Monday, June 4, 2018

အာခံတွင်းက ဖွားသူများ

အာခံတွင်းက ဖွားသူများ

ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းနဲ့ ဟောပြောပွဲများရယ်၊ မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာများထဲက အရေး အကြီးဆုံးနဲ့ အလိုအပ် ဆုံးဖြစ်တဲ့ “သက်ကြီးပူဇော်ပွဲ”တို့ “အာစရိယပူဇော်ပွဲ”တို့ရယ် ဆိုရင်တော့ “ချောင် ကျလွန်းတယ်၊ လမ်း ကြမ်းလွန်းတယ်၊ ရာသီ ပြင်းလွန်းတယ်”တို့ဆိုတာ ဘာမှ ဂျီး(ချေး)မများဘူး။ လူကျန်းမာသမျှလိုက်မယ်”လို့ အားလုံးကို ကတိ ပေးထားခဲ့တဲ့ အတိုင်း ဒီလိုပွဲမျိုးကလေးတွေကို မနှစ်က အတော်ကလေး ချောင်ကြိုချောင်ကြား ကျတဲ့ နေရာတွေအထိလည်း လိုက်ဖြစ်၊ ဟောပြောဖြစ်ခဲ့ပါတယ်။


 အဲဒီလို ဟောပြောဖြစ်ခဲ့တဲ့အထဲက ဆွာမြို့မှာပြုလုပ်တဲ့ “အာစရိယ ပူဇော်ပွဲ”မှာ ဟောပြောခဲ့တဲ့ အကြောင်းအရာများကို နာကြားကြသူတွေက တခြား တပည့်တပန်းတွေ၊ လူငယ်တွေကိုလဲ သိစေချင်လို့ စာတစ်ပုဒ်အဖြစ် ပြန်ရေးပေးဖို့ တောင်းဆိုလာတဲ့အတွက် အကျဉ်းချုပ်ပြန်ရေးပေးလိုက်ပါတယ်။ ရှေးလူကြီးများပြောကြတဲ့ “ဘုန်းရှင် ကံရှင်များဟာ အာခံတွင်းက မွေးဖွားကြတယ်”ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားရဖူးပါတယ်။

 ဒီစကားကို ကြားရစဉ်ကတော့ ကလေးအတွေးနဲ့ပဲ “လူတွေဟာ တကယ်ပဲ အာခံတွင်းက မွေးတာလည်း ရှိသလား၊ ဒီလို ဆိုရင် သွားတွေနဲ့ ငြိမကုန်ဘူးလား”စတဲ့ မရေမရာ အတွေးမျိုးလည်း တွေးခဲ့ထင်ခဲ့မိတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ဒေးဒရဲမြို့မှာ နိကာယ်သင်တန်းတက်တော့လည်း သင်တန်း နာယက ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ တောင်တွင်းကြီးမြို့၊ နတ်မှီတောရ ဆရာတော်ကြီးကို လျှောက်ထားခဲ့ဖူးပါတယ်။

 ဆရာတော်ကြီးကတော့ “ဒီစကား ဟာ ဗြဟ္မဏ (ပုဏ္ဏား)တွေရဲ့ ယုံကြည်မှုကနေ ဆင်းသက်လာဟန်တူပါတယ်။ အခုနိကာယ်သင်တန်းမှာ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ အဂ္ဂည သုတ်မှာတုန်းက တွေ့ခဲ့ပါတယ်။ “ပုဏ္ဏားမျိုးတို့ကသာ ဗြဟ္မာရဲ့ ရင်မှာသန္ဓေတည်ပြီး ဗြဟ္မာရဲ့ အာခံတွင်းက မွေးဖွားခဲ့တာဖြစ်လို့ ဗြဟ္မာရဲ့ အမွေခံတွေလည်း ဖြစ်၊ ဗြဟ္မာရဲ့ သားတွေလည်း ဖြစ်လို့မြတ်တယ်။ ဦးပြည်း (ဂတုံး=ခေါင်းတုံး) ဖြစ်တဲ့ရဟန်းတွေဟာ ဗြဟ္မာရဲ့ ခြေဖုမိုးက ဖွားမြင်ကြတာဖြစ်လို့ ဇာတ်နိမ့်တွေ၊ ယုတ်ညံ့သူတွေ ဖြစ်တယ်”ဆိုတာလေ။ (ပါထိက၊မြန်၊၇၂ )

ဒါကတော့ ပုဏ္ဏားတွေရဲ့ အယူအဆသက်သက်ပါ၊ ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကိုယ်တိုင်လဲ အဲဒီသုတ်မှာ ရှင်းပြထားတာ ရှိပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်ပြောတဲ့ စကားက သိပ်ကောင်းတယ်။ “အာခံ တွင်းက မွေးဖွားသူဆိုတာ ဆရာကောင်းတပည့်တွေကိုပြောတာ”တဲ့။

 ဒီစကားကို အဋ္ဌကထာဆရာတော်ကိုယ်တိုင်ပဲ ရှင်းလင်းချက် ပေးထားပါတယ် “ဆရာသမား ဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းကမွေးဖွားပေးကြသူ(ပဝတ်္တိ မိဖ)များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလဲ ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်းက မွေးဖွား လာကြသူများဖြစ်တယ်တဲ့။ ဘာကြောင့် လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ် တော်စေချင်၊ တတ်စေချင်၊ လိမ်္မာစေချင်တဲ့ မေတ်္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ နှလုံးသားထဲမှာ ကိန်းအောင်း ဖြစ်တည်စေပြီးတော့မှ ကြီးမားတဲ့ လုံ့လတွေနဲ့ လှုံ့ဆော်ပြီး အာခံတွင်း ကနေ မြွက်ဆိုဟောညွှန်သင် ပြပေးကြတာတွေဖြစ်လို့ ဒီလိုမြွက်ဆို ဟောကြား သင်ပြပေးတာတွေကို နာယူသင်ကြားတတ်မြောက်လာကြတဲ့ တပည့်ကောင်းများသာလျှင် တကယ့် “ဆရာသမားတို့ရဲ့” နှလုံးသားမှာ သန္ဓေတည်ပြီး အာခံတွင်းက မွေးဖွားကြသူများလို့ ဆိုနိုင်တယ်”လို့ ရှင်းပြ ထားတယ်လေ။

ဘယ်စာမဆို အထူးသဖြင့် မဇ္ဈိမဒေသက ရေးတဲ့၊ ဟောတဲ့ စာတွေက အလင်္ကာဂုဏ်တွေ အတော်ပါတတ်တယ်။ အလင်္ကာ စကားတွေဆိုတာ အသံ အတိုင်း အဓိပ္ပာယ်ကောက်ယူရတဲ့ မုချစကားတွေ မဟုတ်ဘူး၊ တင်စား ပြောဆိုတဲ့ ဥပမာစကားတွေဖြစ်လို့ မုချဆိုလိုရင်း အဓိပ်္ပာယ်ကို သဘောပေါက် အောင် လေ့လာနိုင်မှ တန်ကာကျတယ်”ဆိုတဲ့ အကြောင်း အကျယ်တဝင့် ရှင်းပြပါတယ်။

ဒီစကားနဲ့ ဆက်စပ်ပြီး ပိုမိုပြည့်စုံတဲ့ ရှေးမထေရ်မြတ်တို့ရဲ့ အဆိုအမိန့် ကတော့ “လူဆိုတာ တစ်ကြိမ်ဖွားရုံနဲ့တော့ လူလားမြောက် (လူကောင်ကြီး) ရုံပဲ ရှိမယ်၊ နှစ်ကြိမ်ဖွားသူမှ လူရာဝင်တယ်”တဲ့။ လူရာဝင်ချင်ရင် အနည်းဆုံး နှစ်ကြိမ် ဖွားသူဖြစ်ရမယ်လို့ ဆိုလိုတာပေါ့။ ဘယ်လိုလုပ်ပြီး နှစ်ကြိမ်ဖွားသူ ဖြစ်ရမလဲ ဆိုတော့ - ပထမတစ်ကြိမ် မွေးသမိခင် မွေးသဖခင်တို့က သူလိုငါလို ဖွားမြင် ပေးတာပေါ့။ ဒီလိုတစ်ကြိမ်သာ ဖွားပြီး ဒီအတိုင်းပဲ ကြီးပြင်းလာသူများဟာ အရွယ် ရောက်လာတဲ့အခါ လူကောင်ကြီးပြီး လူလားမြောက်လာသူပဲ ဖြစ်မယ်။ လူရာ မဝင်နိုင်သေးဘူးလို့ ဆိုလိုတာပါ။

 အခု ဒီပူဇော်ပွဲမှာ အပူဇော်ခံဆရာကြီးများရော ပူဇော်ပွဲပြုလုပ်ကြတဲ့ တပည့်လူငယ်လူရွယ်များရောဟာ ကိုယ့်နေရာ ကိုယ့်ဒေသမှာ ကိုယ့်အတိုင်း အတာနဲ့ ကိုယ်တော့ လူရာဝင်နေကြသူများဖြစ်ပါလိမ့်မယ်။ ဒီလို လူရာဝင် လာတာဟာ ဘာကြောင့်လဲလို့ စဉ်းစားကြည့်ရင်တော့ “အသက်မွေးမှုတစ်ခု ပညာ၊ ကိုယ်စီပါ”ဆိုတဲ့အတိုင်း အတတ်ပညာ၊ အသိပညာ တစ်ခုခုအနည်းဆုံးပါကြလို့ ဖြစ်တယ် ဆိုတာကိုလဲ သဘောပေါက်ကြမှာပါ။

ဒီလို “အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ”ဖို့ဆိုတာ မိဘတို့က ဖွားမြင် ပေးရုံနဲ့ မပြည့်စုံနိုင်ပါဘူး” ပထမတစ်ကြိမ် မွေးဖွားပေးတဲ့ မိဘတို့ဆိုတာ “မာတာ ပိတ၊ မိနှင့်ဖတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချို,ချဉ်,ပူ,စပ်၊ ရှင်းရှင်း ပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ၊ စိုးရိမ်စွာနှင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဖခင်ကို”ဆိုတဲ့အတိုင်း အမေက ယုယ၊ အဖေက ရှာကျွေးရုံလောက်သာဖြစ်လို့ လူလားမြောက်ရုံသာ စွမ်းနိုင်ကြတာပါ။

မိဘကမွေးဖွားပေးလို့ လူဖြစ်ပြီး လူလားမြောက်လာတဲ့ လူကလေးတွေကို လူရာဝင်ဖို့ဆိုတာကတော့ “နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍။ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက် သံချို၊ ဆုံးမဆိုသာ” ဆိုတဲ့အတိုင်း ဆရာသမားတို့က သင်ကြားပြသ ဟောညွှန် ပေးတာကို နည်းနာခံ သင်ယူပြီး “တစ်ခုပညာ၊ ကိုယ်စီပါ” အောင် သင်ယူခဲ့တဲ့ တပည့်အဖြစ်နဲ့ ဒုတိယအကြိမ် (နှစ်ကြိမ်မြောက်) မွေးဖွားခဲ့သူများ ဖြစ်ကြမှသာ လူရာ ဝင်နိုင်ကြတာပါ။

 သေချာစဉ်းစားကြည့်မယ်ဆိုရင် ပထမအကြိမ်မိဘများက မွေးဖွား ပေးရ တာက လူမဖြစ်သေးသူကို လူဖြစ်လာအောင် မွေးရတာဆိုတော့ သားသန္ဓေ ဖွားမြင်ချိန်ရောက်အောင် လွယ်ထားရတာက တကယ်ကို ဝမ်းထဲမှာ လွယ်ပြီး ထား ရတာဖြစ်လို့ မိခင်မှာ ကာယိကဒုက္ခအနေနဲ့တော့ ဆရာများထက်ပိိုလို့ ပင်ပန်းမှာ အမှန်ပါပဲ။ “ယောကျ်ားဖောင်စီး မိန်းမမီးနေ”ဆိုတဲ့ အသက်အန္တရာယ်နဲ့ အနီးဆုံး တာဝန်ကြီးနှစ်မျိုးထဲမှာ ပါဝင်တဲ့ကိစ္စဖြစ်လေတော့ သာမန်ကာယိကဒုက္ခမျိုးထက် အဆမတန်ကြီးမားတဲ့ တကယ်ကို အသက်တစ်ချောင်းအတွက် အသက် တစ် ချောင်းကို ရင်းရတဲ့ တာဝန်ကြီးဖြစ်လို့ ဘယ်လောက်ကြီးမားတယ်ဆိုတာလဲ စာဖွဲ့လို့ ကို မရနိုင်ပါဘူး။

 လောကစကားလုံးတွေနဲ့ ဘယ်လိုမှ တိုင်းတာမရနိုင်လို့လဲ “မာတာ ပိတု ဂုဏော အနန္တော”လို့ အတိုင်းတာ အပိုင်းအခြား၊ အကန့်အသတ်နယ်ကို လွန်ကဲတဲ့ “အနန္တ” ဂုဏ်ပုဒ်ကြီးနဲ့ ချီးကျူးရတာပေါ့။ ဒါကတော့ အားလုံးလည်း သိမှတ် လေးစားကြပြီးသားပါ။ ဒါပေမယ့် စေတသိက ဒုက္ခပိုင်းအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ လူလားမမြောက်သေးတဲ့ အမိဝမ်းထဲက ကလေးငယ်မှာ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အတုမြင် အတတ်သင် အကောင်းအဆိုးတွေဆိုတာ ဘာမှမပါသေးတဲ့ တကယ့်ကိုမှ “ပီဘိ သန့်သန့်ကလေး” ဖြစ်လို့ သာမန်အာဝေဏိက ဒုက္ခထက်ပိုပြီး မိဘကို ဘာမှဒုက္ခ မပေးတတ်သေးဘူးလို့တော့ ပြောရမယ်ထင်တယ်။

 အဲ .. မိဘများက မွေးဖွားပြီးလို့ လူလားမြောက်လာတဲ့ လူကလေး တွေကို ဆရာသမားများက ဒုတိယအကြိမ် ဖွားမြင်ပေးဖို့ နှလုံးသားနဲ့ လွယ်ရတဲ့ အခါမှာတော့ “တပည့်”ဆိုတဲ့ လူကလေးတွေမှာ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်း စရိုက်စုံတွေက အတုမြင် အတတ်သင်ထားကြပြီးဖြစ်လို့ မေတ္တာနှလုံးသား ကိုယ်ခံ စွမ်းအား အတော်ကြီး ကောင်းကောင်းထားပြီးတော့ကို လွယ်ယူပိုက် ထွေးကြရ တယ်ဆိုတာ ဆရာ,ဆရာမများ အသိဆုံးပါပဲ။ မိမိနဲ့ အလွန်ရင်းနှီးတဲ့ ကျောင်းဆရာ ကဗျာဆရာတစ်ဦးရေးတဲ့ ကဗျာ တစ်ပုဒ်ကို ဖတ်လိုက်ရဖူးတယ်၊ သူ့ကဗျာက “သူငယ်ချင်းရေ၊ ကျောင်းဆရာ ဆိုတာ၊ “စေတနာ, စာနာ, ၀ါသနာ”ရယ်လို့ “နာ”သုံးနာ ရှိရမယ်တဲ့ကွာ။

 တကယ်တန်း ငါတို့ ဘဝကတော့ “နာ”သုံးနာ မကပါဘူး၊ အသံနာ, လည်ချောင်းနာရတဲ့အပြင် “တစ်ခါ တစ်ခါ ရင်ပါနာရ”လို့ လေး၊ ငါး၊ ခြောက်နာ မကပါဘူးကွာတဲ့လေ။ ဒီ ကဗျာလေးကိုဖတ်ပြီး “အော်.. ဒီဆရာ့ရင်ကို ဘယ်လိုတပည့်က ဘယ်လိုများ ဆောင့်ကန် တွန်းထိုးလုပ်လိုက်လို့ပါလိမ့်”လို့ တွေးခဲ့မိသေးတယ်။ ဟုတ်တယ်၊ တကယ်တမ်းကျတော့ ဆရာတို့ဘဝက ငါးနာ ခြောက်နာ မကတတ်ပါဘူး။

 ကျေးလက်ကျောင်းဆရာတွေဆိုရင် ခရောင်းလမ်းခရီးမှာ ခြေလျင် လျှောက်ရ၊ စက်ဘီးစီးရ၊ လှည်းစီးရနဲ့ ခြေနာ၊ ခါးနာ၊ တစ်ကိုယ် လုံးနာ တာကို ကြိတ်မှိတ်ခံပြီး တပည့်တွေကို နှလုံးနဲ့လဲ လွယ်၊ ခံတွင်းကလည်း ဖွားမြင် ပေးနေ ကြရတာပါ။ ဒီကြားထဲမှာ “ရင်ပါနာကြရတယ်” ဆိုရင်တော့ တပည့်များ အနေနဲ့ အလွန်စဉ်းစားသင့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာအားလုံးတို့ရဲ့ အထွတ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က တပည့်တွေကိုပြောတဲ့ စကားလေးတစ်ခု ရှိပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်၊ မဟာသုညတသုတ်မှာပါ။

အဲဒီသုတ်မှာ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို “မြတ်စွာဘုရားရှင်တို့က တပည့်သားတို့အတွက် တရားဟောညွှန် ဆုံးမတယ်ဆိုတာ တပည့်သားတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခ ဖြစ်စေဖို့ အတွက် တပည့်သားတို့ရဲ့ အကျိုးစီးပွားကို ရှာမှီးတဲ့အနေနဲ့ သနားစောင့်ရှောက် မှုကို အကြောင်းပြုပြီး ဟောညွှန်ဆုံးမခြင်း ဖြစ်တယ်”ဆိုတဲ့အကြောင်း ရှင်းပြ ပြီးတော့မှ အရှင်အာနန္ဒာကို မိန့်ကြားလိုက်တာကတော့- “တသ္မာတိဟာနန္ဒ မိတ္တဝတာယ သမုဒါစရထ = အာနန္ဒာ၊ ဒါ့ကြောင့် သင်ချစ်သားတို့အနေနဲ့ ငါဘုရားရှင်အပေါ်မှာ မိတ်ဆွေတို့ ကျင့်သုံးသလို ကျင့်သုံး ကြပါ။” “မာပသတ္တဝတာယ = ရန်သူတို့ ကျင့်သုံးသလိုတော့ မကျင့်သုံးကြပါနဲ့”တဲ့။ (မ-ဥ-၁၅၈)။

 မိတ်ဆွေလို ကျင့်သုံးတယ်ဆိုတာ “ဆရာဟောပြောတဲ့စကားကို (၁) လေးလေးစားစားလည်း နာယူ။ (၂) အဓိပ္ပာယ်သိအောင်လဲ စဉ်းစား။ (၃) ဆုံးမသင်ကြား တဲ့ အတိုင်းလည်း လိုက်နာကျင့်သုံးတာပါ”လို့ ဆိုလိုတာပေါ့။ ရန်သူလို ကျင့်သုံးတယ်ဆိုတာကတော့ (၁) ကြားအောင်လည်း နား မထောင်၊ (၂) သိအောင်လည်း မစဉ်းစား။ (၃) ဆရားအဆုံးမကိုလည်း လွန်ကျူး ဆန့်ကျင်ပြီး ကျင့်သုံးတာပါ။

 “ဒီလို တိုက်တွန်းရတာကလဲ သင်ချစ်သားတို့အတွက် ကာလရှည်ကြာ စီးပွားချမ်းသာကြဖို့ အတွက်ပါ”လို့ အဆုံးမှာ ပါလိုက်သေးတယ်။ ဒီစကားရပ်ကို ဖြေးဖြေးလေးစဉ်းစား နားထောင်ကြည့်ပါ။ “ငါ့အပေါ်မှာ မိတ်ဆွေလို ကျင့်ကြပါ၊ ရန်သူလို မကျင့်ကြပါနဲ့”တဲ့။ “ဒါဟာ လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးတို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်လိုက်တဲ့ စကားမှ ဟုတ်ရဲ့လား”လို့ ထင်ရလောက်အောင်ကို တောင်းပန်တိုးလျှိုးသံ ပေါက် နေတာကို ကြားယောင် မိကြပါလိမ့်မယ်။

 ဒီစကားကို မိမိအနားမှာလာပြီး ဘုရား ရှင်က မိန့်ကြားနေသလို အာရုံပြု နာယူကြည့်မိတိုင်းလည်း ကြက်သီးမွေးညင်းထပြီး ရင်ထဲမှာ နာကျင်သလို ဝေဒနာကို ခံစားခဲ့ရပါတယ်၊ “တို့တတွေဟာ ဆရာဖြစ်တဲ့ ဘုရားရှင်အပေါ်မှာ မိတ်ဆွေလိုမှ သဘောထားကျင့်သုံးနေကြတာ ဟုတ်ရဲ့လား၊ ရန်သူလိုများ သဘောထားကျင့်နေမိကြလေသလား”ဆိုတဲ့ ခံစားချက်နဲ့ပေါ့။ တစ်ခါ တစ်ခါ တပည့်တွေကို “အော်မယ်၊ ငေါက်မယ်၊ နာကျင်အောင် ရိုက်ပစ်ချင်တယ်” ဆိုတဲ့ စိတ်ရိုင်းများ ပေါ်လာခဲ့ရင်လဲ၊ ဘုရားရှင်ရဲ့ ဒီစကားတော်ကို ပြန်လည်ကြား ယောင်လာအောင် စဉ်းစားမိလိုက်ရင် ကိုယ့်ကိုယ်ကိုယ်လည်း ရှက်၊ ဘုရားရှင် အပေါ်လည်း အတော်ကြီးကို ရှက်နိုးအားနာကြီး ဖြစ်ပြီး ဘုရားရှင် ပုံတော်ကို ဖူးမြော်ရမှာကိုတောင် မျက်နှာပူသလိုလို ဖြစ်လာမိပါတယ်။ ဒီလိုပါပဲ ပုထုဇဉ်လူသားဖြစ်တဲ့ ဆရာသမားများဆိုတာလည်း မြတ်ဗုဒ္ဓလို မဟာကရုဏာရှင်ကြီး မဟုတ်သော်လဲ ပုထုဇဉ်တွေ ထဲမှာတော့ အများထက်သာတဲ့ ကရုဏာတရားထားပြီး ကားစီး တိုက်ဆောက် ဂုဏ်မြောက်ဖို့မတွေးဘဲ လှည်းစီး ဗိုက်မှောက် အူခြောက်တဲ့ကြားကပဲ မနည်းတဲ့ စေတနာ မေတ္တာတွေနဲ့ သင်ကြား ပေးခဲ့ကြသူတွေဖြစ်လို့ သာမန်လူတွေထက် ကရုဏာကြီးမား ကြသူတွေ အမှန် ပါပဲ။

တစ်ခါတစ်ခါတော့ စဉ်းစားမိတယ် “ဘုန်းကြီး”တို့ “ဆရာ”တို့ဆိုတဲ့ အမည် တွေဟာ ခိုင်းကောင်းအောင်လိုများ တမင် မြှောက်ပြီး အမည်ပေးထား ကြသလား လို့။ ဟုတ်တယ်လေ အမည်ကတော့ ဘုရားနဲ့တစ်တန်းတည်း ထားတဲ့ အနန္တဂိုဏ်း ဝင် အမည်တွေပဲ။ အလုပ်လုပ်ရတာကတော့ တကယ့်ကိုမှ “ဘုံကျွန်” ပါ။ မိပေါင်း သားစုံက မွေးဖွားထားသမျှတွေရဲ့အရေးကို ကိုယ့်အရေးထက် အလေးထား လုပ် ကိုင် နေကြရသူတွေ မဟုတ်လား။

အဲဒီလိုဆရာသမားတွေက ကရုဏာဆိုတဲ့ “ဏာ”တစ်လုံးကို “အမတေ” လို ငုံပြီး“နာ”မျိုးစုံကို အံတုရင်း တပည့်သားတွေကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက ဖွားပေးကြလို့သာ တပည့်တွေမှာ အသက်မွေးမှု တစ်ခုပညာ၊ ကိုယ်စီပါပြီး လူလားမြောက်နေကြတာပါ။ ဒီလိုဆရာတို့ရဲ့ အာခံတွင်းက ဖွားလာသူ တပည့်ကောင်း ဖြစ်ခဲ့ကြမှသာ “ဘုန်းရှင်ကံရှင် အဖြစ်”ပေါ်လွင် ထင်ရှားနိုင်ကြပါတယ်။ တကယ်လို့သာ ဆရာတို့ ရဲ့ အာခံတွင်းက ဖွားခဲ့တဲ့ “နှစ်ကြိမ်ဖွား” များမဖြစ်ခဲ့ဘူးဆိုရင်တော့ အတိတ်ကံက ဘယ်လောက်ပဲ ကြီးမားနေနေ “ဘုန်းရှင်ကံရှင်” အဖြစ်မပေါ်လွင် မထင်ရှားနိုင်ကြ ပါဘူး။

 ဒါနဲ့ပတ်သက်လို့ မြန်မာတို့ အသိများကြတဲ့ “ကုဋေရှစ်ဆယ် သူဌေးသား” ရဲ့ ဖြစ်ရပ်ဟာ အလွန်ထင်ရှားတဲ့ သာဓကပါပဲ။ ဒီသူဌေးသားဟာ အတိတ်ကံနဲ့ ပါရမီက လူ့စီးပွားရှာရင် ပထမတန်းစား သူဌေးကြီးဖြစ်နိုင်သလို တရားရှာခဲ့မယ် ဆိုရင်လည်း ရဟန္တာအထိ ဖြစ်နိုင်လောက်အောင် ကံလည်း ကြီးမား ပါရမီလည်း အားကောင်းပေမယ့် သူ့မိဘရဲ့ အမြင်တိုမှုကြောင့် “တို့မှာ ကုဋေရှစ်ဆယ် ကြွယ်ဝ တာပဲ၊ တို့သေရင် ဒီသားတစ်ယောက်ပဲ အမွေရမှာ၊ ဒီအသပြာတွေဟာ သူ့တစ် သက် စားမကုန်လောက်ပါဘူး။

 ဘာစီးပွားမှ ရှာဖို့မလိုတဲ့အတွက် ဘာပညာမှ သင်စရာ မလိုဘူး” ဆိုပြီး ဆရာသမားထံ မအပ်နှံခဲ့တဲ့အတွက် တစ်ကြိမ်ဖွားနဲ့ပဲ လူလား မြောက်ခဲ့ရတယ်။ အရွယ်ရောက်တဲ့အခါ သူ့လိုပဲ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ တစ်ဦးတည်းသော သူဌေးသမီးနဲ့ လက်ထပ်ကြလို့ နှစ်ဘက်မိဘများ ဆုံးပါးတဲ့အခါ ကုဋေ တစ်ရာ့ခြောက်ဆယ် ကြွယ်ဝတဲ့ သူဌေးလင်မယားဖြစ်ကြပေမယ့် အာခံတွင်းမှ ဖွားသူများ မဖြစ်ခဲ့ကြတော့ ပစ္စည်းဥစ္စာကို ဘယ်လိုသိမ်းဆည်းရမယ်၊ ဘယ်လို တိုးပွားအောင် လုပ်ရမယ်ဆိုတာ ဘာမျှမသိကြဘဲ သုံးဖြုန်းသောက်စား ပျော်ပါးရင်း လုံးပါးပါးပြီး နောက်ဆုံးမှာ ခွက်လက်စွဲတောင်းစားရင်း မြောင်းကြားမှာ ဘဝဆုံး ကြရတယ်ဆိုတာ အားလုံးသိကြပြီးသားပါ။

ဒါကြောင့် “အာခံတွင်းက ဖွားမြင် သူများသာ ဘုန်းရှင်ကံရှင် ဖြစ်နိုင်ကြတယ်” လို့ဆိုရတာပါ။ ဘယ်ကိစ္စမဆို ပြီးမြောက်အောင်မြင် အရာဝင်ရေးအတွက် ဆရာသမားတို့ရဲ့ နှလုံးသားနဲ့ အာငွေ့စွမ်းအားတို့ အရေးပါမှုနဲ့ ပတ်သတ်လို့ သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို “အရာကိစ္စအားလုံး ပြီးမြောက် အောင်မြင်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ စွမ်းအား အထောက်အကူဟာ ထက်ဝက်လောက် အရေးပါတယ်လို့ မှတ်ထင်ကြောင်း လျှောက်ထားတဲ့အခါ မြတ်စွာဘုရားရှင်က “အာနန္ဒာ ဒီလိုမပြောနဲ့၊ အာနန္ဒာ.. ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆက် တားမြစ်ပြီးတော့မှ “အာနန္ဒာ ... ကိစ္စအားလုံး ပြီးမြောက်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ အထောက် အကူဟာ ရာနှုန်းပြည့်လောက် အရေးပါတယ်။

သင်တပည့်သားတို့ အနေနဲ့ ပါရမီတွေ ဘယ်လောက်ပဲရှိနေနေ၊ ငါဘုရားရှင်ဆိုတဲ့ ဆရာသမား (ကလျာဏမိတ္တ) နဲ့ မတွေ့ကြုံခဲ့ရင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေ ဘယ်လိုလုပ်ကျင့်သုံးနိုင်မလဲ၊ ဒါကြောင့် တပည့်အားလုံးရဲ့ အောင်မြင်ရေးမှာ ဆရာသမားတို့ရဲ့ အထောက်အကူဟာ ရာနှုန်းပြည့်လောက် အရေးပါတယ်လို့ မှတ်ရမယ်”ဆိုတဲ့ အကြောင်း မိန့်ကြားတော်မူပါတယ်။ ဒီနေ့ လူရာဝင်နေကြသူတွေအားလုံးဟာလည်း ဆရာသမားတို့ရဲ့ အာခံတွင်းက မွေးဖွားသူများ ဖြစ်ခွင့်ရကြလို့သာ အခုလို အသက်မွေးမှု တစ်ခု ပညာ၊ ကိုယ်စီ ပါပြီး လူရာဝင်နေကြတယ်ဆိုတာကို အလေးအနက် ခံယူတတ်ကြ ရမှာပါ။

ဒါကြောင့် ဒီနေ့ပြုလုပ်တဲ့ ပူဇော်ပွဲဟာ မိမိတို့ လဲလျှောင်းခိုမှီးခဲ့ရာ နှလုံးသားများနဲ့ ဖွားမြင်ခဲ့ရာ အာခံတွင်းတို့ကို ကျေးဇူးတုံ့ ပေးဆပ်ပူဇော်တဲ့ ပွဲလည်း ဖြစ်တယ်။ ဒီလိုပူဇော်ကြတဲ့အတွက် မိမိတို့ ကိုယ်တိုင်လည်း လောကအလယ်မှာ လူရာဝင်နိုင်လောက်အောင် အရည်အချင်းနဲ့ ပြည့်စုံတဲ့ “အာခံတွင်းက ဖွားသူများ” ဖြစ်တယ်လို့ အများကသိသာစေတဲ့ ဂုဏ်ယူပွဲကြီးလည်း ဖြစ်ပါတယ်။

 အပူဇော် ထိုက်သူများကို ပူဇော်တဲ့ ပူဇနေယျမင်္ဂလာပွဲလည်း မည်ပါတယ်။ “မေတ္တာရှေးဦး၊ ပြုပေးဖူးကို၊ ကျေးဇူးသိမှု၊ ကတညုတည့်။ ထို သူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ် မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်။ လောကီလူစု၊  ဉာဏ်မြင်နုတို့၊ သူပြုအထူး၊ သူ့ကျေးဇူးကို၊ ကြည့်နူးဝမ်းမြောက်၊ မခေါက်မရက်၊ နှစ်သက်အင်ရွှဲ၊ သိတတ်ခဲ၏” ဆိုတဲ့ မဃဒေဝလင်္ကာ (၂၅၅)အရ၊ ကျေးဇူးတု့ံ ပူဇော်ပွဲကြီး ပြု လုပ်ကြတာဖြစ်လို့ လောကမှာ အလွန်တွေ့ရ ကြုံရခဲတဲ့ “ကတညုတ ကတဝေဒီ” မင်္ဂလာပွဲကြီးလည်း ဖြစ်ပါတယ်။

အားလုံးကို အထူးပြောချင်တာကတော့ မြတ်ဗုဒ်္ဓက တပည့်သားများကို တိုးလျှိုးတောင်းပန်သံနဲ့ မဟာကရုဏာ တရားကြီးမားစွာ မှာကြားခဲ့သလိုပဲ၊ “ယနေ့ကစပြီး သံသရာခရီးဆုံးရာ နိဗ်္ဗာန်တိုင်အောင် - ကျေးဇူးရှင်ဆရာသမားတို့ အပေါ်မှာ (အနည်းဆုံး) မိတ်ကောင်းဆွေကောင်းလောက်တော့ သဘောထားပြီး ကျင့်သုံးကြပါ။ ရန်သူလို သဘောထားတဲ့ အမူအကျင့်များကိုတော့ လုံးဝ မကျင့်မှားမိကြပါစေနဲ့” ဆိုတာပါပဲ။

ဘာကြောင့် ဒါကိုအထူး ပြောရသလဲ ဆိုရင်တော့ ဆရာသမားများကို မိတ်ဆွေလို သဘောထားပြီး ကျင့်သုံးကြသူများသာ လောကီ လောကုတ္တရာ ကောင်းကျိုးနှစ်ဖြာကို ရနိုင်ကြမှာဖြစ်ပြီး ရန်သူလို သဘောထား ကျင့်သုံးကြရင်ဖြင့် ရှည်လျားလှတဲ့ သံသရာတစ်လျှောက်လုံး ဆင်းရဲ ဒုက္ခတွေနဲ့ တွေ့ကြုံနေကြရမှာ ဖြစ်လို့ပါ။ ဒီအတွက် မဃဒေဝကျမ်းမှာလာတဲ့ - “ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ဥစ္စာစည်းပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျှက်၊ တန်ခိုးနေ့ည၊ ဆုတ်လ ပမာ၊ ယုတ်တတ်စွာ၏” ဆိုတဲ့ စကားလေးနဲ့ပဲ သတိပေး နိဂုံးချုပ်လိုက်ပါရစေ။ အားလုံး အာခံတွင်းက ဖွားသူများ ပီသကြပါစေ။

 (ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

ဆရာတော်၏ ကံကောင်းအကြောင်းလှပါစေနှင့် အလင်းတန်းအတွေးသစ်များ စာအုပ်မှ

 ပြန်လည် ဖော်ပြပါသည်)