Friday, June 1, 2018

"ဘဝပင်လယ်တွင် ကျွန်းဆောက်တည်ခြင်း"

"ဘဝပင်လယ်တွင် ကျွန်းဆောက်တည်ခြင်း"

ဒီကနေ့ တပ်မတော်ဆေးတက္ကသိုလ်က တရားပွဲကျင်းပတာဟာ ဘာလုပ်တာလဲလို့မေးရင်တော့ အင်္ဂုလိမာလ-တက္ကသိုလ်ကျောင်းသား ဟောင်းကြီးပြောသလို ကောင်းမှုနဲ့မကောင်းမှုကို သိဖို့ပါပဲ။ မဟတ္တမဂန္ဒီကြီးပြောသလိုဆိုလို့ရှိရင် အမှန်တရားသိဖို့ပဲ။ အဲ့ဒီတော့ ဒီကနေ့ ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ပြောပြမယ်။ ဓမ္မပဒ-ဆိုတဲ့ ဒီစာအုပ်ထဲမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ။
ဥဋ္ဌာနေနပ္ပမာဒေန ၊ သံယမေန ဒမေန စ- ကောင်းလိုက်တာ။ ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။ ဘဝဆိုတာ ပင်လယ်နဲ့တူတယ်။မုန်တိုင်းလည်း ထန်တယ်၊ ရေလှိုင်းလည်းထန်တယ်။ဟိုဘက်ကမ်းဆိုတာလည်း ကြည့်လို့မြင်လို့ကိုမရအောင် ကျယ်ပြောတယ်။ ဆေးတက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေကို ပန်းတိုင်ကဘာလဲလို့မေးရင် မင်းတို့ဖြေဖို့တော်တော်ခက်မယ်။

 စာမေးပွဲအောင်ခြင်းဟာ Golden Destination လားမေးရင် အဲ့ဒီမှာ ပိုရှုပ်သွားမယ်။ ပန်းတိုင်းဟာ ဘာမှန်းမသိဘူး။ ဟာစစ်ဗိုလ်ကြီးကြီးဖြစ်ဖို့လား ? အဲ့ဒါနဲ့ကော လုံလောက်ပြီလား နောက်ထပ်ဘာဖြစ်ချင်သေးလဲ? ဘာတွေ ရချင်သေးလဲမေးရင် အဖြေတော်တော်ခက်မယ် ဘာနဲတူလဲ ပင်လယ်ရဲ့ဟိုဘက်ကမ်းကို မမြင်ရသလိုပဲ။ဘဝပင်လယ်မှာလည်း Destinationကို ဆုံးဖြတ်ချက် ဘယ်သူမှ မချနိုင်ဘူး။ အဲ့လို ဘဝပင်လယ်ထဲသွားနေတဲ့ ခရီးသည်တွေ၊ ဘဝခရီးသည်တွေ၊အခုမှ ခရီးစရုံပဲ ရှိသေးတယ်လို့ ဆိုရင် ကျောင်းသားတွေအတွက် မမှားဘူး။

 ကျောင်းသားဘဝက လွတ်မြောက်ပြီးတော့ နိုင်ငံတာဝန်ထမ်းနေတဲ့ အဆင့်ရောက်နေတဲ့ အရာရှိတွေ အရာရှိကြီးတွေ အတွက်ဆိုလို့ ရှိရင် တော့ ခရီးလျှောက်တာ တော်တော်ရောက်ပြီလို့ ပြောရမယ်။ ဘယ်တော့ ခရီးဆုံးမလဲဆိုရင်တော့ မပြောနိုင်ဘူး။ အဲ့ဒီတော့ မတော်တဆ ဘဝပင်လယ်မှာ မုန်တိုင်းများ ထန်ခဲ့ရင် ကိလေသာ-သောင်းကျန်းတာကို မုန်တိုင်းထန်တယ်လို့ပြောချင်တယ်။ ကိလေသာ-မသောင်းကျန်းနဲ့။ကိလေသာ(၁၀)ပါးရှိတယ်။ အသေးစိပ်ပြောဖို့ အချိန်သိပ်မရှိဘူး။ လောဘတွေမသောင်းကျန်းစေနဲ့ ဒေါသတွေ မလွန်ကဲစေနဲ့။မောဟတွေ မလွန်ကဲစေနဲ့။ အဓိက သုံးလုံး။ နောက်တစ်ခါ-ဝဲ။ ပင်လယ်ကြီးထဲ ခရီးသွား တစ်ခါတစ်ရံ ဝဲ-တွေ့ချင် တွေ့မယ်။ ဝဲ-ဆိုတာ လည်လည်ပြီး အထဲရောက်သွားရင်မြှပ်တာပဲ။ အဲ့ဒီ ဝဲက-ဘာကိုပြောတာလဲဆိုတော့ ကာမ-ကိုပြောတာ။

 ဘဝပင်လယ်ထဲ ဝဲမစုပ်စေနဲ့-ဆိုတာ ကာမဂုဏ်ကို အလွန်အကြူး မလိုက်စားနဲ့။လှိုင်းတန်ပိုးတွေကလည်း ထန်လိုက်တာ။ လှိုင်းတွေကလည်း တဝုန်းဝုန်းရိုက်တယ်။ (၁၅)ပေ ပေ(၂၀) လှိုင်းကြီးတွေ ပင်လယ်ထဲရိုက်သလိုပဲ ဘဝမှာလည်း လှိုင်းရိုက်တယ်နော်။ ဘဝရဲ့လှိုင်းက ဘာတွေလဲဆိုရင် အာရုံ(၅)ပါး။ အဲ့ဒီတော့ ကိုယ်လှော်ခပ်ပြီးတော့ သွားနေတဲ့ကိုယ်ရဲ့ လှေကလေးက လှိုင်းကိုလည်း လွတ်အောင်ရှောင်နိုင်ရမယ်။ဝဲ-ကိုလည်း လွတ်အောင် ရှောင်နိုင်ရမယ်။မုန်တိုင်းကိုလည်း လွတ်အောင်ရှောင်နိုင်ရမယ်။ တစ်ခုခုလွတ်အောင် မရှောင်နိုင်ဘူးဆိုရင် လှိုင်းကလည်းထန်တယ် မုန်တိုင်းကလည်း ထန်တယ်။မတော်တဆ လှေကလေးများ တစ်ခုခုဖြစ်ခဲ့ရင် လက်ပစ်ကူးရမယ့် အနေအထားရောက်ခဲ့ရင်လေ ဟိုးး ကူးရင်း ခပ်ရင်းနဲ့ ကမ်းမမြင်ကျယ်တဲ့ ပင်လယ်ထဲမှာ ကျွန်းလေးတစ်ကျွန်းလောက်များ တွေ့ခဲ့ရင် အသက်သခင်ကျေးဇူးရှင် မဖြစ်ဘူးလား။ အဲ့ဒါကို မြတ်ဗုဒ္ဓက မိန့်လိုက်တယ်။

ဘဝပင်လယ်မှာ ကျွန်းတစ်ကျွန်းတည်ဆောက်နိုင်အောင် လုပ်ရမယ်တဲ့။ဘဝပင်လယ်မှာ ကျွန်းတစ်ကျွန်းတော့ ဆောက်နိုင်အောင် ဆောက်ရမယ်။ ဖြစ်ထွန်းတဲ့ တိုးတက်တဲ့ အောင်မြင်တဲ့ ကြီးပွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘဝကိုကြည့်လေ။ အခိုင်အမာ သူတို့ ရပ်တည်နိုင်ပြီ ဘယ်လိုနည်းနဲမှ ကိုင်လှုပ်လို့ မရတဲ့အနေအထားမျိုး တချို့ ရသွားတယ်။ တချို့ကိုင်လှုပ်လိုက်ရင် လှုပ်လှုပ်နဲ့ လဲသွားတယ်။ အဲ့ဒါကြောင့် ဥဋ္ဌာနေန- ဘဝပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းကို တည်ဆောက်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ များများကြီး မပြောဘူး တပည့်တွေ အရည်အချင်း(၄)ခုပါပဲ။

ဥဋ္ဌာနေန- ထထကြွကြွ တက်တက် ကြွကြွ နိုးနိုးကြားကြား အမြဲတမ်းရှိနေရမယ်။ အမြဲတမ်း နားရွက်ထောင်ပြီးတော့ ကမ္ဘာကြီးက အသံတွေကို နားထောင်နေရမယ်။ အမြဲတမ်း မျက်လုံးဖွင့်ပြီးတော့ What is happening in the World today? ဒီကနေ့ ကမ္ဘာဘာဖြစ်နေလဲ ကြည့်နေရမယ်။ ဥဋ္ဌာနေန-ဘာဖြစ်လဲ။ အမြဲတမ်း တက်တက်ကြွကြွ နိုးနိုးကြားကြား ရှိနေရမယ်။ You must be always active. နောက်တစ်ခုဘာလဲဆိုရင် အပ္ပမာဒ- You must have earnest spirit. အလွန်ပြင်းထန်သော အလွန်ကို အားကြိုးမာန်တက်ရှိသော မျှော်လင့်ချက် ကြီးမားသော တက်ကြွသော စိတ်ထားရှိရမယ်။ စိတ်ကို လျော့လျော့ပေါ့ပေါ့မထားနဲ့ တက်တက်ကြွကြွ earnest ပြင်းပြင်းထန်ထန် ဒီလို ရှိရမှာ ။ နောက်နံပါတ်(၃) သံယမေန-သံယမ-ရှိရမယ်။ သံယမဆိုတာက ကိုယ်နှုတ်စိတ် သုံးပါးကို စောင့်စောင့်စည်းစည်း ရှိရမယ်။ ကိုယ် နှုတ် စိတ် သုံးပါးလုံး စောင့်စည်းမှုနဲ့ပတ်သက်ပြီး ဘာပြောမလဲဆိုလို့ ရှိရင် You must follow any instruction , any discipline, any law. မည်သည့် လမ်းညွှန်ချက် မိန့်ကြားချက် စည်းကမ်း ဥပဒေမဆို အကုန်လုံး လိုက်နာရမယ်။ ဗုဒ္ဓပြောထားတာ။

ခုနက ကိစ္စ နံပါတ်(၂)မှာ စိတ်အားထက် သန်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ မြတ်စွာဘုရားလက်ထက်တော် ကာလက ဖြစ်ရပ်တွေ အများကြီး ရှိတဲ့အထဲက ရဟန်းဘဝ ရလိုကြောင်း ခွင့်တောင်းတဲ့ တချို့ဟာလေ။ အမေထံ ရဟန်းဘဝ ရလိုကြောင်းခွင့်တောင်းတယ်။ အဖေထံ ရဟန်းဘဝရလိုကြောင်း ခွင့်တောင်းတယ်။ အမေက တစ်ဦးတည်းသော သားလေးမို့ ရဟန်းဝတ်ခွင့် မပေးနိုင်ဘူးဆိုရင် တစ်ခါတည်း အိပ်ရာထဲ လှဲအိပ်ပြီးတော့ အစာငတ်ခံပြီးတော့ "ရဟန်း မဝတ်ရရင် ငါတော့ အသက်ပဲ အသေခံတော့မယ်" အဲ့ဒီလို အဲ့ဒီလိုပေါလေ ပြင်းပြတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေက ဘုရားသာသနာမှာ အများကြီးပဲ။ ဒါလေး ဘုန်းကြီးတို့က အလေးအနက်ပြောထားချင်တယ်။ တစ်ခုခုကို ဖြစ်ချင်တဲ့ စိတ်ဟာ ပြင်းပြင်းထန်ထန်ကို ရှိရမယ်။ ဘုန်းကြီးတို့ စာအုပ်မျိုးစုံ ထတ်တဲ့အခါမှာ တစ်ခု သွားတွေ့တယ်။

 ဦးနုရဲ့ ဘဝကို ဖတ်ကြည့်တာ။ ဦးနုက စကားကောင်းကောင်းပြောချင်လို့ စကားပြောကောင်းတဲ့ လူတစ်ယောက်ဖြစ်ချင်လို့ လေ့ကျင့်တာ။ ကျောင်းပြီးလို့ အခန်းပြန်ရောက်လာရင် ကျောင်းစာတွေကို ကြည့်ပြီး ကျက်ပြီးလို့ ရှိရင် တံခါးပိတ်ပြီးတော့ တခါတည်း တိုက်ပုံအင်္ကျီ ဟန်ကျပန်ကျဝတ်၊ ခေါင်းလေး ဘာလေး သပ်ပြီးတော့ မှန်ကြီးကြီးရှေ့မှာ ထောင်ပြီးတော့ နေ့တိုင်း စကားပြောလေ့ကျင့်တယ်ဆိုတာ သူ့စာအုပ်ထဲမှာ ဘုန်းကြီးတို့ တွေ့ရတယ်။ စကားပြောလိုက်ရင် Sequence ကျပြီး အစီအစဉ်ကျပြီး စနစ်ကျပြီး ဟောရောက် ဒီရောက် တောရောက်တောင်ရောက် ဟင်း ဟဲ ဟိုဒင်း ဟိုဟာတွေ သူ့စာလုံးထဲ မပါဘူး။ တချို့များ မိန့်ခွန်းပြောလိုက်လို့ ရှိရင် ဘာမှန်းကို မသိဘူး။ ဟိုရောက်ဒီရောက် ဟိုဒင်းတို့ ဟိုဟာတို့ အင်းတို့၊ အဲတို့က ပိုများတယ်။

အဲ့ဒီတော့ (၁) နိုးကြားတက်ကြွ ထက်သန်သော စိတ်ထားရှိရမယ်။ (၂) အလွန်ပြင်းပြသော တစ်ခုခုဖြစ်ချင်သော စိတ်ရှိရမယ်။ စကားပြောကျော်ကြားချင်လား အမှုထမ်းကောင်းဖြစ်ချင်လား၊ ကိုယ်ဖြစ်ချင်တာလေးကို စိတ်အားထက်သန်နေရမယ်။ (၃)ကတော့ ညွှန်ကြားချက် လမ်းညွှန်ချက် စည်းကမ်း ဥပဒေ အကုန်လုံး လိုက်နာရမယ်။ အဲ့ဒါ ဘဝရဲ့ ကျွန်းလေးတွေပဲ။ ဘဝပင်လယ်ထဲမှာ အဲ့ဒီ အရည်အချင်းတွေဟာ ဘဝရဲ့ ကျွန်းလေးတွေပဲ။ မှီခိုရမှာက ဒီအရည်အချင်းတွေ၊ အဲ့ဒီ အရည်အချင်းမျိုးတွေ မရှိရင်တော့ ဘဝမှာ မြှပ်သွားနိုင်တယ်။ ဥဋ္ဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။ နံပါတ်(၄)က ဓ-နဲ့မရေးဘူး "ဒ"နဲ့ "မ" နှစ်လုံးဆင့်နဲ့ရေးတယ်။ ဒမ္မ- ဘာပြောတာလဲဆိုတော့ Polite - ယဉ်ကျေးတာ။ Pleasant Speech- နားချမ်းသာအောင် စကားပြောတတ်တာ။ ကိုယ်အမူအရာ နှုတ်အမူအရာတွေ ယဉ်ကျေးရမယ်။

ပညာတွေ ဘယ်လောက်တတ်တတ် ကိုယ်အမူအရာ နှုတ်အမူအရာ မယဉ်ကျေးလို့ ရာထူးကြီးကြီး မရတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ ဒို့ငယ်ငယ်တုန်းက မင်းတို့တွေ မှီချင်မှ မှီမယ်။ ၁၉၅၆-၅၇ လောက်က ထင်တာပဲ။အဲ့ဒီနားမှာပဲ ကျူးဘားကိစ္စနဲ့ ပတ်သက်ပြီး၊ ဒို့တိုင်းပြည်က ဦးသန့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး လုပ်နေတဲ့ခေတ်၊ဦးသန့်ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကြည့်နော် သိပ်ချစ်ဖို့ကောင်းတယ်။ မြင်လိုက်ရသူ လူအပေါင်းတို့က သူ့တွေ့လိုက်ရတာနဲ့ ဒေါတွေမောတွေနဲ့ တက်လာတဲ့ သူတွေက သူမြင်လိုက်ရတဲ့အချိန်မှာ သူ့အပြုံးလေး ကြည့်ပြီးတော့ အော်ငေါက် ဆူဆဲ ဘယ်သူမှ မလုပ်တော့ဘူး။

 အဲ့ဒီတော့ သူအတွင်းအရေးမှူးလုပ်နေတဲ့အချိန်မှာ ရုရှားက Communist ပါတီရဲ့ အတွင်းအရေးမှူးကြီး Nikita Khrushchev -ခရူးှှရှပ်- ငါက မှတ်မိတယ်။ ခရူးရှပ်က အတွင်းရေးမှူး ၊ ဝန်ကြီးချုပ်က -ဘူဂါနင်။ ဗမာပြည်လာလည်တယ်။ရန်ကုန်စက်မှု တက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးပေးသွားတယ်။ သမိုင်းဝင်ကျောင်းကြီးပေါ့။စီးလာတဲ့ လေယာဉ်ပျံကြီးတွေက Ilyushin-၂ စင်း။ အပြန်တော့ တစ်စင်းတည်းယူပြီး ပြန်သွားတယ်။ ဝန်ကြီးချုပ်ဦးနုကို တစ်စင်းလက်ဆောင်ပေးခဲ့တယ်။ ပြောမှာက အဲ့ဒါ မဟုတ်ပါဘူး နောက်ကြောင်းလေးစဉ်းစားတော့ ပေါ်လာလို့၊ ခုနှစ်တော့ အတိအကျမမှတ်မိတော့ဘူး။ ကုလသမဂ္ဂအစည်းအဝေးမှာ ကျူးဘားကိစ္စမှာ စကားများတာ၊ ခရူးရှပ်-ဆိုတဲ့ ပါတီအတွင်းရေးမှူးချုပ်ကြီးက ညီလာခံထဲမှာ ဘာလုပ်တယ် အောက်မေ့လဲ စားပွဲပေါ်ကို ခြေထောက်ကြီးတင်ပြီး နောက်မှီပြီး စကားပြောရင်းကနေ၊ ခြေထောက်က ဖိနပ်တွေကို ချွတ်ပြီးတော့ မတ်တပ်ရပ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး တစ်ဖွဲ့လုံးကို မကျေနပ်လို့ စားပွဲကို ဖိနပ်နဲ့ ရိုက်တာ။အဲ့ဒီ လူကြီး။နောက် မကြာခင် အဲ့ဒီလူကြီး ပျောက်သွားတယ် လူမြင်ကွင်း မရှိတော့ဘူး။

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ စားပွဲကို ဖိနပ်နဲ့ ချွတ်ရိုက်တာ။ အဲ့ဒီတော့ အဲ့ဒါမျိုးတွေပေါ့ကွာ။ ဘာဖြစ်ရမလဲ Polite၊ ယဉ်ကျေးရမယ်။ စကားပြောရင်လည်း Pleasant ၊ ကြားရသူတို့ရဲ့ နားမှာ ချမ်းသာအောင် ပြောရမယ်။ Pleasant Speech ၊ Pleasant Deed. ကိုယ်အမူအရာတွေအကုန်လုံးလည်း ဘာဖြစ်ရမလဲ ကြည့်ရသူ မြင်ရသူအပေါင်းတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံးကြည်နူးဖွယ်ဖြစ်ရမယ်။ယဉ်ကျေးသိမ်မွှေ့ခြင်းဟာ သိပ်အရေးကြီးတယ်။ မြတ်စွာဘုရားက ဒီလိုနေရာမျိုးမှာနော် တစ်ခါတစ်ခါမှာ အရည်အချင်းကို (၇)ပါးထိ ဟောတယ်။ ဒီကနေ့တော့ ဒို့(၄)ပါးပဲ ပြောမယ်။ ဥဋ္ဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။ ဥဋ္ဌာနေန- တက်တက်ကြွကြွ နိုးနိုးကြားကြား အားလုံးရှိကြရမယ်။ အပ္ပမာဒ-ပြင်းပြထက်သန်သော စိတ်ထားရှိရမယ်။ သံယမ- ကို်ယ်နှုတ်စိတ်ကို စောင့်စောင့်စည်းစည်းရှိကြရမယ်။ ဒမ္မ-ကိုယ်နှုတ်စိတ် အမူအရာတွေ အကုန်လုံး ယဉ်ကျေးရမယ်။ အဲ့ဒါ ဘဝပင်လယ်ရဲ့ ကျွန်းတွေပဲ။အဲ့ဒီအရည်အချင်းမျိုး မရှိရင် ဘဝမှီခိုရာ မရှိဘူးနော်၊ မြှပ်သွားနိုင်တယ်။ ဥဋ္ဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။

 အဲ့ဒီ အရည်အချင်း (၄)ပါးနဲ့ ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။ မေဓာဝီ- ပညာ့ရှင်သည်၊ အတ္တဏော-မိမိရဲ့ ၊ ဒီပံ-ကျွန်းကို၊ ကယိရာထ-တည်ဆောက်တော် မူကြကုန်ရာ၏။ ဘဝသာကတေ- ဘဝပင်လယ်ထဲမှာ ဒီပံ-ကျွန်းကို၊ ကယိရာထ- တည်ဆောက်ကြ ကုန်ရာ၏။ ယံ သြဃော နာဘိကီရတိ- ယံ-ယင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို၊ သြဃော- ဘဝရဲ့ မုန်တိုင်းတွေ ရေလှိုင်းတွေကတော့၊ နာဘိဂီရတိ- ဖိစီးနှိပ်စက်နိုင်ခြင်း အလျင်း မရှိဘူးရယ်လို့၊ သတ္တာ- လူနတ်တို့ဆရာ မြတ်စွာဘုရားကိုယ်တော်မြတ်က အဟောစ- ကရုဏာရှေးရှု ဟောပြတော် မူခဲ့ပါပေသတည်း။

သာဓု သာဓု သာဓု

 ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီး

၂၃.၁၁.၂၀၁၇ ရက်နေ့က တပ်မတော်(ဆေး) တက္ကသိုလ်တွင်ဟောကြားခဲ့သော "ဇီဝကတရားတော်

" အပိုင်း(၃) ဆက်ရန်

ဤဓမ္မဒါနအား အသံဖိုင်မှ ပူဇော်ရသောကုသိုလ်ကြောင့် ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။ ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

 _/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_

Credit --- Pay Thoe