Friday, June 1, 2018

ဒုက္ခတွေက လွတ်မြှောက်ဖို့


 ဒုက္ခတွေက လွတ်မြှောက်ဖို့

★ သံသရာထဲမှာ နေသမျှ အသက်ရှည်တိုသာကွာတယ် နောက်ဆုံးမှာ သေခြင်းမှာပဲ အဆုံးသတ်တယ်။ သေခြင်းမှာအဆုံးသတ်သွားတာ ဘယ်လိုလုပ်ရပ်ပစ်လို့ရသလဲလို့ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားက ဟောပြောတယ် ၀ိပဿနာတရားကိုကျင့်ပြီး သင်္ခါရတွေပေါ်မှာ တွယ်တာမူတွေ လုံးဝကင်းစင်သွားမှ ကိလေသာတွေအကုန်ညိမ်းပြီဆိုတဲ့ နည်းစနစ်ကလွဲလို့ တခြားထွက်လမ်းမရှိဘူးတဲ့.. ဒီနည်းပဲ လုပ်စရာရှိတယ်။

 ★ အေး လောကလူသားတွေကတော့ သံသရာထဲမှာ ပျော်နေကြတယ်။ အခက်အခဲလေးကြုံ ဒုက္ခလေးကြံုလိုက်ရင် ငိုလိုက်တယ်။ မျက်ရည်လေး ကျလိုက်တယ် ပြီးတဲ့အခါကျ ရယ်မြဲရယ် မောမြဲမော။
 ★ လူတွေကြည့်ပေါ့ နာရေးနဲ့တွေ့တဲ့အခါကျ မျက်ရည်လေးပေါက် ပေါက်.. နောက်တရက်သွားကြည့် ပြံုးနေပြီ၊ ရယ်နေပြီ နောက်လေးငါးရက်ဆို ရယ်ပြီ။ ပြန်ပြီးရယ်နိုင်သေးတာပဲ မရယ်နိုင်တော့ဘူးဆိုတာ တခါမှမရှိဘူး ရယ်အုန်းမှာပဲ။ အဲ့တော့ ဒုက္ခဆိုတာကို မေ့ထားနိုင်ကြတယ်ပေါ့။ မေ့ထားနိုင်တယ်။
 ★ ဘာဖြစ်လို့ မေ့ထားနိုင်သလဲလို့ဆိုရင် တွယ်တာမူတွေက လွမ်းမိုးကြီးစိုးထားတယ်လေ.. အဲဒီ လွမ်းမိုးကြီးစိုးထားတဲ့ တွယ်တာမူတွေရဲ့အောက်မှာ လူတွေဟာ အပြံုးမပျက် ကျောကော့ပြီး ဒုက္ခဟူသမျှကို ရင်ဆိုင်နေကြရတယ်။ ဘယ်တော့ဆုံးမှာလဲလို့ဆိုရင် ဘယ်တော့မှမဆုံးဘူး။ အဲဒီဘယ်တော့မှမဆုံးတဲ့ ဒုက္ခကြီးကိုပဲ လူတွေဟာ ကျေနပ်နေသကဲ့သို့ ရှိတယ်လို့ ဒီလိုဆိုတယ်။
 ★ အဲ့ဒါကြောင့်မို့ သံဝေဂဆိုတာ ဗုဒ္ဓမြတ်စွာဘုရားပွင့်ပေါ်လာတဲ့အခါမှာ ခန္ဓာငါးပါးရုပ်နာမ်တရားတို့ရဲ့ မမြဲတဲ့သဘောတွေ ဆင်းရဲတဲ့သဘောတွေ ကိုယ်မပိုင်တဲ့သဘောတွေ နောက်ဆုံးမှာ ပျက်စီးဆုံးရှုံးသွားတဲ့သဘောတွေကို အကြိမ်ကြိမ်အထပ်ထပ် ကြံစည်သုံးသပ်ပြီးတော့ တွယ်တာမူကို လျော့ချနိုင်သမျှ လျော့ချ နောက်ဆုံး ဖယ်ရှားနိုင်မှသာလျှင် ဆင်းရဲဒုက္ခကနေ လွတ်မြှောက်မှာ ဖြစ်တယ် ဒီလိုဆိုလိုတာပေါ့နော်။
 ★ ဒုက္ခသုံးမျိုးထဲမယ် ဒုက္ခဒုက္ခ၊ သင်္ခါရဒုက္ခ၊ ၀ိပရိဏာမဒုက္ခ.. ဒုက္ခဒုက္ခဆိုတာ ခေတ္တခဏလွတ်မြှောက်အောင်လုပ်ထားလို့ရတယ်။ ဆိုပါစို့ ဗြဟ္မာဖြစ်နေပြီဆိုတဲ့အချိန်မှာ ကာယိကဒုက္ခလည်း မရှိဘူး စေတသိကဒုက္ခလည်းမရှိဘူး ဗြဟ္မာတွေချမ်းသာနေတယ် အဲ ၀ိပရိဏာမဒုက္ခတော့ရှိတယ် သင်္ခါရဒုက္ခရှိတယ်။
 ★ အဲတော့ ဒုက္ခတွေဆိုတာ လွတ်သွားတဲ့သတ္တဝါမရှိသလောက် သင်္ခါရနယ်တွင်းမှာ သုခစစ်စစ်ဆိုတာ ရှာလို့မရဘူးလို့ဆိုတယ်။ သင်္ခါရ ဒုက္ခကလွတ်မှသာလျှင်အားလုံးဟာ လွတ်မြှောက်တယ် ဒီလိုပြောရမယ်။
 ★ အဲဒါတွေလွတ်ဖို့ ဗုဒ္ဓရဲ့သမီးတော်တွေဟာ ရင်တွင်းစကားပြောကြားသွားသမျှဟာ ဒီဒုက္ခတွေနဲ့ သူတို့ကိုယ်တိုင်ရင်ဆိုင်တွေ့ပြီး ဒီဒုက္ခတွေက လွတ်မြှောက်ဖို့အတွက် ကျင့်ကြံကျိုးကုတ် အားထုတ်သွားကြတာဖြစ်တယ်။
 ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 (ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား အပိုင်း(၁၀)မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
 Credit --- Shwe Thu