Friday, June 1, 2018

"ဇီဝက-၃"

"ဇီဝက-၃"

အဲ့ဒီတော့ ဆေးတက္ကသိုလ်ကျောင်းသားတွေဆိုတော့ ငါက Story -လေးတစ်ခုတော့ နည်းနည်းပြောချင်သေးတယ်။ ဘာလဲဆိုတော့ မင်းတို့ သိတယ်။ ဘုရားရှင်လက်ထက်က ဆေးသမားကြီး ဘယ်သူလဲ? နာမည်ကြီးတာ။ "ဇီဝက"-ပါဘုရား။ ဇီဝကအကြောင်း မင်းတို့ ပါမောက္ခတွေက-ပို့ချတာ ရှိသလား။ ငြိမ်သွားတယ်။အေး ပါမောက္ခတွေက မပို့ချရင် သီတဂူဘုန်းကြီးလေး ပို့ချမယ်ကွာ။ ဇီဝက- ဒီစာလုံးဖတ်စမ်း။ဇီဝက။ က-ချန်ပြီးတော့ဖတ်။ဇီဝ-ဆိုရင် အသက်ပဲမို့လား။ မင်းတို့သင်နေတယ်လေကွာ။


ဇီဝဗေဒ-တို့ ဘာတို့။ ဇီဝတီတိ- ဒါပါဠိတွေ မင်းတို့ မသိတော့ဘူး။ အသက်ရှင်သေးလား? အသက်ရှိသေးလား? ဟာ အသက်ရှင်နေသေးတယ် မသေးသေးဘူး။ အဲ့ဒါကြောင့် သူ့ခေါ်တယ်တဲ့ - ဇီဝကော။ Story -က သိပ်စိတ်ဝင်စားစရာကောင်းတယ်။ အသက်ရှင်နေသေးလားလို့ မေးယူရတယ်။ အဲ့ဒါကြောင့် သူကို ဇီဝက-လို့ နာမည်တွင်သွားတယ်။

 အသက်ရှင်သေးလားဟေ့လို့ မေးတာက ဘယ်သူလဲဆိုတော့ ဗိမ္မိသာရမင်းကြီးရဲ့ သားတော် မင်းသား - အဘယမင်းသားက မေးတာ။ မဂ္ဂတိုင်း ရာဇဂြိုဟ်မှာ အုပ်စိုးတဲ့ မင်းကြီး ဗိမ္မိသာရ၊ သူ့သားတော်ကမေးတာ။ မနက်စောစောလမ်းလျှောက်ထွက်တာ။မနက်စောစော လမ်းလျှောက်ထွက်တော့ အမှိုက်ပုံကြီးတစ်ပုံ အိန္ဒိယပြည်က အမှိုက်ပုံ သိပ်ပေါတာ အခုထိ ပေါတုန်းပဲ။ ဗမာပြည်လည်း အိန္ဒိယတော့ မမှီဘူး။

 ဒါပေမယ့် အမှိုက်ပုံတော့ တော်တော်ပေါတယ်။အမှိုက်နဲ့ ပတ်သက်ရင်တော့ ဘယ်တိုင်းပြည်မှ မမှီတာကောင်းတယ်။ အမှိုက်ပုံကြီးမှာ ကျီးကန်းတွေ ဝိုင်းပြီး ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေတာ။ အဲ့ဒါကို လမ်းလျှောက်ထွက်တဲ့ အဘယ-မင်းသားက နောက်ကပါလာတဲ့ လုံခြုံရေးတပ်သားတွေကို မေးတယ်။ "ဟေ့ကောင်တွေ သွားကြည့်စမ်း ဘာလဲ ဟိုမှာ ကျီးတွေဝိုင်းနေတယ်။"

သွားကြည့်တော့ "ဟာ ကလေးလေး" ။ မွေးကင်းစ ကလေးလေးကို အမှိုက်ပုံထဲ ပစ်ထားတာ။ ကမ္ဘာကြီးမှာ ဒါမကြာမကြာ ဖြစ်နေကြတယ်နော်။ အမှိုက်ပုံထဲပစ်ထားတာ။ အဲ့ဒါကို ကျီးတွေက ဝိုင်းထိုး။ လက်ကလေးလှုပ်လိုက် ခြေကလေးလှုပ်လိုက်လုပ်တော့ ကျီးတွေက နောက်ဆုတ် တွန့်ဆုတ်ဖြစ်နေတာ။ အဲ့ဒါနဲ့ ကလေးလေးပါမင်းသားရေ-ဆိုတော့မှ - " ဇီဝတီတိ- အသက်ရှင်သေးလား ?" မေးတာ။ဇီဝတီတိ ပုစ္ဆာတိပေါ့။ သို့မဟုတ်လည်းပဲ ဇီဝတီတိ ပုစ္ဆာတောပေါ့။

အသက်ရှင်သေးလားလို့ မေးတဲ့အခါ။သွားကြည့်တဲ့သူတွေက ဇီဝတိ ဇီဝကော-အသက်ရှိသေးတယ်။ အဲ့ဒီအမေးနဲ့ အဖြေကို အကြောင်းပြုပြီးတော့ပေါ့။ ဟိုက ဇီဝတိ -အသက်ရှိသေးတယ် ဆိုတော့ ဟာအဲ့ဒါဆိုကောက်ဟေ့မွေးရအောင်ဆိုပြီး ဖြစ်တာ။ အဲ့ဒီ ဇီဝတိ- ကိုအကြောင်းပြုပြီး ဇီဝက-ဖြစ်တာ။ အဲ့ဒီအမှိုက်ပုံက ကောက်မွေးတဲ့ကလေးဟာ ဧတဒဂ်- ရတဲ့ ဆရာဝန်ကြီး ဖြစ်သွားတယ်။ ဘဝမှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ အထင်သေးလို့ မရဘူး။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ရှုံ့ချလို့လည်း မတော်ဘူး။ အသက်ရှင်သေးတယ် ဆိုတော့ အဘယ-မင်းသားက ကောက်မွေးလိုက်တာ။ ကံကောင်းလိုက်တာ မင်းနန်းတော်ရောက်သွားတယ်နော်။ မင်းနန်းတော်သာ မရောက်ဘူးဆိုရင်တော့ဘဝက စဉ်းစားစရာ မရှိဘူး။

 ကျွန်းတစ် ကျွန်း အလိုလိုတည်ဆောက်ပြီးသားဖြစ်သွားတယ်မို့လား။ မင်းနန်းတော် မရောက်ရင်တော့ ပင်လယ်ထဲက လှိုင်းပုတ်လို့ ဝဲစုပ်လို့ မုန်းတိုင်းထန်လို့ ဒုက္ခပင်လယ်ထဲမှာ ဒီကလေးဘဝဟာ စဉ်းစားလို့ မရအောင် စိုးရိမ်စရာ ရှိတယ်။ အခုတော့ ဘုရင်သားတော်က ကောက်ပြီးတော့ မွေးထား။ အဲ့ဒါ ဒီကလေးကို ဘယ်သူပစ်လိုက်တာလဲလို့ဆိုတော့ သာလဝတီ-ဆိုတဲ့ အမျိုးသမီးက ပစ်လိုက်တာ။ စာထဲမှာ ပါတယ် အမေနာမည် သာလဝတီ-တဲ့။ သာလဝတီ-ဆိုတာ ဘာလဲလို့ မေးရင်နော် ဖြစ်ရပ်က သိပ်မကောင်းဘူး။ နည်းနည်း နုပ်တယ်။ဒါပေမယ့် Story ကို ချန်မထားချင်လို့ ဘုန်းကြီးတို့ ပြောပါရစေ။ သာလဝတီ-ဆိုတာ ရှေးတုန်းက ခေါ်တယ်။ ပြည်-တန်-ဆာ။ တိုင်းပြည်စည်ကားအောင်လို့ အရပ်ရပ်က လူမျိုးစုံလာအောင်လို့ အဲ့ဒီလို လက်ရွေးစဉ် ချောချောလှလှ တွေကို၊ မွေးပြီးတော့ အိမ်ကြီး ရာကြီးနဲ့ထားတာ။ ဘာခေါ်လဲ ပြည်တန်ဆာ။ စိတ်ညစ်စရာကြီးနော် ဖြစ်ပုံတွေ။ ကမ္ဘာ့သမိုင်းမှာ ဒါတွေ ရှိတယ်။ ဝေသာလီပြည်ကြီး စည်ကားလိုက်တာ ပြည်တန်ဆာတွေ ပေါတာကိုး။ ရာဇဂြိုဟ်က ခြောက်ကပ်နေတယ် စည်းကားအောင်လုပ်မယ်။ အမယ် စီမံကိန်းဆွဲတာ ဘယ်လောက်ခေါင်းချောင်တဲ့ လူကြီးတွေလဲဆိုတာ။

 ဝေသာလီက စည်ကားနေတယ်။ဒို့လည်း စည်ကားအောင်လုပ်ကြစို့ ဆိုပြီး ပြည့်တန်ဆာအိမ်ထောင်လိုက်တာ။ သာလဝတီ-ပြည့်တန်ဆာလည်း ဆိုရော ဟာ ရာဇဂြိဟ်လည်း စည်ကားသွားတယ်။ ပဋိသန္ဓေတားဆေးတို့ ကိုယ်ဝန်တားဆေးတို့ မရှိသေးတဲ့ခေတ်နဲ့ တူပါရဲ့။ သာလဝတီ-ကိုယ်ဝန်ရတာ။သာဝတီ ကလည်း ပြည်တန်ဆာဆိုတော့ ရာဇဂြိုဟ်က လူတွေစည်လို့ ၊ဒါပေမယ့် Appointment ယူလိုက်ပြီဆိုရင် ဘုရင်သားတော်တွေချည်း အသွားများတယ် အဲ့ဒီအိမ်ကို။ ဒီပြင်အိမ်တွေတော့ ဒီပြင်လူတွေသွားပေါ့လေ။ အဲ့ဒီသာလဝတီ-သိပ်ချောတယ်။

အဲ့ဒီအိမ်ကို ဘုရင်သားတော်တွေချည်း သွားတယ်။ အသွားအများဆုံးက အဘယ-မင်းသား။ ဒီကနေ့ပဲ စေ့စေ့စပ်စပ် (၃)ခေါက်လောက် ဖတ်ကြည့်တယ်။ ကျမ်းစာအုပ် (၄)အုပ်လောက် ဖတ်ရတယ်။ အဲ့ဒီတော့မှ တရားခံက သူပဲ သွားတွေ့တာ။တရားခံက အဘယ-မင်းသား။ လမ်းလျှောက်ထွက်ရင်း ဒီကလေး သူတွေ့လို့ ကံကောင်းတာပေါ့ဗျာ။ ကလေး-ကံကောင်းတယ်။ဟေ့ မွေးထား မွေးထား-ဆိုတော့ သူချည်း အသွားများတာ။ ဘုန်ကြီးတို့ အဋ္ဌကထာရှိတယ်။အင်္ဂုတ္တရ အဋ္ဌကထာမှာ။ အဘယမင်းသားနဲ့ ရတဲ့ကလေးဟာ အဘယ-မင်းသားပဲမွေးရတယ်မို့လား။ ဒီတော့ တိုအောင်ချုံးလိုက်။ရှေးက လုပ်ပုံလုပ်နည်းတွေနော် ဒီကနေ့လည်းပဲ အဲ့ဒါမျိုး စိတ်ကူးပေါက်တဲ့ လူတစ်ချို့  တိုင်းပြည်မှာ ဘုန်းကြီးတို့ သီတင်းကြားဖူးတယ်။

ဒါတွေ တရားဝင်လုပ်ပေးလိုက်ရရင် မကောင်းဘူးလားဆိုတဲ့ လူမျိုးတွေရှိတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သိပ်စည်ကားနေတာ သိတယ်လေ။ ဘာဖြစ်လို့လဲ ပြောမကောင်းဘူးထားလိုက်တော့။ ဗမာပြည်လည်း စည်ကားချင်သလား? တွေ့ရာတွေ လျှောက်မစဉ်းစားနဲ့။ အဲ့ဒီတော့ အဘယ-မင်းသားသည်ကောက်၍ မွေးမြူပြီးတော့ ကြီးပြင်းလာတဲ့ ဒီကလေးသည် အဘယ-မင်းသားက အသက်ရှင်သေးလားဟေ့လို့ မေးလို့ "ဇီဝက" - လို့ အလိုလိုု တွင်သွားတဲ့ ဒီကလေး။

အရွယ်ကလေးရောက် (၁၂)နှစ်လောက် ဘုန်းကြီးတို့ ခန့်မှန်းကြည့်တယ်။ အရွယ်ရောက်တော့ ကလေးတွေ မင်းသားကလေးတွေနဲ့ အတူတူ ကစားရင်းနဲ့ ကစားဖော် ကစားဖက်တွေက သူ့ကိုပြောတယ် အ ပီတိ ကော၊ အ မာတိ ကော- အဖေမဲ့ အမေမဲ့ကောင်။ ဒီလိုရှုတ်ချတာ။ အဲ့ဒါကို မခံမရပ်နိုင်ဖြစ်ပြီးတော့ မျက်ရည်ကျပြီးတော့ သူ့မေးတဲ့ အဘယ-မင်းသားကို သွားမေးတာ။ "ကျုပ်အဖေ ဘယ်သူလဲ ကျုပ်အမေ ဘယ်သူလဲ?" အဖေ-ဘယ်သူလဲ မင်းတို့ မပြောရဲဘူး။

သူပဲ ဒီပြည်တန်ဆာအိမ် ခဏခဏ သွားနေတာလေ။ ကောက်မွေးတာလည်း ဘယ်သူလဲ -သူပဲ။ အဲ့ဒီတော့ အဖေက မင်းအမေက-သာလဝတီပဲကွာလို့ သူပြောမလား။ မပြောဘူး စိတ်ထိခိုက်မှာစိုးလို့ "ငါလည်း အမှိုက်ပုံထဲက ကောက်ပြီးမွေးထားတာပဲကွာ"။ ဒါလေးပဲ ကွက်ပြောတယ်။ ကျေနပ်ရမလား မကျေနပ်ရဘူးလား ကိုယ့်ဘာသာကို စဉ်းစား။ အဲ့ဒီတော့ ဇီဝက-က အေးကွာ ငါ့ဘဝက နုံချာလိုက်တာ။ ဒီလောက်နုံချာတဲ့ဘဝမှာ မွေးလာတဲ့ငါဟာ အဖေလည်း မသိ အမေလည်း မသိ။အမှိုက်ပုံက ကောက်မွေး မင်းသားမွေးလို့ တော်သေးရဲ့။ ဆင်းရဲသားကောက်မွေးရင် ငါဘာဖြစ်မလဲ မသိဘူး။ သူ့မွေးစားအဖေကို ခွင့်တောင်းတယ်။သူက မွေးစားအဖေထင်နေတာ။ တကယ်က အဖေအရင်းကြီး။ကျုပ်ကို တက္ကသိုလ်ပို့ပါ။

 ပြောဟေ့ ဘယ်တက္ကသိုလ်လည်း။မင်းတို့မပြောတတ်ဘူး။ တက္ကသီလာ-ဆိုတဲ့ ပါဠိပုဒ်၊အဲ့ဒါနာမည်က ကျောင်းနာမည်မဟုတ်ဘူး။ မြို့နာမည်။တက္ကသီလ-ကို တက္ကသိုလ်လို့ ခေါ်တာ ဗမာပြည်က ပါဠိဆရာတော်တွေ ဆရာတွေ၊ဂန္ဓာရ-တိုင်းရဲ့မြို့တော် တက္ကသီလာ။ အဲ့ဒီ တက္ကသီလာ-မှာ ဂရိက ရောမက ဇမ္ဗူဒီပါက ပညာရှိတွေ စုပြီးတော့ ပညာရောင်းတဲ့မြို့။ Oxford တို့ Harvard -တို့လို မသင်ကြားသော ပညာမရှိသော တက္ကသိုလ်ကြီး။အဲ့ဒီလို ပညာမျိုးစုံ အကုန်သင်တဲ့ မြို့ကြီးတစ်မြို့။ တစ်မြို့လုံး တက္ကသိုလ်ကြီးပဲ။အဲ့ဒါကြောင့် မြို့နာမည်ကို ခေါ်လိုက်တာ တက္ကသီလာ။ မြို့နာမည် ကျောင်းနာမည် မဟုတ်ဘူး။ ဂန္ဓာရ-တိုင်း။အဲ့ဒါ ဘယ်မှာလဲလို့ မေးခဲ့ရင် ပါကစ္စတန်ကိုပြောတာ။ ဒီကနေ့ ပါကစ္စန်ဟာ ဂန္ဓာရတိုင်း။မြို့တော်က တက္ကသီလာ။ ဒီကနေ့ မြို့တော်က အစ္စလာမ္မာဘတ်- ဟိုတုန်းက ကလာချိ- ကလာချိက ပင်လယ်ကမ်းခြေမှာ။ ကလာချိကနေပြီးတော့ အစ္စလာမ္မာဘတ်-ဆိုပြီးတော့ တောင်ခြေပြောင်းသွားတယ်။

အဲ့ဒီ အစ္စလာမ္မာဘတ်မြို့ကနေ အနောက်တောင်ရွန်းရွန်း ကီလိုမီတာ(၅၀)လောက်သွားလိုက်ရင် အဲ့ဒီ တက္ကသီလာ-ဆိုတဲ့ မြို့ဟောင်းကိုရောက်တယ်။ ကုလားတွေက တက္ကသီလာ-လို့ ဗမာလို မဖတ်ဘူး။ တက္ကရှီလာ-လို့ ဖတ်တာ။ ဗုဒ္ဓရှင်တော်ရဲ့နောက်မှာ မိုဟာမက်က နှစ်(၁၀၀၀) ကျော်ကျော်လေးနောက်ကျတယ်။ ဒါလွယ်အောင်မှတ်ထား။တကယ်တော့(၁၁၇၀)။ ဒါဆို မိုဟာမက်ရဲ့ ဘာသာတရားမရောက်လာမှီ ရှေ့နှစ်(၁၀၀၀)လောက်က အဲ့ဒီ ဂန္ဓာရ-သည် ဗုဒ္ဓဘာသာနိုင်ငံကြီး။ သွားကြည့် တက္ကသီလာ-မြို့ဟောင်း တပတ်လည် ကျောင်းပျက် ဘုရားဆင်းတုပျက်တွေ ရှု့မျှော်လို့ မဆုံးအောင် ရှိတယ်။ပုဂံ-အတိုင်းပဲ။ တောင်တွေ တောင်တွေရဲ့ထိပ်မှာ စေတီပျက်တွေ ဘုရားပျက်တွေ အများကြီး။ပက်ရှဝါ- ရှေးတုန်းက ပေါက္ခတဝတီ-ဆိုတဲ့ မြို့ဟောင်း။ဗုဒ္ဓဘာသာမြို့တော်ကြီး။ဘုန်းကြီးတို့ (၃)ခေါက်သွားပြီးပြီ။ အဲ့ဒီသမိုင်းကြောင်းတော့ ခနထား။ အဲ့ဒီသမိုင်းကြောင်းက တခြား Subject နဲ့ပြောရမှာ။ အဲ့ဒီတော့ ဘယ်တက္ကသိုလ်သွားတာလဲလို့မေးရင် တပည့်တွေ ရပြီနော်။ ဂန္ဓာရတိုင်းရဲ့မြို့တော် တက္ကသီလာ-ကို သွားတာ။

ဟိုရောက်တော့ ဘာသွားသင်လဲဆိုတော့ အဂျင်္င်နီယာတန်းတွေ ကွန်ပြူတာတန်းတွေ သွားမသင်ဘူး။ဆေးပညာသင်တာ။ ဆေးပညာသင်တယ် (၇)နှစ်ကြာတယ်။ ဆေးအတတ်ကောင်းကောင်းကြီး တတ်တယ်။ အဲ့ဒီတော့ စာမေးပွဲဘယ်လို စစ်သလဲလို့မေးရင် တက္ကသိုလ်ကျောင်းအုပ်ဆရာကြီးက တက္ကသိုလ်ကျောင်းအုပ်ဆရာကြီးကို ရှေးတုန်းက ခေါ်တယ် ဒိသာပါမောက္ခ- ဟေ့တပည့် မင်း ဆေးပညာအကုန်တတ်ပြီလို့ပြောတယ်။ တကယ်ဟုတ်မဟုတ် ငါစမ်းမယ်။ တူရွင်းတစ်ချောင်းယူသွား။တက္ကသီလ-မြို့ တစ်ပတ်လည် တောတွေတောင်တွေထဲ လျှောက်သွား။သစ်မြစ်တွေ တူးကြည့် သစ်ဥတွေ တူးကြည့်။ ဆေးအဖြစ် အသုံးမဝင်သော သစ်ဥနဲ့သစ်မြစ်တွေ့ရင် ငါ့ဆီယူလာခဲ့။ ဆေးအဖြစ်အသုံးဝင်ရင် ယူမလာနဲ့ အသုံးမဝင်တာပဲ ယူခဲ့။ ဒီတော့ ဇီဝက-ထွက်သွားပြီး။ တောထဲ အမြစ်တွေ တူး၊ ဥတွေတူး၊ တူးကြည့်လိုက် ဟ ဒါလည်းဆေးပဲ ဒါလည်းဆေးပဲ ဒီဥလည်း ဆေးဘက်ဝင်တယ်။ ဒီအမြစ်လည်း ဆေးဘက်ဝင်တယ်။ ပြန်လာတော့ တူရွင်းလေးထမ်းပြီး တော့ပြန်လာ ဟိုမှာ ဆေးမြစ် ဘာဆေးမြစ်မှ ပါမလာဘူး။

ဆရာကြီးက ဟေ့-မင်း ဆေးဘက်မဝင်သောအပင် တစ်ပင်မှ မတွေ့ဘူးလား။ တပင်မှ မတွေ့ဘူး။ အပင်တိုင်း အပင်တိုင်းဟာ အားလုံးဆေးဘက်ဝင်တယ်။ ဥတိုင်းအမြစ်တိုင်း အားလုံးဆေးဘက်ဝင်တယ်။ ကဲသင်ကြဟေ့ ဆေးတက္ကသိုလ်က ဗိုလ်လောင်းတွေ မင်းတို့ဆေးဖော်နည်းကို မသင်ဘူး သူများဖော်ပြီးသားဆေးကို ဖတ်ပြီးတော့ ဆေးပေးမှာ မို့လား။နည်းနည်းလေးပဲ ကွာတယ်။(ပြုံးတော်မူလျှက်) ဆေးပညာ အဲ့ဒီလောက်ထိ တတ်တယ် ဇီဝက။ပြီးတော့ ပြောဦးမယ်။ Story -လေးတစ်ခု နှစ်ခု ရှိတယ်။ခွဲစိတ်ကုသတဲ့ ပညာလည်း ကောင်းကောင်းတတ်တယ်။ ကဲ ဆေးဘက်မဝင်သောအပင် အသုံးမဝင်သော အပင်ကို တစ်ပင်မှ မတွေ့ဘူးဆိုရင်တော့ မင်းဆေးပညာတကယ်တတ်ပြီး။

 ရော့ PhD၊ MBBS မဟုတ်ဘူး။ အဲ့ဒီလောက် တတ်တဲ့သူ PhD ပေးမှ ဖြစ်မယ်မဟုတ်လား။ အဲ့ဒီတော့ PhD ပေးလိုက်တယ်။ အဲ့ဒါတော့ ငါ့ထည့်ပြောတာ စာထဲမပါဘူး။ (ပြုံးတော်မူလျှက်) PhD-ကို (၁၀)ဘွဲ့လောက် ပေးဖို့ကောင်းတယ်။ဒီလိုလူမျိုးကို မြင်သမျှ သစ်ဥ သစ်ဖုကို ဆေးဖော်တတ်တဲ့ လူတစ်ယောက် ရတယ်လေ မကောင်းဘူးလား။ လူတွေဟာ ဒို့တိုင်းပြည်မှာ အဲ့လို လူမျိုးလိုုနေတာ။ အခုတော့ ဟိုဆေးတွေ နိုင်ငံခြားကချည်း ဝယ်နေရတာ။ BBI -ကလည်း ဗဘလက်ထက် ပိုပြီး သူလည်း မထုတ်နိုင်ဘူး။ (ပြုံးတော်မူလျှက်) ဗဘလက်တို့ ကိုတာနင်တို့ ကိုတာနင်-ထုတ်သေးလား မသိဘူး။ ကိုင်းရှိပါစေတော့ အခု ကိုတာနင်-မရှိတော့ ပါရာစီတမော-တို့ ဖြစ်သွားပြီ။ တက္ကသိုလ်မှာ 7-years ပဲ ကြာတဲ့ ဇီဝက၊ မင်းတို့လည်း 7-years ပဲမို့လား။ သူ့ရဲ့ 7-years က ဘယ်အပင်မျိုးကို မဆိုဆေးဘက်ဝင်အောင် သုံးတတ်သွားပြီးနော်။ ဆေးပညာမှာ ဒီလောက်တတ်တယ်။ ဘယ်ကလာတဲ့ လူ-လဲ။ နတ်ပြည်က လာတဲ့လူလား။ ဘဝပင်လယ်မှာ ဆိုရင် ကျွန်းဆောက်ပြီ။ကောင်းကင်ဘုံကြီးကို ဖန်ဆင်းဖို့သူပြင်နေပြီဆိုတာ မင်းတို့ သဘောထားရမယ်။စဉ်းစားထား။

 ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

၂၃.၁၁.၂၀၁၇ ရက်နေ့က တပ်မတော်(ဆေး) တက္ကသိုလ်တွင်ဟောကြားခဲ့သော "ဇီဝကတရားတော်

" အပိုင်း(၄) ဆက်ရန်

ဤဓမ္မဒါနအား အသံဖိုင်မှ ပူဇော်ရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။

 ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

 _/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

 Credit --- Pay Thoe