လောင်စာသိမ်း၍ မီးငြိမ်းတယ်
★ လောကကြီးဟာ အခက်အခဲတွေ ကြုံနေတယ်။ အိုရတယ်။ နာရတယ်။ သေရတယ်။ အဖန်တလဲလဲ မွေးရတယ်။ အဖန်တလဲလဲ သေရတယ်။ မဆုံးနိုင်တဲ့ ခရီးကြီးကို လျှောက်လှန်းနေရတယ်။ ဒါဖြင့် တို့တတွေ ဘာဖြစ်လို့ ‘အို’ နေကြရတာတုံးဆိုတာ အဖြေရှာကြည့်။★ ကိုယ်သိနိုင်တဲ့ အဖြေဟာ ဘာတုန်း။ တို့တတွေ အိုလာတာဟာ မွေးလာလို့သာ အိုတာ။ မမွေးဘူးဆို အိုစရာ မရှိဘူးလေ။ ပန်းလေးတပွင့်ဟာ ညှိုးသွားတယ်၊ နွမ်းသွားတယ်၊ ကြွေကျသွားတယ်။ ဘာဖြစ်လို့ ဒီပန်းဟာ ညှိုးရတယ်၊ နွမ်းရတယ်၊ အခြားအကြောင်း ရှာမနေနဲ့။ ပန်းအဖြစ်ပွင့်လာလို့သာ ဖြစ်တယ်။
★ ပန်းအဖြစ် ပွင့်လာတယ်။ နဂိုတည်းက ပန်းအဖြစ် မပွင့်ဘူးဆိုရင် ညှိုးတယ်၊ ကြွေတယ်ဆိုတာ မရှိဘူး။ ပန်းအဖြစ်ကို ပွင့်လာကတည်းက ညှိုးမယ်၊ နွမ်းမယ်၊ ကြွေကျမယ်ဆိုတာ သေချာပေါက်ဖြစ်နေပြီ။
★ အဲဒါကြောင့်မို့ အကြောင်းရှာလိုက်တဲ့အခါ ဇရာ၊ မရဏ ဆိုတဲ့ အိုခြင်း၊ သေခြင်းဟာ ဘာကြောင့်လာတာတုန်းဆို ဘုရားက ပဋိစ္စသမုပါဒ် ကိုဟောထားတာ ကြည့်လေ။ ဇာတိပစ္စယာ ဇရာမရဏ မွေးလာလို့ အိုတာ၊ သေတာ တဲ့။ အဲတော့ မင်းမွေးနေသမျှ ကာလပတ်လုံး အိုဦးမှာပဲ၊ သေဦးမှာပဲ။
★ မမွေးတော့မှ အိုခြင်း သေခြင်းက လွတ်မယ်။ အဲတော့ မမွေးတော့တဲ့ အရာဟာ ဘာတုန်းဆိုရင် နိဗ္ဗာန်ပဲ။ ဒါကြောင့်မို့ နိဗ္ဗာန်ကို လိုအပ်တယ်လို့ ဆိုတာ။ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ရှောင်လွှဲလို့မရတဲ့ ပြဿနာကြီးကို သံသရာထဲမှာ ထိုင်ပြီးတော့ ဖြေရှင်းမယ်ဆိုရင် ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။
★ အိုခြင်း၊ နာခြင်း၊ သေခြင်းကို ငွေတွေပုံပေးပြီး ဖြေရှင်းလို့လည်း မရဘူး။ အဲဒီလို ဖြေရှင်းလို့မရလို့ ရှိရင် ဒီလောက်ဆိုးတဲ့ အရာကြီးကို တို့အနိုင်တိုက်မယ်ဆိုပြီး စစ်တပ်ကြီးဖွဲ့စည်းပြီး တိုက်ရင်ရော နိုင်မလား။ မနိုင်ဘူးလေ။ အဲတော့ လောကသားတွေဟာ ပြေးလို့လည်း မလွတ်ဘူး။ ရင်ဆိုင်လည်း တွန်းလှန်ဖို့ရာ မနိုင်ဘူး။ အဲဒါကို ပြောတာ။...
★ ဘုန်းကြီးတို့တတွေဟာ နိဗ္ဗာန်ကို တန်ဘိုးထားတာဟာ အခုလို problem လို့ခေါ်တဲ့ ပြဿနာတွေ ဖြေရှင်းလို့ မရလို့ ရနိုင်တဲ့ဟာ တစ်ခုတည်းပဲ ရှိတယ်။ လိုချင်မှုကိုဖြတ်၊ ဖြစ်မှုတွေ အားလုံးရပ်သွားပြီ ဆိုရင် မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “လောင်စာသိမ်း၍ မီးငြိမ်းတယ်” လောင်စာ မသိမ်းမခြင်း မီးကတော့ ငြိမ်းမှာ မဟုတ်ဘူးလို ဒီလိုမှတ်ရမယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၃၅ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu