Friday, June 1, 2018

တရားအားထုတ်တယ်ဆိုတာ

 တရားအားထုတ်တယ်ဆိုတာ 

 ★ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေဆိုရင် တရားနာရင်းလဲပဲ တရားထူးရတာပဲ။ အဲ့တော့ တစ်ချို့က ပြောကောင်းပြောလိမ့်မယ်။ တရားအားမထုတ်ဘဲနဲ့ တရားရနိုင်သလားဆိုတာ။
★ အားထုတ်တယ်ဆိုတာ ဘာပြောတာလဲလို့ဆိုတော့၊ ကိုယ့်စိတ်နဲ့တရားနဲ့ ဆုံတွေ့ပြီး ဆင်ခြင်သုံးသပ်တာလေ၊ ဆင်ခြင်သုံးသပ်တာကို အားထုတ်တယ်လို့ ခေါ်တယ်။

 ★ မျက်စိမှတ်ပြီးတော့ ထိုင်နေတာနဲ့ တရားအားထုတ်တယ်လို့ ပြောတာ မဟုတ်ဘူး။ တရားကို ဟောနေတဲ့အချိန်မှာ တရားကို ရင်ထဲနှလုံးထဲရောက်အောင် စဉ်းစားပြီးတော့ ခန္ဓာကိုယ်နဲ့ ကပ်ပြီးတော့ ကြည့်နေတာဟာ တရားအားထုတ်နေခြင်းပဲ။ “Apply” လုပ်တယ်လို့ခေါ်တယ်။
 ★ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေဟာ အဲ့ဒီလို စူးစိုက်ပြီး တရားနာနေခြင်းသည်ပင်လျှင် တရားအားထုတ်နေခြင်းပဲ ဒီလိုမှတ်ရမယ်။.. တစ်ယောက်နှင့်တစ်ယောက် အရည်အချင်းခြင်း မတူသည့်အတွက်ကြောင့် အဲ့ဒီလို ခဏလေး အာရုံပြုလိုက်တာလေးနဲ့ပဲ တရားထူး တရားမြတ် အသိဉာဏ်တွေဟာ ပွင့်လင်းသွားနိုင်တယ်၊ ဒီလိုဆိုလိုတာ။
 ★ အသိဉာဏ်တွေဟာ ပွင့်လင်းသွားတယ်။ အဲ့ဒါကြောင့်မို့ ဘယ်သူပဲဖြစ်ဖြစ်၊ သောတာပန်ပဲ ဖြစ်ဖြစ်၊ သကဒါဂမ်ပဲဖြစ်ဖြစ် လမ်းကြောင်းဟာ တစ်ခုတည်းသော လမ်းကြောင်းပဲ။ ဒီလမ်းကြောင်းကပဲ သွားတာ။ တစ်ခြားလမ်းကြောင်းက သွားလို့မရဘူး။
 ★ အဲ့ဒါကို မြတ်စွာဘုရားဟောထားတဲ့ ထဲမယ် ဘယ်လိုပြောတုန်း၊ ဘယ်လို ဟောထားတုန်းဆိုတော့ သံသရာဝဋ်က လွတ်တိုင်း၊ တရားထူးတရားမြတ်ရတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ နီဝရဏတရားကို ဖယ်ရှားရမယ်။ သမာဓိစွမ်းအားနဲ့ နီဝရဏတရားတွေကို ဖယ်ရှားရမယ်။
 ★ ဗောဇ္ဈင်(၇)ပါးကို ပွားများအားထုတ်ရမယ်။ သတိပဋ္ဌာန်တရား(၄)ပါးပေါ်မှာ အခြေစိုက်ပြီးတော့ ဗောဇ္ဈင်(၇)ပါးကို ပွားများအားထုတ်ရမယ်။ အဲ့ဒီနည်းကလွဲလို့ ဘယ်ပုဂ္ဂိုလ်မှ သောတာပန်၊ သကဒါဂမ်၊ အနာဂမ် ဖြစ်သွားတာဆိုတာ မရှိဘူးလို့ ဒီလိုဆိုတယ်။
 ★ ဒါဖြင့် ဝိသာခါတို့ရော တရားနာရင်းဖြစ်တယ်ဆိုတာ ဘယ်အချိန် ကျင့်လိုက်တာတုန်းဆိုရင် တရားနာနေတုန်း ကျင့်လိုက်တာပဲလေ။ အသိဉာဏ်က အဓိကကိုး။ အဲဒီတော့ ဉာဏ်ဆိုတာက သဘောပေါက်နိုင်စွမ်းရှိတဲ့ စွမ်းရည်သတ္တိ အင်မတန်မှ ထူးခြားတယ် တစ်ဦးနှင့်တစ်ဦး မတူဘူး။
 ★ သမာဓိ ကျင့်စဉ်နဲ့ ဉာဏ်နဲ့က တခြားစီ၊ ဉာဏ်ဆိုတာ လင်းကနဲသွားတဲ့ အရာပဲ။ ရှင်းကနဲ သိသွားတဲ့ အရာ။ သိတာ သိလိုက်တာဟာ မသိတာနဲ့ ကပ်နေတာပဲ မဟုတ်လား။ မသိဘူးဆိုရင် တွေနေတယ်။
 ★ မသိဘူးက ခဏလေး၊ သိတယ်ဆိုတာနဲ့ ပျောက်သွားတယ်၊ မြန်တယ်။ ဒါကြောင့်မို့လို့ သိတာနဲ့ မသိတာ။ ဒင်္ဂါးနဲ့ပြောလို့ရှိရင် ကျောနဲ့ရင်သား ဒါပဲရှိတာ။ ဟိုဘက်ဒီဘက်လေ။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၁၀)မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
 Credit --- Shwe Thu