Monday, June 4, 2018

ကောင်းကင်လုံး ပျံ့နှံ့သွားစေတဲ့ တိမ်တိုက်ကလေးများ

ကောင်းကင်လုံး ပျံ့နှံ့သွားစေတဲ့ တိမ်တိုက်ကလေးများ

သူတစ်ပါးဒုက္ခရောက်နေတာတွေ ကြားရတော့ အများနည်းတူ ကူညီချင်တာပေါ့၊ လောကကျိုး သာသနာကျိုးတွေကိုလည်း သည်ပိုးချင်တာပေါ့၊ ဒါပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ သိတဲ့အတိုင်းပဲ အချိန်ကမရဘူးတို့၊ ပစ္စည်းဝတ္ထုက မပြည့်စုံဘူးတို့၊ သူများလို လူသာဓုခေါ် နတ်သာဓုခေါ်ဖြစ်အောင် လုပ်နိုင်ဖို့က မလွယ်ဘူးတို့ ... စတဲ့ ဆင်ခြေတွေကို ကြားလိုက်ရတိုင်း အငယ်ကတည်းက ဒီနေ့အထိ အကျင့်ရနေအောင် အမေက ဆုံးမခဲ့တာလေးတွေရယ်၊ ကိုရင်ဘဝက ရွာကျောင်းမှာ အတူတွေ့ကြုံ နေထိုင်ခဲ့ရဖူးတဲ့ ကပ်္ပိယကြီး ဦးဖိုးနုပ်ရယ် ကို သတိရမိပါတယ်။


မိမိတို့ အထိုက်အလျှောက် နားလည်မှတ်သား တတ်လောက်တဲ့အရွယ်ကစပြီး အမေ အဖေတို့က သြကာသ၊ ဣတိပိ၊ သမ္ဗုဒ္ဓေ - စတဲ့ ဘုရားရှိခိုးလေးတွေလည်း သင်ပေးတယ်၊ အဖေကတော့ ပုံပြင်တွေ ဇာတ်နိပါတ် ဆိုတာတွေကို စိတ်ဝင်စားအောင် ပြောပြပေးပါတယ်။

 တစ်ခါတော့ ရွာလယ်လမ်းမကြီးမှာ ပြေးလွှား ဆော့ကစားရင်း ၀ါးခြမ်းစိပ်တစ်ခုနဲ့ ခြေမခွကြား ထိုးမိပြီး သွေးတွေလဲထွက် နာလဲနာတေ့ာ ရှုံ့မဲ့ပြီး အမေ့ဆီ ပြေးသွား ခဲ့တယ်၊ ထုံးစံအတိုင်းဘဲ အမေက ချော့မော့ပြီး သွေးတွေကို ရေနဲ့ဆေး အထဲက ငြောင့်စတွေကို ကုန်အောင်ဖယ်ရှား ပေးပြီးတော့မှ ဗီးစပ်ရွက်ဆိုတာတွေ ကြိတ်ချေ သိပ်ပေး ပါတယ်၊ ညကျတော့ အမေက “ငါ့သား ခုလိုငြောင့်တွေ ဘာတွေ မစူးစေချင်ရင်လေ လမ်းသွားတဲ့အခါ လမ်းပေါ်မှာ တွေ့တဲ့ ဆူးခက်တွေ၊ အချွန်အတက်တွေ၊ သံတိုသံစတွေ တွေ့ရင် ဘေးလွတ်ရာကို ရောက်အောင် ဖယ်ရှားပစ်ခဲ့ ရတယ်၊

အဲလိုလုပ်ရင် ငါ့သား ဘယ်တော့မှ ခလုပ်မထိ ဆူးမငြိဘူး၊ မြွေပါး ကင်းပါးဘေးတွေ၊ ချောက်ကမ်းပါး ဘေးတွေနဲ့ ဘယ်တော့မှ မတွေ့ဘူး ကြားလား၊ အဲဒါ တသက်လုံး မြဲမြဲမှတ်ထားနော်” လို့ ဆုံးမပါတယ်။ တခါတလေ ကျောင်းကပြန်လာတဲ့အခါ “အမေ.. ဒီနေ့ သားလမ်းမှာ ဆူးလှည်းပေါ်က ကျကျန်ခဲ့တဲ့ ဆူးခက် တွေကို ခရိုး(စည်းရိုး) ထဲရောက်အောင် ဖယ်ပစ်ခဲ့တယ်တို့၊ ဒီနေ့ လမ်းမှာ တွေ့ရတဲ့ ၀ါးချွန်ပိုင်းကြီးကို ခြုံထဲရောက် အောင် လွှင့်ပစ်ခဲ့တယ်” တို့ဆိုတဲ့ စကားမျိုးများ ကြားရရင် အမေက “အံမယ် ငါ့သားလေးက လိမ္မာလိုက်တာဟယ်၊ သာဓုတော် .. သာဓု၊ ငါ့သားလေး တစ်သက်လုံး ခလုပ်မထိ ဆူးမငြိပါစေနဲ့၊ လာမည့်ဘေး ဝေးပါစေတော်” ဆိုပြီး ကျေကျေနပ်နပ်ကြီး ဆုပေးလေ့ရှိပါတယ်။

ဘာရယ်လို့ မဟုတ်ဘူး၊ အမေမျက်နှာ ရွှန်းရွှန်း စားစားကြီး ပြုံးပြီး ဆုပေးလိုက်တာကိုပဲ ဧရာမ ဆုထူး လာဘ်ထူးကြီးကို ရလိုက်သလို ဝမ်းသာခဲ့မိပါတယ်။ အဲဒီကတည်းက အကျင့်ရလာတာ ခုထိလည်း တစ်ခါတလေ တောင်စွန်းကို ပြန်တဲ့အခါ လမ်းပေါ်မှာ ကျောက်ကားကြီးတွေက ကျကျန်ရစ်တဲ့ ကျောက်တုံးကြီးကြီး တွေ တွေ့လို့ ကားသမားက ကွေ့ပြီးမောင်းမယ်လုပ်ရင် “ခဏရပ်ပါဦးဟ” ဆိုပြီး အဲဒီကျောက်တုံးကို လမ်းဘေး ရောက်အောင် ဖယ်ရှားခဲ့ဖြစ်တယ်၊ အဲဒီလိုလုပ်မိတဲ့အခါ တိုင်းလဲ “အမေသာ မြင်လိုက်နိုင်ရင်တော့ ဟိုတုန်းကလို သာဓုခေါ်ပြီး ဆုတွေများပေနေဦးမလား” လို့လဲ အောက်မေ့ ပြီး ကိုယ့် အတွေးနဲ့ကိုယ် ပြုံးလိုက်မိသေးတယ်။

မှတ်မိသေးတယ်၊ တစ်ခါက တခြားရွာအလှူကို ဆရာတော်ကြွလို့ နောက်ပါကျောင်းသားအဖြစ် လိုက်သွား ရတာ၊ နေ့ခင်းပိုင်းမှာ ရွာထဲက မဏ္ဍပ်ကို ဆရာတော်တွေ ကြွတဲ့အခါ ရှေ့ကမောင်းသွားတဲ့ ဆူးလှည်းပေါ်က ကျကျန်ရစ်တဲ့ ဆူးခက်တွေကို မိမိက ပြေးကောက်တဲ့ပြီး အဝေးကို ဖယ်ရှားပစ်တော့ မိမိတို့ဆရာတော်နဲ့ရင်းနှီးတဲ့ ဆရာတော်ကြီး တစ်ပါးက “အံမာ .. ဥယျာဉ်ဘုန်းကြီး ကျောင်းသားက တယ်ဟုတ်ပါလားဟေ့၊ ဘုန်းကြီး ကျောင်းသားဆိုတာ ဒီလိုလိမ္မာမှပေါ့ကွ” လို့ လှိုက်လှိုက် လှဲလှဲ ပြောလိုက်ပါတယ်၊

 မိမိတို့ဆရာတော်ကလဲ သဘော တွေကျပြီး ပြုံးနေပါ တယ်။ ကျောင်းပြန်ရောက်တဲ့ည ဘုရားဝတ်တက်ပြီး တဲ့အခါ- ဆရာတော်က ကျောင်းသားကိုရင်အားလုံးကို ဒီအကြောင်းပြောပြီး အားလုံးအတုယူကြဖို့ ဆုံးမပါတယ်။ ပြီးတော့မှ “အေး ခုလို အများသူငါသွားတဲ့ လမ်းတို့၊ ရေတွင်းရေကန် ရေအိုးစင်တို့၊ အရိပ်သစ်ပင်တို့ ဆိုတာ သတ္တဝါအားလုံးနဲ့ သက်ဆိုင်တာဖြစ်လို့ “မဟာသံဃိက”လို့ ခေါ်တယ်။ ရဟန်းသံဃာတို့နဲ့သာ ဆိုင်တဲ့ ရိုးရိုး “သံဃိက” ထက် ကျယ်ပြန့်တယ်၊ အဲလို နေရာမျိုးတွေကို ဖျက်ဆီးရင်လည်း ရိုးရိုး သံဃိကကို ဖျက်ဆီး တာထက်တောင် အပြစ်ကြီးတယ်၊

 ဒီလိုနေရာတွေကို ကောင်းအောင်ပြုရင်လည်း ရိုးရိုးသံဃိက ကုသိုလ်ထက် အကျိုးကြီးတယ် ” ဆိုပြီး ဆုံးမပါတယ်။ ဆရာသမားရဲ့ အဲဒီအဆုံးအမကြောင့်လည်း ဒီနေ့ အထိ လမ်းဆုံ လမ်းခွမှာ ရေအိုစင်တည်တာတို့၊ အရိပ်ရ သစ်ပင်စိုက်ပျိုးတာတို့လည်း အကျင့်ရပြီး ၀ါသနာ ပါနေခဲ့ ပါတယ်။

 --------------

 ငယ်ငယ်တုန်းက ကျောင်းမှာ ဦးနုပ်ဆိုတဲ့ ကပ်္ပိယကြီး တစ်ယောက် ရှိတယ်၊ အားလုံးကတော့ “ဘိုးလေးနုပ်” လို့ ခေါ်ကြပါတယ်၊ သူက မျက်စိ မမြင်ဘူး၊ မွေးတွင်းပါတော့ မဟုတ်ပါဘူး၊ တော်တော်ကြီးမှ မျက်စိကို စပါးနှံ ခတ်မိရာကနေ ဆေးမြီးတိုနဲ့ ဖြစ်ကတတ်ဆန်းကုရင်း ကွယ်သွားတာလို့ ပြောပါတယ်။ တောထဲတောင်ထဲ မသွားနိုင်တော့ အိမ်မှာပဲ ဆေးရိုးအငှါးထုပြီး ချို့ချို့တဲ့တဲ့ အသက်မွေးရတာပါ။

 ဥပုသ်သီတင်းနေ့တွေမှာတော့ ကျောင်းကို ဥပုသ် စောင့် မှန်မှန်ရောက် တယ်၊ အသက်ခုနှစ်ဆယ် နီးပါး လောက်ရောက်တော့ အလုပ်လည်း မလုပ်နိုင်ဘူး၊ သားသမီး တွေကလည်း လက်လုပ် လက်စားတွေဆိုတော့ မှီခိုသူ တစ်ယောက် အပိုကျွေးထားရတာကိုပဲ ခက်ခဲနေပုံရပါတယ်၊ ဒါနဲ့ ဆရာတော်က ကျောင်းမှာ ကပ်္ပိယအဖြစ်နေဖို့ ခေါ်ထား တာပါ။ ဆရာတော်ကသူ့အတွက် မီးတင်းကုတ် ခေါင်းရင်းနဲ့ တဆက်တည်း ကွပ်ပျစ်ကလေး သပ်သပ်ရပ်ရပ် လေလုံ မိုးလုံနဲ့ လုပ်ပေးထားပြီး နေစေပါတယ်၊ ညနေရောက်ရင် ကိုရင်ကြီးတွေက ရေနွေးကျိုတဲ့ ခရားထဲမှာ ရေအပြည့် ထည့်ပေးထားပြီး မီးဖိုနားမှာ မီးပျိုးစရာ ထင်ခွဲခြမ်းလေးတွေ အသင့်လုပ် ပေးထားရတယ်၊ နံနက်စော ဆိုရင် ကပိ်္ပယကြီးက သူ့ဟာသူ မီးပျိုး ရေနွေးကျိုပြီး အသင့်ဖြစ်နေပြီ၊ ကိုရင်ကြီးတွေက နံနက် စောစော အိပ်ယာ ထရတဲ့ ဒုက်္ခလွတ်သွားလို့ ကပိ်္ပယကြီးကို ခင်မင်ကြည်ဖြူ ကြပါတယ်။

ဘိုးလေးနုပ်ဟာ ကျောင်းမှာ ကပိ်္ပယအဖြစ်နဲ့ နေက တည်းက ရှစ်ပါးသီလ အမြဲစောင့်ပါတယ်၊ သူ့ကို တစ်ကျောင်းလုံးကရော ရွာနီး ချုပ်စပ်ကပါ လေးစား ခင်မင်ရတဲ့ နိစ္စဓုဝ ကုသိုလ်တစ်ခုလည်း အမြဲတမ်း ရှိတယ်။ မိမိတို့ကျောင်းဝန်း အတွင်းမှာက ရှေးကဆောက်ခဲ့တဲ့ ကိုးခန်း, ဆယ့်တစ်ခန်း ကျောင်းအိုကြီးတစ်ဆောင်ရှိတယ်။ မိမိတို့ ကိုရင်ဝတ်တော့ အဲဒီကျောင်းကြီးရဲ့ သက်တမ်းက ကိုးဆယ်ကျော်နေပြီ၊ လေပြင်းပြင်းတိုက်ခတ် လိုက်ရင် ပြိုလဲမည့်အခြေအနေ ရောက်နေပြီဖြစ်လို့ ကျောင်းကြီးရဲ့ မြောက်ဘက်မှာ ကျောင်းသစ်တစ်ဆောင် ဆောက်ထားတယ်၊

 အဲဒီမှာပဲ ရှေးကပူဇော်ထားတဲ့ ဆင်းတုတော်ကြီးတွေကိုပါ ရွေ့ပြောင်းပြီး အားလုံးနေကြ ပါတယ်။ ရွာကနေ ကျောင်းကို လာသူများအနေနဲ့ ကျောင်းအိုကြီးရဲ့ ခြေရင်းပိုင်းကနေ ကျောင်းဆောင်သစ် အထိ အလျားကိုက် တစ်ရာလောက်နဲ့ အနံကိုက်နှစ်ဆယ် ကျော်လောက်ရှိတဲ့ ကွက်လပ်ကိုဖြတ်ပြီး လာကြရပါတယ်၊ တောင်ရွာ မြောက်ရွာ ကူးသန်းသွားလာကြသူတွေလည်း ဒီကွက်လပ်ကပဲ ဖြတ်သွားကြရတာပါ၊ မိုးတွင်း ရောက်ပြီ ဆိုရင် မုန်ညင်းမြက်ပင်တွေနဲ့ ဆူးပန်းတောင်းပင်စတဲ့ ပေါင်းပင်တွေ ပေါက်လေ့ရှိပါတယ်၊

 ၀ါတွင်းဆိုရင် အဖိတ်နေ့ ညနေပိုင်းနဲ့ ဥပုသ်နေ့နံနက်ပိုင်းတွေမှာ ကိုရင် ကျောင်းသားတွေက ဒီပေါင်းပင်တွေကို ရှင်းကြရလို့ ဆော့ကစားချိန် နည်းကြတဲ့အတွက် အလွန်းညည်းကြပေါ့။ ဘိုးလေးနုပ် ကပိ်္ပယအဖြစ် ရောက်လာပြီး ကတည်းက နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပေါင်းတော ကြီးကို တစ်နေ့ တစ်ပိုင်းချင်း မှန်မှန်ရှင်းလို့ ဥပုသ်နေ့ ရောက်ရင် ကွက်လပ်က ရှင်းပြီးဖြစ်နေပြီ၊ ဥပုသ်ထွက်နေ့ ရောက်တော့ ပထမစရှင်းတဲ့ နေရာကနေ ပြန်စရှင်းတော့ တာပဲ၊ ဥပုသ်တစ်ပတ်နဲ့ ကွက်လပ်ရှင်းပြီးတာနဲ့က ကွက်တိပဲ။ ဘိုးလေးနုပ် ပေါင်းထိုးတာနဲ့ ပတ်သက်လို့ လူတိုင်း အံ့သြရတာ တစ်ခုလည်းရှိသေးတယ်၊ သူက တစ်နေရာထိုင်လိုက်ပြီးရင် သူ့လက်နဲ့ တကမ်းမှီရာ ပတ်လည်ကို လက်နဲ့ အသေအချာစမ်းပြီး ပေါင်းတစ်ပင်မျှ မကျန်ရအောင်ထိုးတာ၊ ပြီးရင် ပေါင်းမှိုက်ကို လက်နဲ့ အသေအချာစုပြီး အပုံလေးလုပ်ထားလိုက်တယ်၊ လက် တကမ်း စာထိုးပြီးတိုင်း အဲဒီလို ပုံထားတာဆိုတော့ သူပုံ ထားတဲ့ ပေါင်းမှိုက်ပုံလေးတွေက အရွယ်တူ လေးတွေ အတန်းလိုက်လိုဖြစ်နေတော့ဒါကိုး ..၊

 ဒါကိုကြည့်ပြီး လူတိုင်းက အံ့သြချီးကျူးကြတာပဲ။ ကပ်္ပိယကြီးက နေ့တိုင်းလည်း ဥပုသ်ဆောက်တည် ထားတယ်ဆိုတာ သိလာကြတော့ ဖြတ်သွား ဖြတ်လာ တချို့က ညနေပိုင်းဆိုရင် ထန်းလျှက် ခဲလေးတွေ ယူယူ လာပြီး ပေးကြလို့ ညညကျ သူ့နားလာကြတဲ့ ကိုရင်တွေ ကိုတောင် သူက ထန်းလျှက်ခဲလေးတွေ လှူနိုင်လိုက် သေးတယ်။ ကပ်္ပိယကြီး ဆုံးပါးသွားတဲ့အခါမှာလည်း မှတ်မှတ်ရရ ပြောစမှတ် တွင်ခဲ့ပါတယ်၊ သူ့ကို သင်္ဂြိုဟ်တဲ့ အခါမှာ ရပ်နီးရပ်ဝေး သာရေးနာရေး အဆက်အသွယ်ရှိတဲ့ ကျောင်းတွေက ကျောင်းထိုင် ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ချီးမြှင့်ကြသလို တောင်ရွာ မြောက်ရွာကလည်း အိမ်စေ့လူကုန်နီးပါး လိုက်ပါပို့ဆောင်ကြပါတယ်။

 လူကြီးတွေ ပြောကြတာကတော့ သူတို့ တစ်သက်တာမှာ သူကြီးတို့ မျက်နှာကြီးတို့ဆိုတဲ့ အသုဘတွေ မှာတောင် ကပ်္ပိယကြီးရဲ့ အသုဘလောက် ထေရ်ကြီးဝါကြီး ဆရာတော်တွေစုံတာနဲ့ လူစည်ကားတာမျိုး တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ ကုသိုလ်ရေးနဲ့ပတ်သက်လို့ ဟိုလို ဒီလို ဆင်ခြေ ဆင်လက်တွေပေး သံကြားရတိုင်း ကပ်္ပိယကြီး ဘိုးလေးနုပ် ကိုလည်း အထူး သတိရမိပါတယ်။ စွမ်းနိုင်သမျှ ကျက်သရေ ဆောင်တတ်ကြပါစေ။

 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)