတ်ဘူး။
 ★ သားနဲ့ မိမိရဲ့စိတ်ထဲကြား၊ သမီးနဲ့ကိုယ့်စိတ်၊ ကိုယ်ပိုင်တဲ့ပစ္စည်းနဲ့ ကိုယ့်စိတ်ကြားမှာ Super Glue ဆိုတာ ရှိတယ်။ တွယ်တာမှုဆိုတဲ့ ကော်ကလေးရှိတယ်။ အဲဒီကော်ကလေးကို ဖယ်ခိုင်းတာ သားကိုလည်း စွန့်စရာမလိုဘူး။ သမီးကိုလည်း စွန့်စရာမလိုဘူး။ ပစ္စည်းတွေကိုလည်း စွန့်စရာ မလိုဘူး။
 ★ ကြားထဲမှာ ရှိနေတဲ့ကော်လေးကို ဖြုတ်ခိုင်းတာ။ အဲဒီကော်ဟာ တဏှာပဲပေါ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၃၅ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
  Credit --- Shwe Thu