ဗုဒ္ဓ၏ စိတ်ပညာ
အလိုရှိအပ်သော တရား (အာရုံ၊ အရာဝတ္ထု၊ ဝတ္ထုကာမ၊ ကာမဂုဏ်၊ ကာမဘုံ) နှင့် အလိုရှိတတ်-လိုချင်တတ်-သောတရား (ကိလေသကာမ=လောဘ၊ ဆန္ဒ) နှစ်မျိုးလုံးကို ကာမ ဟု ခေါ်ဆိုကြောင်း အဘိဓာန်တို့က ဖွင့်ဆို၏။ ထိုတွင် လိုချင်မှု ကာမနှင့်စပ်သော အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ အာရုံ ငါးပါးလုံးကို ဝတ္ထုကာမ (သို့မဟုတ်) ကာမအာရုံဟုခေါ်၏။ထိုကာမအာရုံတို့ကို ခံစားချင်တတ်သော တဏှာလောဘကို ကိလေသကာမဟု ခေါ်၏။ ကာမတဏှာမကင်းသေးသော သတ္တဝါတို့တွင် အထူးသဖြင့် ကာမဘုံ၌ကျင်လည်ခိုက်ဖြစ်သော ကာမသတ္တဝါတို့သည် များသောအားဖြင့် ကာမအာရုံကို ခံစားလိုကြသည်သာဖြစ်လေသည်။
ခံစားလိုသမျှ ကာမအာရုံကို ကျေနပ်အားရသည်အထိ ခံစားရလျှင် သတ္တဝါတို့၏ စိတ်သည် ကြည်ရွှင်ခြင်းသို့ ရောက်၏။ ထိုသဘောကို စာပေက သောမနဿ ဟု ဆို၏။ အားရအောင် မခံစားရလျှင် မရွှင်ပျခြင်းသို့ ရောက်၏။ ထိုသဘောကို ဥပေက္ခာ ဟု ဆို၏။ တခါတရံတွင်မူ တနုံ့နုံ့မှသည် ပေါက်ကွဲသည် အထိ ဖြစ်တတ်၏။ ထိုသဘောကို ဒေါမနဿ ဟု ခေါ်ဆိုလေသည်။
ထိုတွင် ကာမအာရုံကို အားရအောင် ခံစားခွင့်မရဟူရာ၌လည်း...
(က) မိမိခံစားလိုသော အာရုံကို လုံလောက်စွာ မရရှိ၍ (ရတာမလို/ လိုတာမရ၍)။
(ခ) ကာမအာရုံတွေကို အလိုရှိသလောက် ရနိုင်ပါလျက်၊ မိမိဖက်က ခံစားနိုင်သည့် ရုပ်ပိုင်းစွမ်းရည် ချို့တဲ့၍ (အစစပြည့်စုံပါသော်လည်း ကျန်းမာရေးမကောင်း၍)
(ဂ) တစ်စုံတစ်ဦး၏ အုပ်ထိန်းမှုအောက်သို့ ကျရောက်သွားရသည့်အတွက် မိမိ၏ကာမဆန္ဒကို အကောင်အထည်ဖော်ခွင့် မရ၍ (စည်းမျဉ်းတစ်ခုခုဖြင့် ကန့်သတ်ခံထားရ၍) ဟူ၍ အခြေအနေ အမျိုးမျိုး ကွဲပြားနိုင်လေသည်။
မည်သို့ဆိုစေ ကျန်းမာသန်စွန်း၍ ကာမဂုဏ်ခံစားလိုသော စိတ်ဆန္ဒလည်း ထက်သန်နေသူ ကာမသတ္တဝါတစ်ဦးအဖို့ ကာမအာရုံကို လုံလောက်စွာ ခံစားခွင့်မရသောအခါ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်၊ ပတ်ဝန်းကျင်ကိုလည်း မကျေနပ်သော သဘောတစ်မျိုး ကြီးစိုးလွှမ်းမိုး လာတတ်လေသည်။ ထိုသဘောကို မိမိ၏လက်ရှိအနေအထားနှင့် မိမိဝန်းကျင်ကို မကျေနပ် မနှစ်မြို့မှု သဘော (disaffection) ဟု ခေါ်ဆိုလေသည်။ ထိုတွင် အချို့မှာ မိမိ၏မကျေနပ်မှုကို ကြမ်းကြမ်းတမ်းတမ်း ဖော်ထုတ်တတ်ကြပြီး၊ တစ်စုံတစ်ခု တစ်ဦးတစ်ယောက်ကို မကျေနပ်၍ လက်စားချေတတ်သူ (avenger) များအဖြစ်သို့တိုင် ဆိုက်ရောက်သွားတတ်လေသည်။ ထိုသို့ လက်စားချေလိုမှုသဘော (revenge, a desire for vengeance) မျိုးကို မိမိ၏အိမ်ထောင်ရေး၊ အချစ်ရေး၊ စီးပွါးရေး၊ ဂုဏ်သိက္ခာအရေးကို ဖြိုခွဲဖျက်ဆီးခံရသူ အများစုတွင် အတွေ့ရများတတ်လေသည်။
အချို့မှာမူ ကာမအာရုံအပေါ် အလိုမပြည့်သောအခါ ကြမ်းကြမ်းတမ်းတမ်း မဟုတ်ဘဲ၊ စိတ်အားညှိုးငယ်သကဲ့သို့ဖြစ်လာပြီးလျှင် မှိုင်တွေငေးမော စိတ်သောကများ ဖိစီးနှိပ်စက်ကာသာ နေတတ်ကြလေသည်။ ထိုသဘောကို စိတ်ကျရောဂါ (depression) ဟု ခေါ်ဆို သတ်မှတ်နိုင်လေသည်။ ထိုစိတ်ရောဂါ စွဲကပ်ခံရသူများမှာ အိပ်လည်းဒီစိတ် စားလည်းဒီစိတ် ဟူသကဲ့သို့ ဖြစ်ရှိနေပြီး ကောင်းစွာလည်း အိပ်မပျော် ကောင်းစွာလည်း စားမဝင် ဖြစ်လာပြီးလျှင် နောက်ဆုံး၌ တဖြည်းဖြည်း ပိန်ချုံးချည့်နဲ့ လာတတ်လေသည်။ ထိုသဘောကို တစ်စုံတစ်ယောက်အပေါ်တွင် မလွန်ဆန်ဝံ့သူ၊ မိမိဆန္ဒသဘောကို ပွင့်ပွင့်လင်းလင်းပြောဆိုရန် ဝန်လေးတတ်သူ၊ အားတုန့်အားနာဖြစ်တတ်သူ များတွင် အတွေ့ရများတတ်လေသည်။ ဤစာရင်းတွင် ကာမသတ္တဝါ လူပုဂ္ဂိုလ်များသာမက၊ အချို့သော သာမန် ပုထုဇဉ် ရဟန်း သာမဏေ သူတော် သီလရှင်များပါ ပါဝင်နိုင်လေသည်။
ဤနေရာတွင် လူပုဂ္ဂိုလ်များအနေဖြင့် ကာမဖြင့်ပူလောင်မူ ပူလောင်သင့်သည် ရှိစေ၊ ရဟန်း သာမဏေများအနေဖြင့်မူ ကာမဖြင့် မပူလောင်သင့်သည် မဟုတ်ပါလောဟု စောဒက တက်ဖွယ်ရာ ရှိလေသည်။ စင်စစ် လူဖြစ်စေ ရဟန်းဖြစ်စေ ကာမဘုံသား သတ္တဝါများအဖို့ရာမှာ ကာမအာရုံကို အာရုံပြုလျှင်ပြု၊ မပြုလျှင် ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု၍ နေသင့်ကြ သည်သာ ဖြစ်လေသည်။ ဗုဒ္ဓစိတ်ပညာသဘောအရ ကာမအာရုံကို အာရုံပြုဖို့ရာလည်း အခက်အခဲ အကန့်သတ်ခံထားရ၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြုရန်လည်း မစွမ်းနိုင်ဟုဆိုလျှင် လူဖြစ်စေ ရဟန်းဖြစ်စေ မည်သူမဆို အလိုမပြည့်မှုကြောင့် ကာမပူ ပူလောင်ကြရသည်သာ ဖြစ်လေသည်။ ထိုသဘောကို ညီတော်မင်းနန် ဇာတ်ကြောင်းတွင် ထင်ရှားစွာတွေ့မြင်နိုင်ကြသည်သာ ဖြစ်လေသည်။
ညီတော်မင်းနန်
ညီတော်မင်းနန်သည် မြတ်စွာဘုရား၏ မိထွေးတော် မဟာပဇာပတိဂေါတမီ၏ သားတော်ဖြစ်ပြီး မြတ်စွာဘုရားအောက် အသက်အားဖြင့် (၃) ရက်သာ ငယ်ရွယ်သူဖြစ်လေသည်။ သူသည် မြတ်စွာဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူပြီးနောက် ကပိလဝတ်နေပြည်တော်ကို ပထမဦးဆုံး ပြန်လည်ကြွရောက်တော်မူပြီး (၃) ရက်မြောက်နေ့၊ သူ၏လက်ထပ်မင်္ဂလာ အခန်းအနားအပြီးတွင်ပင် ဘုရားရှင်ကို အားနာသဖြင့် ရဟန်းဖြစ်လာရသူလည်း ဖြစ်လေသည်။
ထိုနေ့က မြတ်စွာဘုရားရှင်သည် နန်းတော်ထဲ၌ အနုမောဒနာတရား ဟောကြားတော်မူပြီး နန္ဒမင်းသားကို သပိတ်တော်ကို ကိုင်ဆောင်စေပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေသည်။ နန္ဒမင်းသားလည်း သပိတ်တော်ကို ပွေ့ချီယင်း ဘုရားရှင်နောက်တော်ပါးက လိုက်ပါရလေသည်။ ဇနီးသည်ဖြစ်သော ဇနပဒကလျာဏီမင်းသမီးလည်း “အရှင်မ.. မြတ်စွာဘုရားသည် နန္ဒမင်းသားကို အရှင်မတို့နှင့် ကင်းကွာအောင် ပြုလုပ်ရန် ခေါ်ဆောင်၍ ကြွသွားတော်မူပါပြီ” ဟူသော ရံရွေတော် တို့၏ လျှောက်တင် ချက်ကြောင့်၊ ခေါင်းလျှော်ပြီးကာစ ရေစိုနေသော ဆံပင်တို့ကို တဝက်တပျက် ဖြီးလိမ်းလျက်က ကမန်းကတန်း ထလာပြီးလျှင် “အိုအရှင့်သား.. မြန်မြန်ပြန်လာတော်မူခဲ့ပါ” ဟု မှာကြားလိုက်ရှာလေသည်။ ထိုစကားသည်ကား နန္ဒမင်းသား၏ နှလုံးသား၌ တည့်တည့်ကြီးစူးဝင်၍ တည်လေသည်။
မြတ်စွာဘုရားရှင်သည် ကျောင်းတော်သို့ရောက်သောအခါ “နန္ဒ.. ရဟန်းပြုမည်လော” ဟုမေးတော်မူလျှင် ဘုရားရှင်အပေါ်၌ အလွန်ရိုသေလေးစားသဖြင့် “ရဟန်းမပြုနိုင်ပါ” ဟု မလျှောက်ထားဝံ့ဘဲ၊ “ကောင်းပါပြီ နောင်တော်မြတ်ဘုရား.. ရဟန်းပြုပါမည်” ဟု လျှောက်ဆိုဝန်ခံရှာလေသည် ။ မြတ်စွာဘုရားရှင်လည်း နန္ဒမင်းသားကို ရဟန်းတို့လက်သို့ အပ်နှံကာ ရဟန်းပြုပေးစေလေသည်။
ရဟန်းဘဝ
ရဟန်းဘဝဟူသည် ကာမအာရုံကိုတတ်နိုင်သမျှ ခွါရှောင်၍ ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်ပျော်ပိုက်ရသော ဘဝမျိုးဖြစ်၏။ ကာမအာရုံတို့၌ တပ်မက်ခြင်း၏အပြစ်၊ ကာမအာရုံတို့ကို ရှောင်ခွါရှောင်၏အကျိုး၊ ကမ္မဋ္ဌာန်းအာရုံ၌ မေ့လျော့ခြင်း၏အပြစ်၊ ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်ခြင်း၏ အကျိုးတို့ကို ဘုရားရှင်သည် နေ့စဉ်မပြတ် ဆုံးမဟောကြားတော်မူ၏။ လိုက်နာကျင့်သုံးကြကုန်သော ရဟန်းတို့သည် အတိတ်ကံ နှင့် ပစ္စုပ္ပန် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာအရှိန်အားလျော်စွာ ကိလေသကာမ (ကာမဂုဏ်အာရုံကိုတပ်မက်သောစိတ်၊ တဏှာ လောဘ) မှ သူ့အတိုင်းအတာနှင့်သူ လွတ်မြောက်ကြလေသည်။ ကာမအာရုံကို ခံစား၍ ချမ်းသာသော ဝေဒယိတသုခမှသည် ငြိမ်းအေးမှု သန္တိသုခကို ပြောင်းလဲခံစားခွင့် ရရှိကြလေသည်။
ရဟန်းသစ်ဖြစ်သူ အရှင်နန္ဒကား ကမ္မဋ္ဌာန်းအာရုံ၌ သူ့စိတ်ကို မပျော်မွေ့စေနိုင်။ ရဟန်းဖြစ်သည့်နေ့မှစ၍ နှမတော် ဇနပဒကလျာဏီ မှာကြားပြောဆိုလိုက်သည့် “အိုအရှင့်သား.. မြန်မြန်ပြန်လာတော်မူခဲ့ပါ” ဟူသော စကားကိုသာ ထပ်ခါထပ်ခါ အမှတ်ရနေမိ၏။ ထိုစကားကို ကြားယောင်မိလေတိုင်း ဇနပဒကလျာဏီသည် အနီးသို့ရောက်ရောက်လာသယောင် ထင်မိ၏။ အရှင်နန္ဒသည် သာသနာတော်၌ မပျော်တော့။ သာသနာတော်မှ ချထားပေးသော ကမ္မဋ္ဌာန်းအာရုံ၌ သူ့စိတ်ကို ထိန်းမထားနိုင်တော့။ တနည်းအားဖြင့် သာသနာတော်မှ တည်ခင်းထားပေးသော ကမ္မဋ္ဌာန်းအာရုံများကို မြည်းစမ်း၍ပင် မကြည့်ချင်တော့။ နောက်ဆုံး ကာမအာရုံကို မည်သို့မျှ ဖြတ်တောက်၍ မရနိုင်တော့သည့်အခါ နိဂြောဓာရုံကျောင်းတိုက်မှပင် ထွက်ပြေးမိရှာလေသည်။
မည်သို့ဆိုစေ၊ အရှင်နန္ဒ၌ ဘုရားရှင်အပေါ်၌ အလွန်ရိုသေလေးစားသောစိတ်သည် ရှိ၏။ ထွက်ပြေး၍ ကျောင်းဝင်းအပြင်ဖက် ချုံဖုတ်တစ်ခု သစ်ပင်စုတစ်ခု မျှလောက်ကို ကျော်လွန် မိလျှင်ပင် မြတ်စွာဘုရားရှင်သည် မိမိ၏ရှေ့၌ ရပ်တည်တော်မူလာသကဲ့သို့ ထင်မိလေသည်။ ထိုအခါ မီး၌ပစ်ချခြင်းခံလိုက်ရသော ကြက်တောင်ပမာ တွန့်ဆုတ်သွားပြီးလျှင် မိမိနေရာကျောင်းသို့ ပြန်လှည့် ဝင်ပြန်ရှာလေသည်။ ကာမအပူလောင်ခြင်းကို အပြင်းအထန် ခံစားရရှာခြင်းနှင့် တစ်စုံတစ်ဦးကို မလွန်ဆန်ဝံ့၊ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရန် ဝန်လေးတတ်သူများ ကြုံတွေ့ရလေ့ရှိသော နမူနာပြယုဂ်ပေတည်း။
ကမ္မဋ္ဌာန်းအာရုံ၌ မွေ့လျော်တော်မူစေခြင်း (သို့ဟုတ်) ဗုဒ္ဓ၏စိတ်ပညာစွမ်း
ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒရဟန်းသည် အလွန်ပင် မေ့မေ့လျော့လျော့ နေဘိ၏၊ သာသနာတော်၌ မမွေ့လျော်ခြင်းကို ပယ်ဖျောက်ခြင်းငှါ မစွမ်းနိုင်ရှာ၊ ငါဘုရားသည် နန္ဒရဟန်း၏ စိတ်ငြိမ်းချမ်းမှုရအောင် ပြုမှ သင့်တော်မည်” ဟု ကြံစည်ဆင်ခြင် တော်မူပြီးလျှင် နတ်ပြည်သို့ ခေါ်ဆောင်၍ နတ်တို့၏အဆင်းရုပ်ဝါ စည်းစိမ်ချမ်းသာ တို့ကို ပြသတော် မူလေသည်။ ထိုသို့ နတ်ပြည်သို့ ခေါ်ဆောင်ပြသတော်မူသောအခါ၌လည်း တိုက်ရိုက်ကြွသွားတော်မူကြသည်မဟုတ်ပဲ လမ်းခရီးအကြား မီးလောင်ထားသည့်လယ်ကွက်အတွင်း မီးလောင်ထားသည့် သစ်ငုတ်တစ်ခုထိပ်၌ နား, နှာခေါင်း, အမြီးများ မီးသင့်ထား၍ စုတ်ပြတ်ရွတ်တ အိုမင်းလွန်းလှပြီဖြစ်သော မျောက်အိုမကြီး တစ်ကောင်ကို မြင်စေတော်မူပြီးမှ တာဝတိ ံသာနတ်ပြည်သို့ တက်ကြွတော်မူလေသည်။
ဤနေရာတွင် ဘုရားရှင်သိစေတော်မူခဲ့သော စိတ်ပညာကုထုံး (Psychotherapy) သဘောကို နားလည်အောင် ကြိုးစားသင့်ကြပါ၏။ စင်စစ် ရွှေနန်းတော်၌ ချမ်းချမ်းသာသာ ကြီးပြင်းလာရသော အရှင်နန္ဒသည် ဇနပဒကလျာဏီကဲ့သို့သော အချောအလှ များကိုသာ မြင်ခဲ့ရဖူးသူဖြစ်ပြီး၊ လယ်ကွက်ကြားက မျောက်အိုမကဲ့သို့သော စုတ်ပြတ်ရွတ မလှသည့်အသွင် အမြင်မကောင်းသည်များကို မြင်ဖူးခဲ့ရသူမဟုတ်ပေ။ ထို့အပြင် လူတို့၏အမြင်သည် လူ့ဘောင်တွင်သာ ဆုံးသည် ဟူသကဲ့သို့ အဘိညာဏ်ကဲ့သို့သော တန်ခိုးပါဝါမရှိသေးသူ သူ့အဖို့ နတ်ပြည်လောကစသည့် အထက်အထက် တိုးတက်၍ နှစ်သက်ဖွယ် ကာမအာရုံဆန်းများကို မြင်ဖူးသေးသူလည်း မဟုတ်ပေ။ မျောက်အိုမ၊ ဇနပဒကလျာဏီ နှင့် နတ်သမီးများကို အစဉ်အတိုင်း အဆိုး၊ အကောင်း၊ ပို၍သာ၍ကောင်းဟု အဆင့်သတ်မှတ်မည်ဆိုလျှင် အရှင်နန္ဒမြင်ဖူးသည်မှာ ကောင်းသည်ဆိုသော အလယ်အလတ်အာရုံတစ်မျိုးတည်းမျှသာ ဖြစ်လေသည်။ သူ့တွင် နှိုင်းယှဉ်စဉ်းစားစရာ အခြားအာရုံ (Comparative objects) မရှိခဲ့ခြင်းသည်လည်း ဇနပဒကလျာဏီအပေါ် တန်းတန်းစွဲ ဖြစ်နေခဲ့ရခြင်း၏ အခြေခံကျသော အကြောင်းတရားတစ်ခု ဖြစ်လေသည်။
ထို့ကြောင့် ဗုဒ္ဓစိတ်ပညာကုထုံးအရ “ဒါဆိုမှဒါ” တန်းတန်းစွဲဖြစ်နေသူများနှင့် ကြုံရသောအခါ နှိုင်းယှဉ် စဉ်းစားစရာ အာရုံအသစ်အဆန်းတစ်ခုခုကို ပေးသိစေခြင်းဖြင့် ထိုသူတို့၏ မူလကာမအာရုံအပေါ် တပ်စွဲခြင်းကြောင့် ဖြစ်ပေါ်နေသော အပူမီးကို ဦးစွာငြိမ်းသတ်ပေးကြရမည် ဖြစ်လေသည်။
ယခုအခါ အရှင်နန္ဒသည် သိကြားမင်းအားဖျော်ဖြေရန်လာကြရင်း ဘုရားရှင်အား ရှိခိုးရပ်တည်လာကြသည့် နတ်သမီးငါးရာတို့ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်လေသည်။ သူ့စိတ်ထဲ စူးနစ်နေသော ဇနပဒကလျာဏီသည် ဤနတ်သမီးငါးရာ တို့ကို ထောက်ဆလျှင် လမ်းခရီး၌တွေ့ခဲ့ရသော မျောက်အိုမကြီးပမာ ဟူ၍သာ ထင်မြင်ယူဆမိတော့သည်။ ထိုအခိုက် ဘုရားမြတ်စွာက “နန္ဒ၊ သာသနာတော်၌ ပျော်ရွှင်စွာနေလော့၊ ခိုခြေအဆင်းရှိသည့် နတ်သမီးငါးရာတို့ကို ရဖို့ရန်အတွက် ငါဘုရားအာမခံ (တာဝန်ယူ) ၏” ဟု မိန့်ကြားတော်မူလိုက်၏။ အရှင်နန္ဒ၏ ဝမ်းသာလုံးကား အဆုံးမရှိပြီ။ “မြတ်စွာဘုရား..၊ မြတ်စွာဘုရားသည် တပည့်တော်အတွက် ခိုခြေအဆင်းရှိသည့်နတ်သ္မီး ငါးရာတို့ကို ရဖို့ရန် အာမခံနိုင်ပါမူ တပည့်တော်သည် သာသနာတော်ဝယ် ဘုရားရှင့်အထံတော်၌ ပျော်ရွှင်စွာ နေပါတော့မည်” ဟု အပေးအယူစကား ပြန်ကြားလိုက်လေသည်။
ဤနေရာတွင် “မြတ်စွာဘုရားသည် အရှင်နန္ဒကို သာသနာတော်၌ မြတ်သောအကျင့်ကို ကျင့်သုံး၍နေစေလိုပါလျက်၊ နတ်သမီးများနှင့် အတူတကွနေရခြင်း မမြတ်သောအကျင့် အဗြဟ္မစရိယဝါသ အလို့ငှါ အဘယ်ကြောင့် အာမခံတော်မူပါသနည်း” ဟု စောဒကတက်စရာရှိလာ၏။ ထိုစောဒကို “ဇနပဒကလျာဏီတည်းဟူသော အာရုံ၌ ကာလကြာမြင့်စွာ အခိုင်အမာ ကျရောက်နေသော ရာဂကိလေသာကို အာဂန္တုကဖြစ်သည့် နတ်သမီးအာရုံ၌ ပြောင်းရွှေ့ပေးမှသာ အလွယ်နှင့် စွန့်နိုင်မည် ဖြစ်သောကြောင့် နတ်သမီးများနှင့်စပ်၍ အာမခံတော်မူသည်” ဟု ဆရာတို့ ဖြေဆိုတော် မူကြလေသည်။ ထိုအချက်ကို မဟာဗုဒ္ဓဝင်ကျမ်းပြု တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးက “မြတ်စွာဘုရားရှင်၏ တရားဟောစဉ် (တရားတော်ဒေသနာတော်ဟောနည်းအစဉ်) = အနုပုဗ္ဗိကထာ၌၊ သဂ္ဂကထာ= နတ်ရွာချမ်းသာနှင့် စပ်သော တရားစကား ဟောကြားတော်မူခြင်းမှာ ဤအနက်အဓိပ္ပါယ်အတွက် သက်သေသာဓကဖြစ်သည်” ဟု အထူးမှတ်ချက်ပြုတော်မူထားခဲ့လေသည်။
ကမ္မဋ္ဌာန်းအာရုံကိုယူပြီ
ယခုအချိန်တွင် အရှင်နန္ဒ၏ စိတ်၌ ဇနပဒကလျာဏီ မရှိတော့ပြီ။ နတ်သမီးများသာ ရှိတော့၏။ ထိုနတ်သမီးများကို ရနိုင်ဖို့ရန်လည်း ဘုရားရှင်ကိုယ်တော်တိုင်က အာမခံပေးထား၏။ မရနိုင်မည်ကို စိုးရိမ်ဖွယ်မရှိပြီ။ သူလုပ်ရမည်ကား ကမ္မဋ္ဌာန်းတရား အားထုတ်ရုံသာ ရှိတော့၏။ သူ့တာဝန်ကျေပွန်လျှင် ဘုရားရှင်ဘက်က ချွတ်ယွင်းစရာအကြောင်းမရှိပြီ။ ထို့ကြောင့် ရွှင်လန်းတက်ကြွစွာဖြင့် နေ့ညဆက်ကာ ရဟန်းတရားကို ပွါများအားထုတ်လေတော့သည်။ ဤနေရာတွင် ဗုဒ္ဓစိတ်ပညာကုထုံးကို လေ့လာသူများအနေဖြင့် အရှင်နန္ဒ၏စိတ်သည် ဇနပဒကလျာဏီတည်းဟူသော ကာမအာရုံကို အကြောင်းခံခဲ့စဉ်တုန်းက ပူလောင်မှုဖြင့်သာ လောင်ကျွမ်း ခဲ့ရသော်လည်း၊ နတ်သမီးတည်းဟူသော ကာမအာရုံအသစ်ကို အကြောင်းခံလိုက်သောအခါမူ ရွှင်လန်းတက်ကြွသည့်သဘော သောမနဿအရှိန်အဝါ ဝင်ရောက်လာပြီးလျှင် ကမ္မဋ္ဌာန်းအာရုံ၌ သူ့စိတ်ကို ထားနိုင်ခဲ့ပုံကို မြင်မိအောင် ကြည့်ကြရမည်သာ ဖြစ်လေသည်။
အရှင်နန္ဒသည် စိတ်ကို ကမ္မဋ္ဌာန်အာရုံ၌ တည်စေနိုင်ခဲ့ပြီကား သေချာသွားပြီ ဖြစ်သော်လည်း၊ သူ၏ ဦးတည်ချက်ကား နတ်သမီးရရေးပင် ဖြစ်နေသေးသည်။ တနည်းဆိုရလျှင် အရှင်နန္ဒသည် မဂ္ဂင်ဖောင်ပေါ်သို့ တက်ရောက်လှော်ခတ်နေပြီ မှန်သော်လည်း၊ ဦးတည်ချက်ကား မမှန်သေး။ သူ၏ ဦးတည်ချက်ကား လွတ်မြောက်မှု ဝိမုတ္တိသို့ မဟုတ်သေး၊ အနှောင်အဖွဲ့ခံရေးသို့ပင် ဦးတည်နေပေသေး၏။ ဘုရားမြတ်စွာသည် သူ၏ ဦးတည်ချက်ကို ပြင်ပေးရန်အတွက် ရှေ့တဆင့်တိုး စီမံတော်မူပြန်လေသည်။ “အရှင်နန္ဒသည် နတ်သမီးတို့ကို ရလိုမှုကြောင့် မြတ်သောအကျင့်ကို ကျင့်နေသတဲ့၊ ထိုအရှင်နန္ဒအတွက် နတ်သမီးငါးရာ ရစိမ့်မည့်အကြောင်း မြတ်စွာဘုရားက အာမခံပေးတော်မူထားရသတဲ့၊ အရှင်နန္ဒဟာ ကြေးစားကြီးပါပဲ၊ အရှင်နန္ဒဟာ အဝယ်တော်ကြီးပါပဲ” ဟူသော သီတင်းသုံးဖော်များ၏ ကျီစယ်လှောင်ပြောင်သံများကို အရှင်နန္ဒကြားလာရ၏။ ရှက်လာမိ၏။ သူ့အလုပ် မဟုတ်သေးပုံများကို မြင်လာမိ၏။ ဣန္ဒြေတို့ကို ရှေးကထက်ပို၍ စောင့်ထိန်းဖြစ်လာ၏။
ဤသို့ဖြင့် အရှေ့ အနောက် တောင် မြောက် အထက် အောက် ဖီလာ အထောင့်ဟူသော အရပ်မျက်နှာတို့ကို ကြည့်ရှုတော်မူလိုလျှင် လောဘ ဒေါသ စသော အကုသိုလ်တရားများ မဖြစ်ပွါးရအောင် သတိ, သမ္ပဇဉ် အမြဲယှဉ်၍ ကြည့်ရှုတော်မူခြင်းတည်းဟူသော ဣန္ဒြိယသံဝရ ဥက္ကဌ်ပဋိပတ်ကို ကျင့်ကြံတော်မူလျက် ရဟန်းတရားကို ပွါးများကြိုးကုတ် အားထုတ်တော်မူလေရာ မကြာမြင့်မီပင် အာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေသည်။ ဤနေရာတွင် ဤဆောင်းပါးကို နိဂုံးချုပ်သင့်ပြီ ဖြစ်၏။ နိဂုံးချုပ်ဆိုရလျှင် ကာမသတ္တဝါတို့မည်သည် များသောအားဖြင့် ကာမအာရုံတစ်ခုခုအပေါ် တပ်မက်စွဲလန်းသောစိတ်ဖြင့် ပူလောင်ညှိုးနွမ်းနေရသူ များသာ များပါ၏။ စိတ်အစဉ်သည် ကာမအာရုံတို့အပေါ် တပ်မက်ပူလောင်မှုကြောင့် ညစ်ထေးခြင်းသို့ ရောက်ရ၏။ ထို့ကြောင့်ပင် “ကာမသတ္တဝါ၊ ကာမရွာ၌၊ ကာမာရမ္မဏ၊ ကာမသဘော၊ ကာမဇောဖြင့်၊ တပ်လောဘစိတ်၊ ပိတ်မှုမသိ၊ ညစ်ညူးဘိ၏” ရှေးသူတော်ကောင်းများ စပ်ဆို ဆုံးမတော်မူခဲ့ကြခြင်းဖြစ်၏။ မိမိကိုယ်တိုင် ထိုအဖြစ်မျိုး ကြုံလာရသော အခါ၌လည်းကောင်း၊ ထိုအဖြစ်မျိုး ကြုံတွေ့ခံစားနေရသူ အခြားသူများ၏ အပူမီးကို ကူညီငြိမ်းသတ်ပေးရန် လိုအပ်လာသောအခါမျိုး၌လည်းကောင်း ဤဆောင်းပါး၌ လေ့လာတွေ့ရှိခဲ့ကြရပါသော ဗုဒ္ဓစိတ်ပညာကုထုံး (Buddhist Psychotherapy) များကို အတိုင်းအတာ တစ်ခုအထိ အသုံးချနိုင်ကြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဦးတည်ချက်မှန်မှန်ဖြင့် ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို လက်ကိုင်ပြုကာ အပူခပ်သိမ်းမှ လွတ်ငြိမ်းအောင် ကြိုးစားတော်မူနိုင်ကြပါစေသတည်း။
ကျမ်းကိုး။ ။ နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်၊ တတိယတွဲ၊ ဆဋ္ဌမတွဲ
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 29/06/2013