Monday, June 4, 2018

ဗြဟ္မစိုရ်မိုး

ဗြဟ္မစိုရ်မိုး

 ကျေးဇူးရှင် တိပိဋကဓရ မင်းကွန်း ဆရာတော် ဘုရားကြီးက မဟာဗုဒ္ဓဝင်ကျမ်းကြီး ခြောက်တွဲ(၈-အုပ်)အဆုံးတိုင် ပြီး မြောက်တဲ့အခါ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန်တန်ဖိုးကြီးတဲ့ သတိပေး စကားလုံး များနဲ့ ဖွဲ့သီပြီး ''သဒ္ဓါဆော်နှိုး၊ ဗြဟ္မစိုရ်မိုးကို၊ စွေဖြိုး သွန်းကာ၊ တိုင်းရပ်သာအောင်၊ ပညာဝှန်တောက်၊ တံခွန်ဆောက်၍၊ စောင့်ရှောက် ချီးပင့်နိုင်ပါ စေသတည်း''လို့ ဆုတောင်းပေးခဲ့ ပါ တယ်။


 ဗြဟ္မစိုရ်တရားလေးပါးဆိုတာကတော့ အားလုံး သိကြပြီးသားပါ၊ ''မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ'' ဆိုတဲ့ လေးပါးပေါ့။ ဒီဗြဟ္မစိုရ်တရားလေးပါးကို ဆရာတော် ကြီးက မိုးနဲ့ထပ်တူပြုတဲ့ ရူပကအလင်္ကာနဲ့သုံးပြီး ဆုတောင်းခဲ့တာကို အလေးအနက် စဉ်းစား ကြည်ညိုမိလို့ ဒီတရားကို ''ဗြဟ္မစိုရ်မိုး''လို့ အမည် ပေးလိုက်တာပါ။ ''မိုး''ဆိုတော့ ပကတိမိုးရဲ့ ကျေးဇူးနဲ့ တန်ဖိုးကို ပထမဆုံး စဉ်းစားကြည့်ရအောင်ပါ။

 မိုးရွာရင် ဘာကျေးဇူးရှိသလဲ၊ မိုးခေါင်ရင် ဘယ်လို ကျေးဇူးမဲ့တွေ ဖြစ်သွားနိုင်သလဲဆိုတာ ပေါ့။ ''မိုးရွာတော့ ပူရာကနေ အေးသွားတာ ပေါ့''ဆိုတာကတော့ လတ်တလော တစ်ခဏတာ ခံစားချက်ကို ကြည့်ပြီး ပြောတာပေါ့လေ၊ မှန်တော့ မှန်ပါတယ်၊ ဒါပေမယ့် ဒါက ရေတို ခံစားချက် ကိုသာ ကြည့်တဲ့သဘော၊ တစ်နည်း ပြောရရင် ခံစားချက် ဝေဒနာနဲ့သာ ကြည့်တဲ့ သဘော ဖြစ်နေ တယ်။ တိုးတက်ပြောင်းလဲမှုကို လိုလားသူဆိုတာ ရေရှည်ကို မြော်မြင်တတ်တဲ့ ဉာဏ်ပညာနဲ့ ကြည့်မှပေါ့။

 တောင်သူ လယ်သမားတွေ မိုးဦးကျ မှာ ထွန်ယက် စိုက်ပျိုးကြတယ်မို့လား၊ အဲဒါ ဘာကြောင့်လဲ ''မိုးက မျိုးစေ့တွေကို ပေါက်ရောက် ရှင်သန် ကြီးထွား အောင်မြင်စေနိုင်တယ်''လေ၊ အဲဒါ မိုးရဲ့ အဓိက ကျေးဇူးပေါ့။ ဟုတ်တယ် ကျုပ်တို့ အညာမှာတော့ မိုးက လည်း သုံးနှစ် တစ်နှစ်လောက် ကောင်းတတ်တာ၊ မိုးကောင်းရင် လူတွေ ပြုလုပ်စီမံထားတဲ့ ''ကောက်ပဲ သီးနှံ''ဆိုတဲ့ မျိုးစေ့တွေ ကြဲလှဲ စိုက်ပျိုးခွင့်, ပေါက်ရောက်ရှင်သန်ကြီးထွားခွင့်ရတယ်။

 ကောက်ပဲ သီးနှံတွေဆိုတာ လူက ဖန်တီး ထားတဲ့ လူကျိုးပြုမျိုးစေ့တွေ၊ အဲဒီလို မျိုးစေ့တွေ ပေါက်ရောက်အောင်မြင် ဖြစ်ထွန်းမှ လူတွေရဲ့ စားဝတ်နေရေး အဆင်ပြေအကျိုးများတာပေါ့။မြေကြီးက မျိုးစေ့နှစ်မျိုးနဲ့ ဆက်ဆံနေပါ တယ်။ မြေမှာ ပင်ကိုယ်ပကတိရှိနေတဲ့ မျိုးစေ့ တွေနဲ့ လူဖန်တီးထားတဲ့ မျိုးစေ့တွေ။ မိုးကောင်းရင် ခုနပြောခဲ့တဲ့ လူဖန်တီး ထားတဲ့ ကောက်ပဲသီးနှံမျိုးစေ့တွေ ကြဲလှဲခွင့်၊ ပေါက်ရောက် ရှင်သန်ခွင့် ရကြမယ်၊ လူတွေ ကောင်းကျိုး အထွေထွေ ပြည့်စုံမယ်ပေါ့။ တကယ်လို့ မိုးခေါင်လာပြီးဆိုရင် ''ယာမြေ လယ်မြေ''ဆိုတဲ့ ဒီမြေကွက်တွေက ဒီအတိုင်း ဟာလာဟင်းလင်း ကြီးတော့ ဖြစ်မနေ ဘူးဗျ၊ သူ့ရှိရင်းစွဲ ပင်ကိုယ်မျိုးစေ့လို့ ဆိုရမည့် ဆူးပင်,ခြုံနွယ် မြက်ရိုင်းပင်တို့ရဲ့ မျိုးစေ့တွေက အခွင့်ရပြီး ပေါက်ရောက်ကြီးထွားခွင့် ရသွားတယ်။

 ဒီအပင်တွေက လူဖန်းတီးထားတာ မဟုတ်သလို လူကျိုးကို မပြုနိုင်ပါဘူး လူကျိုးမဲ့ အပင်မျိုးတွေပါ။ ''သစ်ပင်တွေလဲ လူကျိုးပြုတာပါပဲ''လို့ အတွေးမချော်လိုက်ကြနဲ့၊ ဒါက လယ်ယာမြေ အတွက် ပြောတာ။ တောရိုင်းမြေအတွက် မဟုတ် ဘူး။ ကျုပ်တို့ အညာဆီမှာ နှစ်နှစ် သုံးနှစ်လောက် မိုးဆက်ခေါင်သွားပြီ၊ ထွန်ယက်စိုက်ပျိုးမှု လုံးဝ လုပ်မရတော့ဘူးဆိုတဲ့အခါ အဲဒီ ဆူးခြုံ နွယ်မြက် တွေက လုပ်ခင်းကိုင်ခင်း ယာမြေတွေ ပေါ်မှာ ဖုံးလွှမ်းသွားတော့တာ။ အပင်အတော်ကြီးသွားတော့ ထွန်လို့ ထယ်လို့ မရတော့တဲ့ အခြေအနေ ရောက်သွား ပြီဆိုရင် အဲဒီ ယာကွက်တွေက ကြားဖူးတယ်မို့လား ''ဖုန်းဆိုးမြေ''ဆိုတာလေ။ အဲလို ဖုန်းဆိုးတွေ ဖြစ်ကုန်ကြတာပေါ့။ ဒါက အပြင် ပကတိမိုးနဲ့ လယ်ယာမြေတွေကို ပြောတာပါ။ ဥပမာလို့ ဆိုကြပါစို့။ ---xxx--- အဲ ဥပမေယျဖြစ်တဲ့ လူနဲ့ ဗြဟ္မစိုရ်တရား တို့ကိုလည်း အဲလိုပဲ စဉ်းစားဆင်ခြင်ကြရမှာပါ၊ ဆရာတော်ကြီးရဲ့ ဆုတောင်းစကားက အဲလို ဆင်ခြင်စေချင်တဲ့ သဘောပါပါတယ်။

လူဆိုတာလည်း သံသရာခရီးသွားတွေထဲ က ဘုံသားတစ်ဦးပါပဲ၊ လက်ရှိဖြစ်တည်နေရတဲ့ ဘုံဘဝမှာ တိရစ္ဆာန်,လူ,နတ်,ဗြဟ္မာလို့ အသီးသီး ကွဲပြားနေကြပေမယ့် သံသရာခရီးရဲ့ တာလွှတ် စည်းကို ပြန်ကြည့်မယ်ဆိုရင်တော့ အားလုံးဟာ ''အဝိဇ္ဇာ တဏှာ ဒွေးမူလ''နဲ့ စခဲ့ကြသူတွေချည်း ဆိုတာ အားလုံးသိကြပြီးသားပါ။ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ''အဝိဇ္ဇာ''က စတယ်ဆိုပေမယ့် အဝိဇ္ဇာက မိုက်ရူးရဲဖြစ်အောင် တဇောက်ကန်းဖြစ်အောင်သာ မှိုင်းတိုက်ပေးတတ် တာ၊ ဘာမှ လုပ်တတ်တာ မဟုတ်လေတော့ သူ မြှောက်ပေးသလို လုပ်မည့်တဏှာကို အမြဲ အဖော် လုပ်နေရတာ၊ ဒါကြောင့် အဝိဇ္ဇာလို့ ပြောရင် တဏှာက တွဲလျက်ပါနေတယ်လို့ သဘောပေါက် ရမှာပါ။

ဒါကြောင့် ''အဝိဇ္ဇာ တဏှာ ဒွေးမူလ''လို့ အတွဲလိုက် ယူရတာပါ။ ဒီတရားနှစ်ပါးဟာ သတ္တဝါအားလုံးရဲ့ ဘုံ ဆိုင် ပင်ရင်းမူလမျိုးစေ့ နှစ်မျိုးပါ။ ဒီအဆင့်မှာ သတ္တဝါအားလုံး အမျိုးတူ အဆင့်တူပါပဲ။ ဒီတရား နှစ်ခုဟာ သံသရာခရီးသည် အားလုံးရဲ့ အစဦးဆုံး မိဖနှစ်ပါးလို့လည်း ဆိုနိုင်ပါသတဲ့၊ အဝိဇ္ဇာဖခင်နဲ့ တဏှာမိခင်ပေါ့။ စဉ်းစားကြည့်လိုက်ရင် အဝိဇ္ဇာဆိုတာက မှန်မှန်ကန်ကန် မျှမျှတတ မကြည့်တတ် မသိတတ် တဲ့ တဇောက်ကန်း၊ တဏှာကလည်း သူ့ကျိုးကိုယ် ကျိုး မျှမျှတတမဟုတ်ဘဲ ကိုယ့်အတွက် ကိုယ်သာ လိုချင်တပ်မက်တတ်တဲ့ ''တစ်ကိုယ်ကောင်း''ပါ။ ဒါကြောင့် သတ္တဝါအားလုံးဟာ တဇောက် ကန်း ဖခင်နဲ့ တစ်ကိုယ်ကောင်း မိခင်တို့က မွေးဖွား လာကြတဲ့ .. အဲ .. မျိုးကောင်းတွေချည်းဆိုပါ တော့လေ။ အစတုန်းက အမျိုးတူတွေဖြစ်ကြတဲ့ သတ္တဝါတွေဟာ အခုတော့ တိရစ္ဆာန်,လူ,နတ်, စသည် ကွဲပြားနေကြတာလည်း အားလုံးအသိပဲ။

 ဘယ်အရာက ခွဲခြားပေးလိုက်သလဲဆိုရင်တော့ မြတ်ဗုဒ္ဓရဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အတိုင်းပဲ ''အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ''ဆိုတဲ့ နေရာရောက် တော့ သင်္ခါရဆိုတဲ့ ပြုလုပ်မှုတွေမှာ အကောင်းနဲ့ အဆိုး ကွဲပြားသွားကြတယ်၊ အကောင်းပြုလုပ်မှုက ပုညာဘိသင်္ခါရ၊ တစ်နည်းအားဖြင့် ကုသိုလ် ကံပေါ့။ အဆိုးပြုလုပ်မှုက အပုညာဘိသင်္ခါရ၊ အကုသိုလ်ကံပေါ့။ အဲဒီ ကံ အကောင်းအဆိုး အလိုက် သတ္တဝါအမျိုးအစားတွေ ကွဲပြားသွားကြရ တာပါ။ အဲဒီထဲမှာ အခု ''လူ''ရယ်လို့ ဖြစ်နေကြ ရတဲ့ ကျုပ်တို့တတွေဟာ ''သု = ကောင်းသော ကုသိုလ်ကံကြောင့်၊ ဂတိ = ဖြစ်ရ,ရောက်ရတဲ့ သုဂတိဘုံသားတွေ'' ဆိုတော့ကား ... အခုလက်ရှိ လူ့ဘဝအနေနဲ့ကြည့်ရင် ကျုပ် တို့ လူများရဲ့ ဘဝမျိုးစေ့ကတော့ ''ကုသိုလ် မျိုးစေ့''လို့ ပြောရမှာပါ။

အဲဒီတော့ ''လူ''ဆိုတဲ့ ကျုပ်တို့တတွေမှာ သံသရာမျိုးစေ့ရယ်၊ ဘဝမျိုးစေ့ရယ်ဆိုပြီး မျိုးစေ့ နှစ်မျိုး ရှိနေတာကို သတိပြုရမှာပါ။ သံသရာမျိုးစေ့ က အဝိဇ္ဇာနဲ့တဏှာ၊ ဘဝမျိုးစေ့က ကုသိုလ်ပေါ့။ လူတိုင်းလူတိုင်း အဲဒီဘဝမျိုးစေ့ကို အလေး ထား အသိအမှတ်ပြုကြဖို့ အရေးကြီး ပါတယ်။ ''ငါ ဘာမျိုးလဲ''လို့ ဆင်ခြင်တိုင်း ကုသိုလ်မျိုးပါ။ လူတိုင်း လူတိုင်းဟာ ကိုယ့်ကိုယ် ကိုယ် မြန်မာမျိုး, ကုလားမျိုး, တရုတ်မျိုးလို့ မသတ်မှတ်ဘဲ ''ကုုသိုလ်မျိုးတွေ''လို့ သိမှတ်ခံ ယူနိုင်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။

အမျိုးကို အမည်တွေနဲ့ ထပ်ခွဲခြားလိုက်ရင် လူမျိုးကွဲတွေဖြစ်ပြီး သွေးကွဲသွားမယ်။ သွေး မကွဲချင်ရင် အမည်တွေနဲ့ မခွဲခြားဘဲ ဘဝမျိုးရင်း အတိုင်း''ငါတို့ လူတွေ အားလုံးဟာ ကုသိုလ်မျိုး တွေပါကလား''လို့ အသိရှိရှိ ခံယူကြရမှာပါ။ ''ကုသိုလ်မျိုး''ဆိုတဲ့ထဲမှာ အဘိဓမ္မာကျမ်း များက ခွဲခြမ်းစိတ်ဖြာပြတာကတော့ ဗလငါးပါး လို့ဆိုတဲ့ မျိုးစေ့ငါးပါး စုပေါင်းပါဝင်ပါတယ်တဲ့။ ''သဒ္ဓါ,ဝီရိယ,သတိ,သမာဓိ,ပညာ''ဆိုတဲ့ ငါးပါး ပါပဲ။ ''သဒ္ဓါ''ဆိုတာ ယုံကြည်မှုပါ၊ ဗုဒ္ဓ ဘာသာတို့ကတော့ ''ရတနာမြတ်သုံးပါးနဲ့ ကံ ကံ၏ အကျိုးကို ယုံကြည့်ခြင်း''လို့ ခံယူပါတယ်။

ဘာသာတရားနဲ့ မကန့်သတ်ဘဲ သာသနာ တွင်း သာသနာပ ကာလနှစ်မျိုးလုံးနဲ့ သက်ဆိုင်ဖို့ ဆိုရင်တော့ ''သဒ္ဓါ''ဆိုတာ အဓိကအားဖြင့် ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်ခြင်းပါပဲ။ သာသနာပ ကာလတွေမှာလည်း ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည် လက်ခံရင် သဒ္ဓါတရားရှိတယ်လို့ ခေါ်ရတာပါပဲ။ ဒါကို လက်ခံသူမှန်သမျှကိုလည်း ''သမ္မာဒိဋ္ဌိ အယူ ရှိသူများ''လို့ပဲ သတ်မှတ်ရပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ကတော့ ရတနာသုံးပါး ကို လက်မခံရင်၊ သရဏဂုံ မဆောက်တည်ရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့ မှတ်ထင်တတ်ကြတယ်။ ဒီနေရာမှာ ကန့်သတ်လွတ် သမ္မာဒိဋ္ဌိနဲ့ ကန့်သတ်ရှိ သမ္မာဒိဋ္ဌိအကြောင်း သိထားဖို့ လိုအပ်ပါတယ်။

သမ္မာဒိဋ္ဌိက - ကံနဲ့ကံရဲ့အကျိုးကို သိမြင်လက်ခံတဲ့ ''ကမ္မဿကတ သမ္မာဒိဋ္ဌိ''။ သင်္ခါရတို့ရဲ့ သဘောလက္ခဏာကို သိမြင် တဲ့ ''ဝိပဿနာ သမ္မာဒိဋ္ဌိ''။ သင်္ခါရနယ်မှ လွတ်ရာ နိဗ္ဗာန်ကို သိမြင်တဲ့ ''မဂ္ဂဖလသမ္မာဒိဋ္ဌိ''ဆိုပြီး သုံးမျိုးသုံးစား ရှိပါ တယ်။ ဒီသုံးမျိုးမှာ

 (၁)သမ္မဿကတ ကမ္မာဒိဋ္ဌိက ''ကာလ,ဘာသာ,သတ္တဝါ''ဆိုတဲ့ ကန့်သတ်မှု သုံးမျိုးမရှိလို့ ''ကန့်သတ်လွတ် သမ္မာဒိဋ္ဌိ''လို့ ဆို ရမှာပါ။ ''ကာလ''ဆိုတာ သာသနာပ,ကာလ၊ သာသနာတွင်းကာလကို ပြောတာပါ။ ဘုရား လောင်းတော်ရဲ့ ပါရမီဖြည့်စဉ် ''လေးအသချေင်္ ကမ္ဘာတစ်သိန်းဆိုတဲ့ ကာလရှည်ကြီးအတွင်းမှာ ဘုရားပေါင်း(၂၄)ဆူပွင့်တော်မူခဲ့ပါတယ်။ ဆိုလိုတာ က ဘုရားအလောင်းတော်ဟာ ဗုဒ္ဓဘာသာဖြစ်ခွင့် သရဏဂုံတည်ခွင့် ကာလဆိုလို့ ဒီဘုရား (၂၄)ဆူ တို့ရဲ့ သာသနာတွင်းကာလမှာပဲ ရခဲ့တယ်။ ကျန်တဲ့ ကမ္ဘာတွေမှာ ဗုဒ္ဓဘာသာဖြစ်ခွင့် မရနိုင်ပါဘူး။ ဒါပေမယ့် ပါရမီတွေကို စဉ်ဆက် မပြတ် ဖြည့်နေတာပါပဲ။

ဘုရားအလောင်းဟာ မိစ္ဆာ ဒိဋ္ဌိအဖြစ်နဲ့ ပါရမီဖြည့်ခဲ့တာလို့တော့ ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူး။ ''ကမ္မဿကတ သမ္မာဒိဋ္ဌိ''နဲ့ပါ။ ဒါကြောင့် ကမ္မဿကတ သမ္မာဒိဋ္ဌိဟာ သာသနာ တွင်း သာသနာပဆိုတဲ့ ကာလကန့်သတ်ချက်လည်း ကင်းလွတ်ပါတယ်။ ပြီးတော့ သာသနာပကာလမှာ ဗုဒ္ဓဘာသာ ရယ်လို့ မရှိနိုင်တဲ့အတွက် ဘာသာကန့်သတ်မှုမှလဲ လွတ်ပါတယ်။ ဘုရားအလောင်းတော်ကတော့ ''ဗြဟ္မဒတ်မင်းလက်ထက်''ဆိုတဲ့ ငါးရာ့ငါးဆယ် စကားကို ထောက်ရင် ဗြာဟ္မဏဘာသာဝင် ဖြစ်ခဲ့ တာ များမယ်ထင်ပါတယ်၊ ဘာသာဘာမှမရှိတဲ့ ဘာသာမဲ့လည်း ဖြစ်နိုင်ပါတယ်။ ဘာသာကန့်သတ် ချက် အဓိကမဟုတ်၊ ကံနဲ့ ကံရဲ့အကျိုးကို သိမြင် လက်ခံမှုသာ အဓိကပါ။

ဘာသာကန့်သတ်ချက်သာမက သတ္တဝါ ကန့်သတ်ချက်လည်း မရှိပါဘူး။ ယုန်မင်းတို့၊ ဆဒ္ဒန် ဆင်မင်းတို့ စသည်ကြည့်လိုက်ရင် တိရစ္ဆာန်များ မှာလည်း ကမ္မဿကတ သမ္မာဒိဋ္ဌိဖြစ်ခွင့် ရှိတယ်လို့ သဘောပေါက်ရမှာပါ။ ဒါကြောင့် ''ကမ္မဿ ကတ သမ္မာဒိဋ္ဌိ''ကို ကန့်သတ်ချက် သုံးမျိုးလုံးမှ လွတ်တဲ့ သမ္မာဒိဋ္ဌိလို့ ဆိုလိုရတာပါ။

(၂) ဝိပဿနာသမ္မာဒိဋ္ဌိ = သင်္ခါရတရား တို့ရဲ့သဘောမှန်ဖြစ်တဲ့ အနိစ္စလက္ခဏာ,ဒုက္ခလက္ခ ဏာ,အနတ္တလက္ခဏာ ဒီသုံးပါးကို အမှန်အကန် သိမြင်တာ ဝိပဿနာသမ္မာဒိဋ္ဌိပါ။ ဒီသမ္မာဒိဋ္ဌိက သာသနာပကာလ (သို့ မဟုတ်)ဗုဒ္ဓသာသနာမှအပဖြစ်တဲ့ ဘာသာတွေမှာ အနိစ္စနဲ့ဒုက္ခဆိုတဲ့ လက္ခဏာနှစ်ပါးသာ အလွန်ဆုံး သိနိုင်ပါတယ်၊ အနတ္တလက္ခဏာကို မသိနိုင်ကြပါ ဘူး။ သဗ္ဗညုဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာ မှသာ လက္ခဏာရေးသုံးပါးစုံတဲ့ ပါဝါပြည့် ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်ခွင့်ရှိတာမို့ ''သာသနာတွင်း ကာလမှသာ''ဆိုတဲ့ ကာလကန့်သတ်ချက်ရော၊ ''ဗုဒ္ဓဘာ သာမှသာ''ဆိုတဲ့ ဘာသာကန့်သတ်ချက် ရော ရှိပါတယ်။ (သရဏဂုံသုံးပါး ဆောက်တည်မထား သော်လည်း စိတ်ထဲမှာ ဗုဒ္ဓနည်းအတိုင်း ကျင့်ကြံမှ ဆိုတာကို ခံယူရင်လည်း သရဏဂုံတည်တဲ့ ဗုဒ္ဓဘာသာလို့ ဆိုနိုင်ပါတယ်။ ဘုရားရှင်တရားဦး ဟောတဲ့နေ့က သာတာဂိရိနဲ့ဟေမဝတဆိုတဲ့ နတ် ဘီလူးကြီးတို့ တရားဆွေးနွေးတာကို နာယူပြီး သော တာပန်ဖြစ်သွားတဲ့ လူဝတ်ကြောင်ထဲက အစဦးဆုံး အရိယာဖြစ်သွားသူ ကာလီအမျိုးသမီးတို့၊ လက်ဝဲရံ လက်ျာရံအလောင်း ဥပတိဿနဲ့ကောလိတတို့ဟာ နှုတ်ြ>ွမက်သရဏဂုံ မရှိဘဲ စိတ်ထဲက ဆုံးဖြတ်ခံ ယူတဲ့ သရဏဂုံနဲ့ သောတာပန်အရိယာ ဖြစ်သွား ကြသူတွေပါ။) ဗုဒ္ဓဘာသာအဖြစ် ခံယူထားသော်လည်း ''တိဟိတ်လို့ ခေါ်တဲ့ ဉာဏ်မျိုးစေ့ရှိတဲ့ သတ္တဝါများ မှာသာ ဝိပဿနာဉာဏ် အပြည့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်''တိဟိတ်''ဆိုတဲ့ သတ္တဝါ ကန့်သတ်ချက် လည်း ရှိတယ်လို့ ဆိုရမှာပါ။

 (၃) မဂ္ဂဖလသမ္မာဒိဋ္ဌိ ဆိုတာလည်း ဝိပဿနာသမ္မာဒိဋ္ဌိရဲ့ နောက်မှာ တစ်ဆက်တည်း ဖြစ်ခွင့်ရှိတာဖြစ်လို့ ဒီကန့်သတ်ချက် သုံးမျိုးရှိတယ် လို့ ဆိုရပါလိမ့်မယ်။ ဒါက သဒ္ဓါမျိုးစေ့နဲ့ ပတ်သက် လို့ပါ။ ဒီသဒ္ဓါမျိုးစေ့ဟာ မဂ္ဂင်ရှစ်ပါးမှာ သီလ မဂ္ဂင်သုံးပါး ကို ကိုယ်စားပြုပါတယ်။ သဒ္ဓါတရားရှိလို့ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တယ်၊ ယုံကြည်လို့ ''မကောင်းမှုရှောင် ကောင်းမှုဆောင်''လုပ်တယ်။ ကိုယ်နဲ့နှုတ်မှာ အလုပ်အပြောမှန်တော့ သမ္မာဝါစာ,သမ္မာကမ္မန္တ, သမ္မာအာဇီဝဖြစ်တယ်။ ဒါကြောင့် ကုသိုလ်မျိုးစေ့ ဗလငါးပါးမှာ သဒ္ဓါက မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင် သုံးခုကို ကိုယ်စားပြုတယ်လို့ သဘောပေါက်ရပါ မယ်။ ဝီရိယ,သတိ,သမာဓိ တို့ကတော့ မဂ္ဂင်မှာ တိုက်ရိုက်ပြတဲ့ သမာဓိမဂ္ဂင်သုံးပါးပါပဲ။

 ပညာက ပညာမဂ္ဂင်နှစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကုသိုလ်မျိုးစေ့ဖြစ်တဲ့ ဗလငါးပါး ဆိုတာ မဂ္ဂင် ရှစ်ပါးနဲ့ အတူတူပါပဲ။ ကုသိုလ်မျိုးစေ့ ထဲမှာ မဂ္ဂင် ရှစ်ပါးလုံး မျိုးစေ့အဖြစ်နဲ့ ပါဝင်နေတယ်ဆိုတာ သဘောကျကြဖို့ပါ။ ဒါကို ခုလောက်ရှင်းပြနေရတာကတော့ ကုသိုလ်မျိုးစေ့မှာ ပညာဒီဂရီပြည့်သူတိုင်း အမြိုက် တံခါးမဂ္ဂင်နဲ့ နိဗ္ဗာန်ထိ ဝင်ခွင့်ရှိသူများဖြစ်တယ် ဆိုတာ သဘောပေါက်စေချင်လို့ပါ။ မြတ်စွာဘုရားကတော့ သဒ္ဓါမျိုးစေ့ထက် သန်ရင်ကို နိဗ္ဗာန်တံခါးဝင်ခွင့်ရှိပြီလို့ ဟောထားတာ တရားဟောဖို့ ဆုံးဖြတ်ကြေငြာလိုက်တဲ့ - ''အပါရုတာ တေသံ အမတဿ ဒွါရာ၊ ယေ သောတဝန္တော ပမုဥ္စန္တု သဒ္ဓံ'' ''နားလည်အောင် ထောင်နိုင်တဲ့ နားရှိပြီး သဒ္ဓါတရားအပြည့်လွှတ်နိုင်သူတို့အတွက် အမြိုက် တံခါးကို ဖွင့်လိုက်ပြီ''ဆိုတဲ့ စကားအရ သိနိုင်ပါ တယ်။ ခုပြောခဲ့တဲ့ လူတို့ရဲ့ ''ဘဝမျိုးစေ့''လို့ ဆိုရမည့် ကုသိုလ်မျိုးစေ့မှာပါတဲ့ ဗလငါးပါး၊ သို့မဟုတ် မဂ္ဂင်ရှစ်ပါးတို့ဆိုတာ တိဟိတ်လူသား တိုင်းမှာ ပါဝင်ပါတယ်။ ဒါက လူဖန်တီးထားတဲ့ မျိုးစေ့လို့ ဆိုရမှာပါ။ စောစောက ပြောခဲ့သလိုပဲ သတ္တဝါမှန် သမျှရဲ့ သံသရာမျိုးစေ့ကတော့ သတ္တဝါအားလုံး ''အဝိဇ္ဇာတဏှာ ဒွေးမူလ''ချည်း အတူတူ ဖြစ်ပေ မယ့် ''အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ''ဆိုတဲ့ သင်္ခါရ အမျိုးအစားအလိုက် သုဂတိဘုံ ဒုဂ္ဂတိဘုံ လမ်းခွဲ လာခဲ့ကြတာ။ ဒါကြောင့် သုဂတိလူ့ဘုံရောက်လာသူတို့ရဲ့ မျိုးစေ့ဟာ ကိုယ်ပြုခဲ့တဲ့ သင်္ခါရမျိုးစေ့ဖြစ်လို့ ''လူဖန်တီးထားတဲ့ မျိုးစေ့''လို့ ပြောရတာပေါ့။ အပြင်က မိုးဥပမာမှာ ပြောခဲ့သလိုပါပဲ၊ လူဖန်တီးတဲ့ မျိုးစေ့တွေဆိုတာ မိုးအကူအညီရမှ ပေါက်ရောက် ရှင်သန်နိုင်ကြတာပါ။

သဘာဝမိုးနဲ့မြေတို့မှာ မိုးခေါင်ပြီဆိုရင် လူတို့ဖန်တီးထားတဲ့ လူကျိုးပြု ကောက်ပဲသီးနှံတွေ ထွန်ယက်စိုက်ပျိုးခွင့်မရတော့ မြေမှာရှိတဲ့ ချုံနွယ် ဆူးပေါင်းမျိုစေ့တွေ ပေါက်ရောက် လွှမ်းမိုးပြီး ဖုန်းဆိုးမြေ ဖြစ်သွားတတ်ကြသလိုပါပဲ။

 လူတွေမှာလည်း မေတ္တာ,ကရုဏာစတဲ့ ဗြဟ္မစိုရ်မိုးခေါင်(ခေါင်းပါး)ကြတဲ့အခါ ဘဝမျိုးစေ့ တွေဖြစ်တဲ့ သဒ္ဓါဝီရိယစတဲ့ ခွန်အားတိုး ကုသိုလ် မျိုးစေ့တွေ ပေါက်ရောက်ကြီးထွားခွင့် မရကြတော့ပဲ သံသရာ မျိုးစေ့ ဖြစ်တဲ့ အဝိဇ္ဇာတဏှာတို့ ခေါင်း ထောင်ထပြီး အစွမ်းပြလာ တတ်ကြပါတယ်။ သံသရာမျိုးစေ့ တဏှာဆိုတာ အဝိဇ္ဇာနဲ့တွဲ နေတဲ့အတွက် မိုက်မဲတပ်မက်တောင့်တမှုမျိုးပါ၊ ''ဘယ်သူ သေသေ ငတေမာပြီးရော''ဆိုတဲ့ တဏှာ ရိုင်းမျိုးပေါ့။ အခု ကျုပ်တို့ ပုထုဇဉ်တွေမှာလည်း တဏှာက အပြည့်အဝ ရှိနေကြတာပါပဲ၊ ဒါပေမယ့် ဘုရားရှင်ကျေးဇူးနဲ့ ကျုပ်တို့မှာ ကမ္မဿကတသမ္မာ ဒိဋ္ဌိ''ဉာဏ်ဓားနဲ့ ခြစ်ခွာထားတော့ တဏှာက ပိန်းပိတ်မှောင်မဲကြီး မဟုတ် တတ်ပါဘူး။

သူကျိုး ကိုယ်ကျိုးကြည့်တဲ့ သမ္မာအာဇီဝကို ငဲ့တဲ့တဏှာခပ် ယဉ်ယဉ်လေးလို့ ဆိုရမှာပေါ့၊ အဝိဇ္ဇာနဲ့ တွဲနေတဲ့ တဏှာကတော့ ပိန်းပိတ် မှောင်မဲနေတဲ့ တဏှာ ရိုင်း ကြီးပါ။ တဏှာရိုင်းနဲ့ ဘာကိုမှ မထောက်ထားမငဲ့ ကွက်ဘဲ ရှာဖွေသိမ်းပိုက်သူများဟာ အလွန်ရလွယ် ကြပါတယ်။ တဏှာရိုင်းသမားများနဲ့ ပတ်သက်လို့ မြတ်စွာဘုရားက လည်း (ဓမ္မပဒ-၂၄၄ မှာ) - အဟိရိကေန = ဂုဏ်သိက္ခာမဲ့ အရှက် အကြောက် မရှိသူ။ ကာကသူရေန = ကျီးလို လက်ရဲဇက်ရဲ ဇွတ်ဆွဲယူဝံ့သူ။ ဓံသိနာ = သူ့ဂုဏ်ကို ချေဖျက်ကျော်တက် နိုင်သူ။ ပက္ခန္ဒိနာ = သာရာကပ်ဖားလုပ်နိုင်သူ။ ပဂဗ္ဘေန = နှုတ်ကြမ်း,ကိုယ်ကြမ်း ကြိမ်းမောင်းလုယက် ရန်ဖြစ်ရဲသူ။ သံကိလိဋ္ဌေန = စဉ်းလဲကောက်ကျစ် ညစ် ပတ်တတ်သူတွေဟာ။ သုဇီဝံ = စားပေါက်ချောင်တယ်''လို့ မိန့် တော်မူပါတယ်။ တဏှာက မရအရ ရှာတော့ ရလာတာပဲ၊ ရပါများလာတော့ ငါနဲ့ယှဉ်ဝံ့သူ ရှိနိုင်သေးလားဆိုတဲ့ မာန ဖြစ်လာတယ်။

တဏှာရင့်တော့ မာန ဖြစ်လာတဲ့ သဘောပါပဲ။ လူမွေးကနေ ဘီလူးမွေးလို ဆူးတောင်တွေ ပေါက်လာတဲ့ သဘောပေါ့။ လူမွေးပျောက်ပြီး ဘီလူးမွေးပေါက်လာသလို လူစိတ်ပျောက်ပြီး ဘီလူး စိတ်လည်း ရောက်လာပါတယ်။ မာနက တဖြေးဖြေးရင့်လာတော့ ငါ့ကို ယှဉ်သူ ငါ့ရန်သူလို့ သတ်မှတ်ပြီး ပြိုင်လာသူတိုင်း ကို အပြတ်နှိမ်နင်းတော့တာပေါ့။ ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ပြီဆိုတော့လည်း ပုထုဇဉ်သဘာဝ ကြောက်လန့်ပြီး ငြိမ်ဝပ်ပိပြားသလို ဖြစ်သွားတတ် ပါတယ်။ အဲဒီအခါကျတော့ လောကမှာ ဘယ်အရာ မဆို ငါ့အလိုကျသာ ဖြစ်ရတယ်၊ ငါသာ အရာရာ ကို ပိုင်ဆိုင်တယ်ဆိုတဲ့ စိတ်မျိုးပြောင်းသွားတယ်။ ''ငါ''ဆိုတာကို အခိုင်အမာပြုလာတာကို ''ဒိဋ္ဌိ'' လို့ ခေါ်ပါတယ်။ မာနရင့်တော့ ဒိဋ္ဌိအဖြစ် ပြောင်း သွားတာပါ။ မာနက ဆူးတောင်ပဲ ပေါက်တာ၊ ဒိဋ္ဌိအဆင့်ရောက်တော့ အစွယ်ပါ ငေါငေါထွက်လာ ပြီး တကယ်ဘီလူး ဖြစ်တော့တာပါပဲ။ ဒီအဆင့် ရောက်လာပြီဆိုရင် သံသရာက လွတ်လမ်းလည်း ပိတ်သွားပြီဖြစ်လို့ သူ့အတွက် သံသရာဟာ အဆုံးမရှိ ကျယ်သည်ထက်ကျယ်၊ လည်သည်ထက် လည်ဖို့သာ ရှိပါတော့တယ်။

 ဒါကြောင့် ''တဏှာ, မာန,ဒိဋ္ဌိ''ဆိုတဲ့ ဒီတရားသုံးပါးကို ''ပပဥ္စ = သံသရာနယ်ချဲ့''တရား သုံးပါးလို့ ခေါ် ပါတယ်။ ဆရာတော်ကြီးရဲ့ စေတနာက ဒီလို သံသရာမျိုးစေ့တွေ ပေါက်ရောက်ကြီးထွားပြီး လူစင်စစ်က ဘီလူးတွေလို ဖြစ်မည့်အရေးကို ဉာဏ် နဲ့ တွေးမြင်တော်မူတဲ့အတွက် လူမျိုးစေ့(ကုသိုလ်) တွေသာ ပေါက်ရောက်ရှင်သန်စေလိုလို့။ ကောက်ပဲ သီးနှံ မျိုးစေ့ထက် လူ့မျိုးစေ့ ကုသိုလ်ကို ပေါက်ရောက်ရှင်သန်ရေးမှာတော့ ဗြဟ္မစိုရ်မိုး သာမက ''ပတိရူပဒေသဝါသ''ဆိုတဲ့ မှီခိုရာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောမှု၊ သပ္ပုရိ သူပနိဿယ ဆိုတဲ့ မင်းနဲ့ရဟန်းစတဲ့ စီမံညွှန်ကြား ခွင့်ရ ပုဂ္ဂိုလ်တို့ကို အမှီကောင်းရရှိမှုတို့ပါ ပါဝင်ရမှာ ဖြစ်လို့ ကျေးဇူးရှင် တိပိဋကဓရ မင်းကွန်းဆရာ တော် ဘုရားကြီးက သူ့ရဲ့ မဟာဗုဒ္ဓဝင်ကျမ်းကြီး ခြောက်တွဲ(၈-အုပ်)ပြီးမြောက် အောင်မြင်တဲ့ နိဂုံးမှာ-

 ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေဝိမံ။ ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။ ပေါရာဏာ = ရှေးအထက်ကျော် အခါ သော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ် ကြကုန်သော။ သုရာဇာနော = မဟာသမ္မတ ဤသို့ စသည့် ဘုရားအလောင်း ရှေးမင်းကောင်းတို့သည်။ ပဇံ = တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို၊ ဓမ္မေန = ရာဇဓမ္မဆယ်ပါး မင်းကျင့်တရားဖြင့်။ ရက္ခိံသု ယထာ = မိဖအရာ တည်နေကာဖြင့် ပြစ်ဆာမလိမ်း ရန်မာန်ငြိမ်းအောင် ထိန်းသိမ်း စောင့်ရှောက်ကုန်သကဲ့သို့ .. တထေဝ = ထိုဘုရားအလောင်း ရှေးမင်း ကောင်းတို့ အတူသာလျှင်။ ရာဇာ = (အဲဒီတုန်းက တိုင်းပြည်ကို စစ်ဗိုလ်များ အုပ်စိုးတာဖြစ်လို့ ဆရာတော်ကြီးက)နှလုံးဉာဏ်ရည် လက်ရုံးရည်ဖြင့် မြန်ပြည်ထောင်စု စိုးမိုးပြုသား သမ္မုတိနတ် တို့မင်း မြတ်သည်လို့ အနက်ပေးထားပါတယ်။)

 ခုတော့ ပြည့်သူ့သမ္မတ အုပ်ချုပ်တဲ့ ခေတ် ကြီးရောက်လာလို့ ရာဇာ = နှလုံးဉာဏ်ရည် ပြည့်စုံ ညီသဖြင့် ပြည်သူအများ တင်မြှောက်ထားသည့် သမ္မုတိနတ် တို့မင်းမြတ်သည်ပေါ့။ ဣမံ ပဇံ = မေတ္တာချည်နှောင် ညီနှင့် နောင်ဟု ပြည်ထောင်စုသား ဤလူအများကို။ ဓမ္မေန = ရာဇဓမ္မဆယ်ပါး မင်းကျင့် တရားဖြင့်။ အတ္တနောဝ ပဇံ ဣဝ = ရင်မှပေါက်ဖွား မိမိ၏ သားကိုကဲ့သို့။ ရက္ခတု = မေတ္တာကရုဏာ ဖြန့်ချိကာ ဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်းကာ တိုင်းရပ်သာအောင် ပညာဝှန်တောက် တံခွန်ဆောက် ၍ စောင့်ရှောက်ချီးပင့် နိုင်ပါစေသတည်းလို့ ဆုတောင်းခဲ့တာပါ။ ဗြဟ္မစိုရ်မိုး ရွာသွန်းဖြိုးပြီး လူ့မျိုးစေ့တို့  ပေါက်ရောက်ရှင်သန် သီးပွင့်ကာ ပြည်ထောင်စု တစ်ဝှန်းလုံး ငြိမ်းချမ်းသာယာ ဝပြောကြပါစေ ...။

 ဓမ္မဘေရီ အရှင်ဝီရိယ (၇၁)နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာ

အထိမ်းအမှတ် ဓမ္မဒါန ဆုတောင်း