ဗုဒ္ဓရဲ့သမီးတော်များ၏ ရင်တွင်းစကား
★ သံသရာထဲမှာ နေသမျှ အသက်ရှည်တိုတာသာကွာတယ် နောက်ဆုံးမှာ သေခြင်းမှာပဲ အဆုံးသတ်တယ်။ အဲ့သေခြင်းမှာအဆုံးသတ်သွားတာ ဘယ်လိုလုပ် ရပ်ပစ်လို့ရသလဲလို့ဆိုရင်... "မြတ်စွာဘုရားဟောပြောတဲ့ ဝိပဿနာတရားကိုကျင့်စေပြီး သင်္ခါရတွေပေါ်မှာ တွယ်တာမှုတွေ လုံးဝကင်းစင်သွားမှ၊ ကိလေသာတွေ အကုန်ငြိမ်းပြီဆိုတဲ့ နည်းစနစ်" ကလွဲလို့ တခြားထွက်လမ်းမရှိဘူးတဲ့။ ဒီနည်းပဲ လုပ်စရာရှိတယ်။★ လောကလူသားတွေကတော့ သံသရာထဲမှာ ပျော်နေကြတယ်။ သံသရာထဲမှာ ပျော်နေတာ အခက်ခဲလေးကြုံ ဒုက္ခလေးကြံုရင် ငိုနေလိုက်တယ်။ မျက်ရည်လေးကျလိုက်တယ်။ ပြီးတဲ့အခါကျတော့ ရယ်မြဲရယ်တယ်။ မောမြဲမောနေတယ်။
★ လူတွေကြည့်ပေါ့... နာရေးနဲ့တွေ့တဲ့ အခါ မျက်ရည်လေးပေါက်ပေါက်၊ နောက်တစ်ရက်သွားကြည့် ပြံုးနေပြီ၊ ရယ်နေပြီ၊ နောက် (၄) (၅) ရက်ဆို ရယ်ပြီ။ အဲတော့ ပြန်ပြီး ရယ်နိုင်သေးတာပဲ။ မရယ်နိုင်တော့ဘူဆိုတာ တစ်ခါမှ မရှိဘူး။ ရယ်အုံးမှာဘဲ။
★ အဲ့တော့ ဒုက္ခဆိုတာကို မေ့ထားနိုင်ကြတယ်ပေါ့။ မေ့ထားနိုင်တယ်။ ဘာဖြစ်လို့ မေ့ထားနိုင်သလဲဆိုရင်တွယ်တာမှုတွေက လွှမ်းမိုးကြီးစိုးထားတယ်လေ။
★ တွယ်တာမှုတွေက လွှမ်းမိုးကြီးစိုးထားတယ်၊ အဲ့ဒီလွှမ်းမိုးကြီးစိုးထားတဲ့ တွယ်တာမှုတွေရဲ့ အောက်မှာ လူတွေဟာ အပြံုးမပျက် ကျောကော့ပြီး ဒုက္ခဟူသမျှကို ရင်ဆိုင်နေကြရတာပဲ။
★ ဘယ်တော့ဆုံးမှာလဲ လို့ဆိုရင် ဘယ်တော့မှ မဆုံးဘူး။ အဲ့ဒီဘယ်တော့မှ မဆုံးတဲ့ ဒုက္ခကြီးကိုဘဲ လူတွေက ကျေနပ်နေသကဲ့သို့ ရှိတယ်လို့ ဒီလိုဆိုတာ။
★ အဲ့ဒါကြောင့်မို့ သံဝေဂဆိုတာ ဗုဒ္ဓမြတ်စွာပွင့်ပေါ်လာတဲ့ အခါမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ ့ မမြဲတဲ့သဘောတွေ၊ ဆင်းရဲတဲ့ သဘောတွေ၊ ကိုယ်မပိုင်တဲ့ သဘောတွေ၊ နောက်ဆုံးမှာ ပျက်စီးဆုံးရှုံးသွားတဲ့ သဘောတွေကို အကြိမ်ကြိမ်အထပ်ထပ်ကြံစည်သုံးသပ်ပြီးတော့ တွယ်တာမှုကို လျှော့ချနိုင်သမျှ လျှော့ချ နောက်ဆုံး ဖယ်ရှားနိုင်မှသာလျှင် ဆင်းရဲဒုက္ခက လွတ်မြောက်မှာဖြစ်တယ်.. ဒီလိုဆိုတာပေါ့ နော်။
★ ဒုက္ခ ၃ မျိုးထဲမယ် ဒုက္ခ ဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ။ ဒုက္ခ ဒုက္ခ ဆိုတာ ခေတ္တလွတ်အောင် လုပ်ထားလို့ရတယ်။ ဆိုပါစို့ ဗြဟ္မာဖြစ်နေပြီဆိုတဲ့ အချိန်မှာ ကာယိက ဒုက္ခလည်း မရှိဘူး၊ စေတသိက ဒုက္ခလည်း မရှိဘူး၊ ဗြဟ္မာတွေ ချမ်းသာနေတယ်။ အဲ… ဝိပရိဏာမ ဒုက္ခတော့ ရှိတယ်။ သင်္ခါရ ဒုက္ခ ရှိတယ်။
★ အဲ့တော့ ဒုက္ခတွေဆိုတာဟာ လွတ်သွားတဲ့ သတ္တဝါ မရှိသလောက် ။ သင်္ခါရနယ်အတွင်းမှာ သုခစစ်စစ်ဆိုတာ ရှာလို့မရဘူးလို့ ဆိုလိုတယ်။
★ သင်္ခါရ ဒုက္ခက လွတ်မှသာလျှင် အားလုံးဟာ လွတ်မြောက်တယ်လို့ ဒီလိုပြောရမယ်။ အဲ့ဒါတွေလွတ်ဖို့ ဗုဒ္ဓရဲ့သမီးတော်တွေဟာ ရင်တွင်းစကား ပြောကြားသွားသမျှဟာ ဒီဒုက္ခတွေနဲ့ သူတို့ကိုယ်တိုင် ရင်ဆိုင်တွေ့ပြီး ဒီဒုက္ခတွေက လွတ်မြောက်ဖို့အတွက် ကျင့်ကြံုကြိုးကုတ်အားထုတ်သွားကြတာဖြစ်တယ်။
★ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ သူတို့သွားတဲ့ လမ်းကြောင်းအတိုင်း မိမိတို့လည်း ဒီလိုသွားနိုင်မှ ဒီဒုက္ခက လွတ်မယ်။ မဟုတ်ဘူးဆိုလို့ရှိရင် ဒုက္ခထဲမှာ ဒီလိုပဲ တဝဲလည်လည် နေကြအုံးမှာပဲဖြစ်တယ် ဒီလိုဆိုတာပေါ့နော်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “မြတ်ဗုဒ္ဓဧ။်သမီးတော်များတရားတော် အပိုင်း(၁၀)” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu