အကောင်းဆုံးပရဟိတ
❖ အရာခပ်သိမ်းဟာ သဒ္ဓါလို့ဆိုတဲ့ ကုသိုလ်ကောင်းမှုပေါ်မှာ စိတ်ဝင်စားတဲ့ ယုံကြည်မှုဟာအရေးပါတယ်။ သဒ္ဓါဆိုတဲ့ယုံကြည်မှုမရှိရင် သီလဆိုတာမရဘူး။ သဒ္ဓါရှိမှ သီလဆိုတာဖြစ်တယ်။ သီလရှိလာပြီဆိုတော့ သီလပေါ်မှာအခြေခံပြီးတော့ သမာဓိတွေ ပညာတွေဟာ ဖွ့ံဖြိုးတိုးတက်လာတာဖြစ်တယ်။❖ ကံကောင်းခြင်တယ်ဆိုရင် သဒ္ဓါစွမ်အားတွေ သီလစွမ်းအားတွေ ပညာစွမ်းအားတွေ အဲဒါတွေမြှင့်တင်ဖို့လိုတယ် အဲဒီလိုသဒ္ဓါတရားတွေ မြင့်မားလာတဲ့အခါကြတော့မှ ကံတရားဟာ ပိုပိုပြီးတော့ ဘဝကိုတိုးမြှင့်စေတယ်။
❖ သဒ္ဓါတရားမရှိရင် သာသနာနဲ့အလှမ်းဝေးနေအုန်းမှာပဲ။ .. အခုဒီကနေ့ ဗုဒ္ဓါသာသနာနဲ့ကြုံတွေ့နေသော်လည်းပဲ သဒ္ဓါတရားရှိသူဆိုတာ အရေအတွက်အားဖြင့် နည်းနေသေးတာပဲ။ ဘယ်လိုပဲ တရားပွဲကျင်းပကျင်းပ နာချင်စိတ်ရှိတဲ့သူလည်း နည်းတာပဲ။ တရားနာတယ်ဆိုတာ ကိုယ်ရဲ့သဒ္ဓါစွမ်းအားတွေပါလို့သာ လာပြီးတော့နာနိုင်ကြတာ။
❖ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေက ပျော်ပွဲရွှင်ပွဲမှာပဲ အချိန်ဖြုန်းကြမှာ။ ပျော်ပွဲရွှင်ပွဲမှာ အချိန်ဖြုန်းတယ်ဆိုတာ သတ္တဝါတွေလုပ်နေကြ အလုပ်ကိစ္စသာဖြစ်တယ်။ ❖ တရားပွဲလာပြီး တရားနာနိုင်တယ်ဆိုတာ ဆန်တက်တဲ့သဘောပဲ ဘဝတစ်ခုကို အဆင့်မြင့်ဖို့ရာအတွက် ကိုယ်ရဲ့အသိဉာဏ်တွေရဖို့ တရားပွဲမှာ တရားလာနာတယ်ဆိုတာ ဆန်တက်ရတဲ့လုပ်ငန်းတခုပဲဖြစ်တယ်။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ လူအများစုဟာ တရားနာခွင့်မရှိကြဘူး။ တရားနာနိုင်ခြင်းမရှိဘူး။ ကာမဂုဏ်အာရုံတွေနဲ့ပျော်ဖို့ကြတော့ အလွန်လွယ်ကူတယ်ပေါ့။
❖ အဲသလို ဘဝမှာ ဘုရားသာသနာတော်နဲ့ကြံုသော်လည်းပဲ ဓမ္မကို စိတ်ဝင်စားမူမပြဘဲနဲ့ အပျော်နဲ့ဘဲ အဆုံးသတ်သွားတဲ့ လူတွေဟာ သေသွားတဲ့အခါမှာ အောက်တန်းကျတဲ့ ဘဝတွေမှာသွားဖြစ်ကြတယ်။ ဒါကြောင့်မို့ - ကြက်တွေလည်းပေါတယ်၊ - ၀က်တွေလည်းပေါတယ်၊ - ငါးတွေလည်းပေါတယ်၊ - သတ္တဝါတွေ ဒါကြောင့်မို့ပေါနေတာ - ငရဲဘုံကြည့်လိုက်ရင် ဒီထက်ပေါတယ်ပေ့ါ - လူ့ဘုံဆိုတာ လူဦးရေ အင်မတန်မှနဲတယ် - သတ္တဝါဦးရေ နှင့် တိရစ္ဆာန်ဦးရေ ယှဉ်လိုက်မယ်ဆိုရင် အလွန်ကိုနဲတယ်။ အဲဒီအလွန်နဲတာ ဘာကြောင့်နဲသလဲဆိုရင် တရားကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်နဲလို့့ပဲဖြစ်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်နဲ့ ကြံုတွေ့နေတဲ့အချိန်မှာ တရားဓမ္မကို နာယူပြီး အသိဉာဏ်ရအောင်ကျိုးစားအားထုတ်ကြ။
❖ တရားဓမ္မဟောပြောတယ်ဆိုတာ အဆင့်မြင့်ဆုံး ပရဟိတလုပ်ငန်းပဲဖြစ်တယ်။ ဒီကနေ့ခေတ်မှာ ပရဟိတလို့ခေါင်းစဉ်တတ်ထားတဲ့နေရာမှာ အများရဲ့အကျိုးကိုပြုတယ်လို့အထဲမယ် အများကိုကူညီတာတို့ စောင့်ရှောက်တာတို့ ဒီအလုပ်လောက် အပေါ်ယံအလုပ်တွေလောက်ကိုသာလျှင် ပရဟိတလို့ လူတွေကသတ်မှတ်ကြတယ်။ သို့သော် တရားဓမ္မဟောပြောခြင်းဟာ အကောင်းဆုံးပရဟိတပဲဖြစ်တယ်။
❖ အများအကျိုးကိုဆောင်ရွက်တဲ့အခါမှာ အမှန်တရားသိရှိအောင်ဟောပြောခြင်းဟာ အလွန်မြင့်မြတ်တဲ့ ပရဟိတတစ်ခုပဲ။ မိမိတို့ရပ်ရွာထဲမှာ ကိုယ်ကျင့်သီလမရှိသေးတဲ့ ပုဂ္ဂိုလ်တွေ ကိုယ့်ကျင့်သီလရှိအောင် အသိပညာကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေ အသိပညာရှိလာအောင် သဒ္ဓါတရားမရှိသေးတဲ့ ပုဂ္ဂိုလ်တွေ သဒ္ဓါရှိလာအောင် အဲဒီလိုသင်ယူဟောပြောပြသပေးခြင်းဟာ အလွန့်ကိုမြင့်မြတ်တဲ့ ပရဟိအလုပ်လို့ ဒီလိုဆိုတယ်။
❖ လောကမှာ တရားရဲ့အရသာဆိုတာ ဘာလဲလို့မေးကောင်းမေးကြလိမ့်မယ်။ တရားဓမ္မနာယူလိုက်ရတဲ့အခါ စိတ်ထဲမှာ ပူလောင်နေတာတွေ အေးမြသွားတယ်၊ သောကဖြစ်နေတဲ့သူတွေလည်း သောကကိုကျော်လွှားသွားနိုင်ကြတယ်၊ စိုးရိမ်စိတ်တွေနဲ့ ဘဝမှာနေကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း စိုးရိမ်စိတ်တွေကို ကျော်လွှားနိုင်ကြတယ်။
❖ ဒီကနေ့ခေတ်မှာလည်း လောကလူတွေဟာ သောကနဲ့မကြံုသေးလို့ရှိရင် ပြံုးနိုင်ကြသော်လည်း သောကနဲ့ကြံုတွေ့လာကြပြီဆိုရင် တရားမသိတဲ့ပုဂ္ဂိုလ်ဟာ ပိုပိုပြီးတော့ ရင်ထဲမှာခံစားကြရတယ်။
❖ တရားသိတဲ့ပုဂ္ဂိုလ်ဟာ တရားနဲ့ဖြေလိုက်ရင် ရင်ထဲနုလုံးထဲမှာ အေးချမ်းသွားတာဖြစ်တယ်။ မြတ်ဗုဒ္ဓရဲ့တရားဓမ္မကို နားကြားရကြတဲ့ပုဂ္ဂိုလ်တွေဟာ အေးချမ်းသွားကြတယ်။ တရားဓမ္မကိုမနာဘဲနဲ့ အသိဉာဏ်ရသွားတာတို့ စိတ်နုလုံးအေးချမ်းမူရတယ်ဆိုတာ မဖြစ်နိုင်ဘူး။
❖ လောကလူတွေဟာ စိတ်နုလုံးအေးချမ်းတယ်လို့ ထင်ကြတယ်။ အပျော်တွေနဲ့ ပီတိဖြစ်တာမရှိဘူးလား ရှိတယ် ပွဲကြည့်လို့ ပျော်ရတယ် သီချင်းဆိုတာ နားထောင်လို့ပျော်ရတယ် ဟိုပွဲဒီပွဲသွားရလို့ ပျော်ရတယ်ဆိုတာတွေဟာ တခဏမျှသာဖြစ်တယ်။ အစဉ်ထာဝရအေးချမ်းတဲ့ စိတ်နုလုံးရဲ့အေးချမ်းမှု.. ဆိုတာမျိုး မရနိုင်ကြဘူး။ မြတ်စွာဘုရားတော်ကသာ ထာဝရအေးချမ်းမှုကို ပေးနိုင်တယ်လို့ ဒီလိုဆိုတာပေါ့နော်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း - ၁၉ မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Credit --- Shwe Thu