Friday, June 1, 2018

ဗောဇ္ဈင်တရား (၇)ပါး

 ဗောဇ္ဈင်တရား (၇)ပါး

 ❖ မြတ်စွာဘုရားဟောထားတဲ့ ဗောဇ္ဈင်တရား (၇)ပါးဟာ နိဗ္ဗာန်ရောက်ကြောင်းတရား
 ❖ ဗောဇ္ဈင်တရား (၇)ပါး - သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ၀ီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်
❖ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ သတိအားနည်းနေရင် သတိကောင်းအောင်ကြိုးစားရမယ်၊
သမာဓိအားနည်းနေရင် သမာဓိကောင်းအောင်ကြိုးစားရမယ်၊ ပညာအားနည်းနေရင် ပညာကောင်းအောင်ကြိုးစားရမယ်။ အဲဒီလို ကြိုးစားအားထုတ်ခြင်းကို ကမ္မဌာန်းအးထုတ်တယ်လို့ခေါ်တယ်။
 ❖ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ကိုယ့်သန္တာန်မှာသတိတရားတွေ တိုးတက်လာအောင်လုပ်တာ၊ သမာဓိတရားတွေ တိုးတတ်လာအောင်လုပ်တာ၊ ပညာတရားတွေ တိုးတတ်လာအောင်မွေးမြူတာ ဒါကိုဘာဝနာလို့ခေါ်တာ ဖြစ်စေတယ်၊ တိုးပွားစေတယ်။ ကိုယ့်သန္တာန်မှာ ကောင်းမြတ်တဲ့တရားတွေဖြစ်အောင်ကြိုးစားတယ်၊ ဖြစ်လာရင်တိုးပွားအောင်ကြိုးစားတယ် အဲဒီအဓိပ္ပါယ်ကိုဆိုလိုတာ။ 
❖ သတိသမ္ဗောဇ္ဈင်ဆိုတာ မြတ်စွာဘုရားက ထိပ်ကနေစပြီး သတိကို ဟောလိုက်တယ်။ ကိုယ်ကျင့်နေတဲ့ အကျင့်ပေါ်မှာ အကောင်းနဲ့အဆိုး အကြောင်းအကျိုးလုပ်နေတဲ့ အာရုံပေါ်မှာလည်း သတိထားရမယ်။ အဲဒီအာရုံကို အာရုံပြုနေတဲ့ စိတ်ကိုလည်းပဲ သတိထားရမယ်လို့ ဒီလိုဆိုလိုတယ်။
 ❖ ၀ိပဿနာတရားအားထုတ်တယ်ဆိုတာ ၀ိပဿနာအာရုံနဲ့ပွားများတဲ့စိတ် ဒီနှစ်ခုဆုံတွေ့နေခြင်းပဲဖြစ်တယ်။ အဲဒီလိုဆုံတွေ့တဲ့အခါမှာ အာရုံကိုလည်းသတိထားရမယ်။ ဖြစ်ပေါ်နေတဲ့ စိတ်ကိုလည်း သတိထားရမယ် ဒီလိုဆိုလိုတာနော်။
 ❖ အဲဒီ သတိကနေစောင့်ကြပ်ကြည့်၊ စောင့်ကြပ်ကြည့်နေတဲ့အချိန်မှာ ဗောဇ္စျင် (၇)ပါးကို ကျန်တဲ့ ဗောဇ္စျင် (၆)မျိုး ဓမ္မဝိစယ၊ ၀ီရိယ၊ ပီတိ ဒါကတစ်စု ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ကတစ်စု၊ အဲဒီလို (၂)စု မြတ်စွာဘုရားကခွဲလိုက်တယ်။
 ❖ ဓမ္မဝိစယဆိုတာ သဘာဝတရားတွေကို စူးစမ်းလေ့လာနေတဲ့ပညာ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဆိုတာ ကိုယ်ရှုမှတ်နေတဲ့အာရုံရဲ့သဘာဝကို သိအောင်စူးစမ်းနေတာ၊ မသိသိအောင်ကြိုးစားနေတာ၊ စူးစမ်းတယ်ဆိုတာ ကြိုးစားတာပဲ... ဓမ္မဝိစယဆိုတာ တရားကိုစူးစမ်းလိုက်တာ အာရုံတွေပေါ်မှာ စူးစမ်းဆင်ခြင်သုံးသပ်နေတဲ့ အသိဉာဏ်တခုကို ဓမ္မဝိစယလို့ခေါ်တယ်။ 
❖ ၀ီရိယဆိုတာ အဲလိုစူးစမ်းနိုင်အောင် တွန်းအားပေးနေရမယ်၊ ပျင်းနေလို့မရဘူး၊ မသိသိအောင်ကြိုးစားတယ်.. ၀ီရိယ၊ အေး သိလာတဲ့အခါမှာ ကျေနပ်အားရမူစိတ်ဟာ လန်းဆန်းတက်ကြွတာ ပီတိ၊ အဲဒီဗောဇ္စျင် (၃)ခုဟာ တက်ကြွလန်းဆန်းမူကိုဖြစ်စေတဲ့ ဗောဇ္စျင်တွေ။ စိတ်အားတွေတက်လာတယ်။
 ❖ ဓမ္မဝိစယဆိုတဲ့ ပညာကလည်း စူးစမ်းနေတယ်၊ ၀ီရိယကလည်း ကြိုးပမ်းနေတယ်၊ ပီတိကလည်း ကျေနပ်နှစ်ခြိုက်နေတာဆိုတော့ သူတို့ဟာလှုပ်ရှားနေတဲ့ ဗောဇ္စျင်တွေ။ 
❖ ပဿဒ္ဓိဆိုတာ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းနေတာ၊ သမာဓိဆိုတာကလည်း အာရုံတခုတည်းပေါ်မှာ တည်နေတာ ဘယ်မှမရောက်တော့ပဲ တစုံတခုတည်းပေါ်မှာ ကောင်းစွာထားနိုင်တာ၊ ဥပေက္ခာဆိုတာ သဘာဝတရားတွေနဲ့အာရုံနဲ့ အံကျဖြစ်နေတာ ဘယ်သူ့ ဘယ်သူမှ ပိုတာမရှိဘဲနဲ့ အံကျဖြစ်နေတာ။
 ❖ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာဆိုတဲ့ ဗောဗ္စျင် (၃)ခုကတော့ active မဖြစ်ဘူး။ ငြိမ်သက်နေတဲ့ ဗောဇ္စျင်တွေလို့ခေါ်တယ်။
 ❖ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါ တခါတခါငြိမ်ကျသွားတာတွေ တွေ့တယ် အဲ့ဒါကို သတိကနေစောင့်ကြည့်ရင် စိတ်ရဲ့အခြေအနေဆိုတာ တခါတရံ တက်ကြွလန်းဆန်းနေတယ်၊ တခါတရံကျတော့ စိတ်မပါဘူး ပျင်းစိတ်တွေဝင်လာတယ်၊ တွန့်တိုဆုပ်နှစ်တဲ့စိတ်တွေဝင်လာတယ် အဲ့ဒါကို သတိကစောင့်ကြည့်နေရမယ်။
❖ စိတ်အခြေအနေတခုကို သတိကစောင့်ကြည့်နေရမယ်၊ ရှုမှတ်တဲ့စိတ်ဟာ တက်ကြွလန်းဆန်းနေတာလား (သို့) ရှုမှတ်တဲ့စိတ်ဟာ တည်ငြိမ်သွားတာလား အဲဒီ(၂)ကို အမြဲတမ်း အကဲခတ်ရမယ်။
❖ အကဲခတ်လိုက်တဲ့အခါ စိတ်ဟာတက်ကြွလန်းဆန်းနေတာ၊ အလွန်အကျွံတက်ကြွလာလို့ရှိရင် သမာဓိဆိုတာ မဖြစ်နိုင်ဘူး ဒါကြောင့်မို့ သိပ်တက်ကြွလာလို့ရှိရင် ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဆိုတဲ့ နောက် ဗောဇ္စျင် (၃)ခုနဲ့ နဲနဲအလှည့်ပေးရတယ်၊ ငြိမ်ကျသွားပြီး စိတ်ဟာ အဲဒီသုံးခုနဲ့တွေ့ရင် ငြိမ်သွားတာ။
 ❖ အဲဒီလိုငြိမ်သွားရင် ထိနမိဒ္ဓ အိပ်ချင်တဲ့စိတ်တွေ ၀င်လာတယ် အဲဒီလိုဝင်ရင် စိတ်အားတွေကလျော့ကျသွားတယ် လျော့ကျသွားတဲ့အခါကျတော့ တက်ကြွတဲ့ ဗောဇ္စျင်တွေကိုပြောင်းလိုက်ပြီးတော့ ဓမ္မဝိစယ၊ ၀ီရိယ၊ ပီတိဆိုတာနဲ့ ပြန်ပြီးတော့ ပံ့ပိုးပေးရတယ်၊ ပံ့ပိုးပေးလိုက်တဲ့အခါ တက်ကြွမူရယ် ဆုပ်နှစ်မူရယ် အဲ့ဒီစိတ်ရဲ့အခြေအနေနှစ်ခုကို ညီမျှအောင် ဖန်တီးနေဖို့လိုတယ်။ အဲ့ဒါကိုဘယ်သူကညှို့ပေးနေတုန်းဆိုတော့ သတိကညှို့ပေးနေရတယ်။
❖ တရားအားထုတ်တယ်ဆိုတာ နှစ်ခုမှတ်ရမယ် အလုပ်လုပ်တဲ့အခါမှာ စွန့်ပစ်ခြင်းနဲ့ရယူခြင်း၊ ဖယ်ရှားခြင်းနဲ့ရယူခြင်း နှစ်ခုရှိရတယ်။
 ❖ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာ ကိလေသာကိုဖယ်လိုက်ပြီးတော့မှ နိဗ္ဗာန်ဆိုတာကိုရတာဖြစ်တယ်။ ဖယ်ရှားခြင်းနဲ့ရယူခြင်းပဲ တခုကိုဖယ်ရှားခြင်းနဲ့ တခုကိုရယူခြင်းပဲ အဲဒီလိုဆိုလိုတာ၊ ဒါကြောင့် ဗောဇ္စျင် (၇)ပါးကိုပွားများအားထုတ်ပြီး ကိလေသာတွေကို ဖယ်ရှားလိုက်ပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန် ရယူလိုက်တာ။
 ❖ သစ္စာလေးပါးဆိုတာ ကမ္မဋ္ဌာန်းအားထုတ်ဖို့ မြတ်စွာဘုရားကအကျဉ်းလေးဟောထားတာ။ သစ္စာလေးပါးဆိုတာ ကမ္မဋ္ဌာန်းအားထုတ်တာ။ 
❖ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ရှုတယ်၊ မဂ္ဂသစ္စာဆိုတာ ဘာတွေတုန်းဆိုရင် သမ္မာဒိဋ္ဌိ (မှန်ကန်တဲ့အမြင်) ၊ သမ္မာသင်္ကပ္ပ (မှန်ကန်တဲ့အတွေး) ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (မှန်ကန်တဲ့ အပြော၊အလုပ်၊အသက်မွေးမူ) နဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (မှန်ကန်တဲ့ကြိုးစားမူ၊ မှန်ကန်တဲ့သတိရမူ၊ မှန်ကန်တဲ့စိတ်တည်ငြိမ်မူ) ဆိုတာနဲ့ ဒုက္ခသစ္စာကို မြင်အောင်ကြည့်တာ။ ❖ အဲ့လိုကြည့်ရင် ဘယ်လိုအကျိုးတွေရလည်းဆိုရင်သမုဒယကိုဖယ်ရှားပြီး နိဗ္ဗာန်ကို ရယူတာနော်၊ အဲဒီမှာလည်း ဖယ်ရှားခြင်းနဲ့ ရယူခြင်းပဲ။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၁၇)မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
 Credit --- Shwe Thu