Saturday, June 2, 2018

ဘယ်သူမုန်းမုန်း ကံမမုန်းဖို့လိုတယ်

ဘယ်သူမုန်းမုန်း ကံမမုန်းဖို့လိုတယ်

ဘဝမှာ အမုန်းဒဏ်ကို အပြုံးမပျက် ရင်ဆိုင်နိုင်ရင် အရှုံးမရှိဘူး။ အမုန်းဒဏ်ကို မခံနိုင်လို့ အမုန်းဖက်ရင်တော့ အရှုံးဘက်ပဲ ဦးတည်နေမှာပေါ့။ အမုန်းဆိုတာ ဒေါသရဲ့ သဘောပဲ။ ဒေါသကတော့ ဖြစ်ရင်ပူတယ်။ ပြီးရင် သွေးဆူတယ်။ ကိုယ်ကမုန်းရင်လည်း ကိုယ်ကပူမှာပဲ။ သူကမုန်းရင်လည်း သူပူမှာပဲ။ ဘယ်သူမဆို စ,မုန်းတဲ့သူက စ,ပူမှာပဲ။ ပူပြီးရင်လည်း လောင်တာပဲ။


 အချစ်ခံရလို့ ကျေနပ်တတ်တယ်ဆိုရင် အမုန်းခံရရင်လည်း ခံနိုင်ရည် ရှိရမယ်။ မုန်းလို့ မပြုံးနိုင်ဘူးဆိုရင် နှလုံးမသာမယာ ခံစားရတာလည်း ကိုယ်ပဲဖြစ်မှာပဲ။ သူမုန်းတာ သူ့အကြောင်း၊ ကိုယ်မပြောင်းဖို့က ကိုယ့်တာဝန်၊ ဘယ်သူဘယ်သူကိုမှလည်း အပြစ်တင်မနေနဲ့၊ မချစ်လို့မုန်းတယ်လို့ သဘောထား၊ ပြောင်းလဲတတ်တဲ့ သဘာဝလို့လက်ခံ၊ အမြတ်မကျန်ရင်လည်း ရှိပါစေ။ အရှုံးမပေါ်ဖို့သာ ကြိုးစားရမှာ မဟုတ်လား။

အမုန်းတရားဆိုတာ သူက ကိုယ့်ကိုမုန်းရင်လည်း ကိုယ်မကြိုက်သလို ကိုယ်ကသူ့ကို မုန်းရင်လည်း သူကြိုက်မှာ မဟုတ်ဘူး။ ကြိုက်ခြင်းမကြိုက်ခြင်းထက် မုန်းလို့ဖြစ်ရတဲ့ စိတ်ခံစားချက်က ပိုဆိုးတယ်။ ဒါပေမယ့် ပုထုဇဉ်သတ္တဝါတွေရဲ့ စိတ်က အချစ်ခံရတာကို လိုချင်သလောက် အမုန်းခံရမှာတော့ အတော်ကြောက်ကြတယ်။ ကြောက်နေလို့မပြီးဘူး ခံနိုင်ရည်ရှိဖို့က အရေးကြီးတယ်။

လူဘဝမှာ လူမုန်းခံရတာ မဆန်းဘူး။ ကံမုန်းမခံရဖို့ပဲ အရေးကြီးတယ်။ လူမုန်းခံရတာ တစ်ခဏ၊ တစ်ဘဝပဲ။ ကံမုန်းတာခံရရင်တော့ သံသရာနဲ့ချည်ပြီး ဒုက္ခရောက်မှာ မဟုတ်လား။ ဒါကြောင့် ဘဝမှာ ဘာပဲလုပ်လုပ် မုန်းချင်သူက မုန်းနေကြမှာဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်လောက်ပဲ မုန်းပါစေ ကိုယ်ဘက်ကတော့ အပြုံးမပျက် မေတ္တာဆက်နိုင်အောင် ကြိုးစားပါ။ သူမုန်းရင် သူပူမှာပဲ။ သူ့အပူ ကိုယ်မယူမိစေနဲ့။ လူမုန်းခံရတာ မကြောက်နဲ့၊ ကံအမုန်းမခံရဖို့ပဲ သတိပြုကာ နေထိုင်ကြရမှာပဲလေ။

 မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ