Thursday, May 31, 2018

နန္ဒမာတာ မိန်းမမြတ်

နန္ဒမာတာ မိန်းမမြတ်


ရွှေဘုန်းတော်သခင် ဘုရားရှင်လက်ထက်တော်တုန်းက ရာဇဂြိုဟ်ပြည်ရဲ့တောင်ဘက်၊ ဝေဠုကဏ္ဍကီ အမည်ရှိတဲ့မြို့မှာ ‘နန္ဒမာတာ’ လို့ ခေါ်တဲ့ သူဋ္ဌေးမတစ်ယောက်ရှိခဲ့ဖူးပါတယ်။ အဲဒီသူဌေးမဟာ… (၁) စင်ကြယ်သန့်ရှင်းတဲ့ ကိုယ့်ကျင့်သီလနဲ့လည်း ပြည့်စုံတယ်။ (၂) နေ့စဉ် နေလွဲညစာ မစားပဲ ရှောင်ကြဉ်နိုင်တဲ့ အကျင့်နဲ့လည်း ပြည့်စုံတယ်။ (၃) မြတ်စွာဘုရားဟောတော်မူသမျှ ပိဋကတ်သုံးပုံကိုလည်း နှုတ်ငုံရွက်ဆောင်နိုင်တယ်။
(၄) စျာန်သမာပတ် ချမ်းသာနဲ့တကွ အနာဂါမ်တည်ပြီးသူ အရိယာမိန်းမမြတ်လည်းဖြစ်တယ်။ (၅) ကြွယ်ဝချမ်းသာတဲ့ သူဌေးသမီးဖြစ်ရုံတင်မက ယူရာမထင် ပြန်ပြန်ပြည့်တဲ့ သလေးစပါးနီ စပါးကျီပေါင်း တစ်ထောင့်နှစ်ရာငါးဆယ်ရဲ့ အရှင်သခင်မလည်း ဖြစ်တယ်။

နန္ဒမာတာရဲ့အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာလည်းကောင်းသလို ဗုဒ္ဓဘာသာဝင် အမျိုးကောင်း သား-သမီးတွေအတွက် စံထားစရာလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် တရားအားထုတ်တယ်ဆိုပြီး၊ ဝိပဿနာ မှတစ်ပါး ဒါနမှုပြု၊ သီလဆောက်တည်၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွါး၊ မေတ္တာပို့တာတွေကို အပိုအလုပ်လိုလို ထင်မြင်ယူဆပြီး ပစ်ပယ်လုမတတ် ဖြစ်သွားကြသူတွေအနေနဲ့ အနာဂါမ်အရိယာဖြစ်ပြီးသူ နန္ဒမာတာ အကြောင်းလေးကို လေ့လာကြည့်စေချင်ပါတယ်။ တရားတော်ကို ပူဇော်ပါ တစ်ခုသော ညကာလ၊ ဘုံခုနစ်ဆင့်ရှိတဲ့ ပြဿာဒ်ထက်မှာ နန္ဒမာတာ မိန်းမမြတ်ဟာ သမာပတ် ဝင်စားပြီး အေးချမ်းတဲ့ ညကာလကို ကောင်းကောင်းကြီး အသုံးချနေခဲ့ပါတယ်။

သမာပတ်က ထပြီးတဲ့နောက် မိုးသောက်ယာမ် ကာလက ကျန်နေသေးတယ်။ “ကျန်နေသေးတဲ့ ညဉ့်ကာလကို ဘယ်လိုမွေ့လျော်ခြင်းမျိုးနဲ့ မွေ့လျော်ပြီး ကုန်လွန်စေရင်ကောင်းမလဲ” စဉ်းစားတယ်။ “တရားတော်နှင့်မွေ့လျော်မယ်” ဆိုပြီးတော့ ဂါထာပေါင်း နှစ်ရာ့ငါးဆယ်လောက်ရှိတဲ့ “ပါရာယန သုတ္တန်” ဒေသနာတော်ကို သာသာယာယာရွတ်ဆိုပြီး နေလိုက်တယ်။

 {ပါရာယနသုတ္တန်ဆိုတာက ရာဇဂြိုဟ်ပြည်၊ ပါသာဏစေတိယကျောင်းမှာ ဗာဝရီရသေ့ကြီးရဲ့တပည့် ရသေ့ပေါင်း တစ်သောင်းခြောက်ထောင် တစ်ဆယ့်ခြောက်ယောက် စိတ်ထဲက မေးလျှောက်သမျှကို ဘုရားရှင်က နှုတ်တော်က ထုတ်ဖော်ပြီး ဟောတော်မူထားတဲ့ တရားတော်ဖြစ်တယ်။} ဒါကိုကြည့်ရင် ပရိတ်ရွတ် မေတ္တာပို့စတာတွေဟာ အပိုအလုပ်မဟုတ်ဘူး၊ အနာဂါမ်တည်ပြီးသား အရိယာ ဥပါသိကာမကြီးတို့သော်မှ ဘုရားတရားတော်တွေကို ရွတ်ဖတ်သရဇ္စျာယ်ပြီးတော့ အခါအားလျော်စွာ မွေ့ပျော်နေခဲ့ကြောင်း၊ အရွတ်အဖတ်ကိုချည်းသာ ဝါသနာထုံသူတွေအနေနဲ့လည်း ညရဲ့ရှေ့ပိုင်းမှာ တရားအားထုတ် သမာပတ်ဝင်စားနေခဲ့တဲ့ နန္ဒမာတာထုံးကို နှလုံးမူပြီးတော့ အရွတ်သက်သက်နဲ့လည်း မဖြစ်သေး၊ အားထုတ်ဖို့လည်း ကြိုးစားသင့်သေးကြောင်း သတိထားမိကြ လိမ့်မယ်လို့ ထင်ပါတယ်။

 တရားနာပရိတ်သတ်တွေ ရှိပါတယ် ပြဿာဒ်ထက်ကနေ သာသာယာယာ ရွတ်ဆိုနေတဲ့ နန္ဒမာတာရဲ့ တရားတော်အသံကို နာကြားမယ့်သူ တစ်ယောက် ဆိုက်ရောက်လာခဲ့ပါတယ်။ သူကတော့ ကိစ္စတစ်ရပ်နဲ့ မြောက်အရပ် ကနေ တောင်အရပ်သို့ နာရီဝါဟန ယာဉ်သာကြီးကိုစီးပြီး ခြွေရံသင်းပင်းအစုံအလင်နဲ့ ခရီးထွက်လာတဲ့ ဝေဿဝဏ် နတ်မင်းကြီးပဲ ဖြစ်ပါတယ်။

နန္ဒမာတာရဲ့ တရားတော်သံကို ကြားလိုက်ရတဲ့ နတ်မင်းကြီးဟာ သူ့ယာဉ်ကို ရပ်တန့်စေပြီး တရားတော်ကို နာယူပါတယ်။ တရားတော်ပြီးဆုံးတဲ့အခါမှာတော့ “နှမကြီး၊ သာဓု သာဓု” ဆိုပြီးတော့ ကောင်းချီးပြုတယ်။ ဒီနေရာမှာ အရှင်မဟာသီလဝံသက သူ့ရဲ့ပါရာယနဝတ္ထုမှာ........ ဝေဿဝဏ်နတ်မင်းကြီး သာဓုခေါ်ပုံကို “တရားနာ ပြီးဆုံးသောအခါ၌ ရွှေပန်းတရာစည်သဖွယ် ကဲ့သို့သော (ရွှေပန်တျာစည်) လည်တော်၏ တင့်တယ်ခြင်းကို ဖော်၍ တင့်တယ်စေလျက် ‘နှမကြီး၊ အံ့ဖွယ်ဖြစ်စွ’ ဟု ကောင်းချီးပေး၏။ ဘုရားမြတ်စွာ၊ ပါသာဏစေတိယမည်သော ကျောင်းတော်၌ နေတော်မူလျက် တစ်သောင်းခြောက်ထောင်တစ်ကျိပ် ခုနစ်ယောက်သော ပါရာယနိက ရသေ့ပုဏ္ဏားတို့ကို တိုင်တည်၍ ဟောတော်မူသည့်နေ့မှ ယခုနေ့ကား အထူးမရှိ၊ အတူတည်း။ နှစ်တုံးပြတ်ဖြတ်သော ရွှေတုံး ကဲ့သို့ နှမကြီးရွတ်သော ဂါထာသည် ဘုရားမြတ်စွာ ဟောတော်မူသော ဂါထာလည်းကောင်းတည်း ။ နှမကြီးလည်း အမှတ်မြဲစွာ၏။ နှမကြီး၏ ဟောသံလည်း နားသာစွာ၏။ ငါလည်းသာဓုခေါ်ပါ၏။ ဟု ကောင်းချီးပေးလင့်၏ ” ဆိုပြီးတော့ အဋ္ဌကထာလာစကားရပ်ကို မြန်မာစကားပြေအသွားနဲ့ ကြည်နူးဖွယ် ဖော်ပြထားတာကို တွေ့ရတယ်။

 ဒါကိုကြည့်ရင် ဘုရားရဲ့တရားတော်ကို နာခံလိုသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အချိန်အခါမရွေး ရှိနေနိုင်ကြောင်း သိကြရပါတယ်။ တရားတော်တွေကို ရွတ်ဖတ်ပူဇော်ကြသူတွေအနေနဲ့က အန္တရာယ်ကင်းအောင်၊ ကျန်းမာရေးကောင်းအောင်၊ စီးပွါးဥစ္စာတိုးတက်အောင် စသဖြင့် မျှော်လင့်ချက် အမျိုးမျိုးနဲ့ ရွတ်ဖတ်နေကြတာမျိုးတွေ ရှိနိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အဖြစ်သဘော ဟောဟော ဒိုင်းဒိုင်း ရွတ်ဖတ်တာနဲ့စာရင် နားထောင်ချင်စဖွယ်ဖြစ်အောင် သာသာယာယာရွတ်ဆိုမှု၊ အသံထွက်ကျနမှန်ကန်မှုတို့ကို ဂရုစိုက်ပေးရင် နာခံရသူတွေအတွက် ပိုပြီးကောင်းပါတယ်။ အခန့်သင့်လို့ ကြားနာခွင့်ရလိုက်ကြမယ့် မြင်အပ် မမြင်အပ် ဓမ္မမိတ်ဆွေတွေအတွက် ကြည်နူးစရာလည်း ဖြစ်ပါမယ်။

ရွတ်ဖတ်ကြသူတွေအနေနဲ့ စောစောက ပြောခဲ့သလို မည်သည့်ရည်ရွယ်ချက်မျိုးနဲ့ပဲ ရွတ်ရွတ် တရားတော်ကို ရွတ်ဖတ်သရဇ္စျာယ်ဖို့ စိတ်ကူးကလေးရပြီး ရွတ်ဖတ်ဖြစ်ကြရုံနဲ့တင် ချီးကျူးစရာဖြစ်နေပါပြီ။ ပစ္ဆိမဘဝိက (ဒီဘဝ နောက်ဆုံးပိတ် ရဟန္တာဖြစ်ကို ဖြစ်ရမယ့်) ညီတော်မင်းနန် တို့သော်မှ နတ်သမီးကိုလိုချင်လို့ တရားအားထုတ်ခဲ့တာမဟုတ်လား။ တစ်ခုတော့ရှိတယ်။

မိမိရွတ်ဖတ်နေတဲ့ တရားတော်ကို မိမိတို့ဘာသာစကားနဲ့ ဘာကိုဆိုလိုမှန်းသိထားပြီးတော့ ရွတ်ဖတ်ရင်တော့ ကိုယ့်အတွက် ပိုကောင်းသွားတာပေါ့။ တရား, တရား ရွတ်ဖန်များတော့ တရားထဲက တရားတွေရလာနိုင်တယ်ဆိုတာ အဓိပ္ပါယ်ကိုသိပြီး ရွတ်ဖတ်သူတွေမှသာ ရနိုင်တဲ့ အကျိုးထူးတစ်ခုပါ။ ဒီနေရာမှာ ဦးဇင်းတို့ ကျေးဇူးရှင် ဆရာသမားများက ဆုံးမကြပုံကလေးကိုပါ ဖော်ပြလိုပါသေးတယ်။ ဆရာသမားတွေက “ဒီမယ်မောင်၊ ပရိတ်ပဲရွတ်ရွတ်၊ ဂါထာတော်တွေပဲ ရွတ်ရွတ်၊ ဒါတွေဟာ ဘုရားရှင်ရဲ့ နှုတ်တော်ထွက်တွေပဲလို့ ယုံကြည်ပြီးရွတ်၊ ပြီးတော့ ဘုရားရှင့် တရားတော်တွေကို မောင့်ပါးစပ်မှာတင်ပြီး ရွတ်ဖတ်ခွင့်ကြုံတာ အင်မတန် ကံထူးလို့ပဲမှတ်၊ မောင့်လို ဘုရားတရားတော်တွေကို ရွတ်ဖတ်ခွင့်မသာတဲ့သူတွေ မောင့်ပတ်ဝန်းကျင်မှာ အများကြီးရှိနေတယ်၊ တရားတော်ကို ရွတ်ဖတ်ပူဇော်တာက လောကုတ္တရာတရားကိုးပါးအား လျော်ကန်လျောက်ပတ်တဲ့ ဓမ္မာနုဓမ္မပဋိပတ်အကျင့်- ဓမ္မပူဇာ ကုသိုလ်တော်ကြီး၊ တစ်ခါ ဒီတရားတော်ကို အလိုရှိသူတွေလည်း ကြားနာခွင့်ရကြပါစေဆိုပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ နတ်လူတွေကို တရားအလှူပေးမယ်ဆိုတဲ့ စိတ်ထားနဲ့ ရွတ်ဖတ်ပူဇော်ရင် အဲဒါ ဓမ္မဒါနကုသိုလ်ကြီးကိုပါ ဆည်းပူးပြီးသား ဖြစ်သွားပြီ။

 မောင့်တရားတော်သံကို နာခံကြရသူတွေ အနေနဲ့ကလည်း ဓမ္မဿဝနကုသိုလ်ကြီးကို ရသွားနိုင်တယ် မောင်ရဲ့။ မပေါ့နဲ့” လို့ ဆုံးမဖူးပါတယ်။ နန္ဒမာတာအတွက် နတ်မင်းကြီး၏ ဓမ္မပူဇာအလှူ ဝေဿဝဏ်နတ်မင်းကြီးက အဲသလို သာဓုခေါ်လိုက်တဲ့အခါ “သာဓု ခေါ်တာ ဘယ်သူများပါလဲ အရှင်” ဆိုပြီးတော့ နန္ဒမာတာကမေးလိုက်တယ်။ “နှမကြီး၊ သင့်ရဲ့မောင်ကြီးဖြစ်တဲ့ ဝေဿဝဏ်နတ်မင်းကြီးပါ” ဆိုပြီး ဟိုက ပြန်ဖြေတယ်။ “အရှင်နတ်မင်းကြီး၊ ကောင်းမြတ်လှပါတယ်။ သာဓုခေါ်တော်မူတဲ့အတွက် ကျွုနု်ပ်ရွတ်ဆိုတဲ့ တရားတော်သည် သင်နတ်မင်းကြီးအတွက် တရားလက်ဆောင် ဖြစ်ပါစေ” ဆိုပြီး တရားအလှူရဲ့အဖို့ကို ပေးဝေလိုက်တယ်။ ဝေဿဝဏ်နတ်မင်းကြီးက “နှမကြီး၊ ငါ့ကိုပေးဝေတဲ့ ဤတရားတော်ကိုလည်း ဧည့်လက်ဆောင်အဖြစ် ငါခံယူပါတယ်၊ နက်ဖြန်မိုးသောက်တဲ့အခါ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန် မထေရ်မြတ်တို့ နောက်တော်ပါ သံဃာတွေနဲ့ ကြွရောက်တော်မူလာကြလိမ့်မယ်၊ အရှင်မြတ်တို့ကို ဆွမ်းလုပ်ကျွေးပြီး ငါ့ကိုအမျှပေးဝေပါဦး၊ အဲသလို အမျှပေးဝေတာသည်လည်း ငါ့အတွက် ဧည့်လက်ဆောင်ဖြစ်ပါ လိမ့်ဦးမယ် နှမကြီး” ဆိုပြီး သာဓုလည်းခေါ် သတင်းကောင်းလည်းပါးပါတယ်။ သတင်းကောင်းပါးပြီးတဲ့နောက် တရားတော်ကို နာကြားခွင့် ရသူများအနေဖြင့် တရားဟောပုဂ္ဂိုလ်ကို ပူဇော်ရိုးကျင့်ဝတ် ရှိကြသည့်အလျောက် သလေးစပါးကျီကြီးတွေနဲ့ ပူဇော်ခဲ့တယ်။

 အဲသလို ပူဇော်ခဲ့ကြောင်းကို “နှမကြီး၊ ပါရာယနတရားကို သရဇ္စျာယ်သည်တည်း၊ တရားဟောမည်စေ။ ငါလည်း တရားနာမည်ပါစေ။ တရားဟောအား တရားနာမည်သည် ပူဇော်ပြီးဖြစ်သောကြောင့်၊ နှမကြီး တရားဟောအား ပူဇော်ရသော ကျင့်ဝတ်အလျောက် ပူဇော်ပါ၏” ဟု သလေးစပါးနီ အတိပြီးသော၊ တစ်ထောင့်နှစ်ရာငါးဆယ်မျှသော စပါးကျီကြီးတို့ကို ဆောက်နှင်းခဲ့၏။ ‘နှမကြီး အသက်သ၍လျှင် ဤမျှလောက်သော ကျီတို့သည် ယူရာမထင်၊ အပြည့်ပင် ဖြစ်စေသော’ ဟု နတ်မင်းကြီး အဓိဋ္ဌာန်ဖြင့် ဆောက်တည် ခဲ့သတည်း” ဟု အဋ္ဌကထာလာစကားရပ်ကိုမှီးပြီးတော့ အရှင်မဟာသီလဝံသက သူရဲ့ပါရာယနဝတ္ထုမှာ တခန်းတနား ရေးသားပြထား ခဲ့တာကို တွေ့ရပါတယ်။

 ဒီနေ့ခေတ်မှာလည်း ဘယ်ဂါထာတော်ကိုရွတ်လို့ ရာထူးတက်သွားတယ်၊ အန္တရာယ်က လွတ်ကင်းသွားတယ်၊ စီးပွါးတွေတက်လာတယ်ဆိုတာကို ကြားနေဖတ်နေကြရပါတယ်။ ယုံချင်စရာကောင်းတဲ့ အဖြစ်အပျက်မျိုးတွေရှိသလို တိုက်ဆိုင်သွားတာမျိုးတွေလည်း ရှိနေကြပါတယ်။

စာရေးသူရဲ့ ပုဂ္ဂလိကအမြင်ကတော့ စိတ်ကူးနဲ့ကြံဆလို့ လုံးဝမဖြစ်နိုင်တဲ့ တစ်ချို့ဖြစ်ရပ်တွေဟာ မမြင်အပ်တဲ့ တရားနာပရိတ်သတ်တွေရဲ့ ဓမ္မပူဇာလက်ဆောင်တုန့် ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ ယူဆပါတယ်။ သို့သော် အထူးသတိထားသင့်ကြတာက လူ့လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့ လုံ့လဝီရိယ စိုက်ထုတ်မှုတွေကို မပြုပဲ ဂါထာမန္တန် အားကိုးလွန်ပြီး ဂါထာရူး မန္တန်ရူးဘဝ ရောက်မသွားကြဖို့ကိုပါ။ တကယ်ဖြစ်သင့်တာက တရားတော်တွေကို ရွတ်ဖတ်ပူဇော်တဲ့ နေရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ စာရေးသူတို့ဆရာသမားများရဲ့ အဆုံးအမများအတိုင်းလိုက်နာနိုင်ရင် အကောင်းဆုံးပါပဲ။ ဖြစ်နိုင်ရင် တစ်စုံတစ်ခုကို လိုချင်လို့ တရားတော်ကို ရွတ်ဖတ်ပူဇော်တယ်ဆိုတာထက် ပိုပြီးလေးနက်သင့်ပါတယ်။

 နန္ဒမာတာကတော့ “ကျန်နေသေးတဲ့ ညအချိန်ကို တရားတော်နဲ့ မွေ့လျော်မယ်” ဆိုတဲ့ စိတ်နေစိတ်ထားရိုးရိုးကလေးနဲ့ တရားတော်ကို ရွတ်ဖတ်ပူဇော် သရဇ္စျာယ်နေခဲ့တာပါ။ နန္ဒမာတာရဲ့ အံ့ချီးဖွယ် ဂုဏ်ရည်များ နောက်တစ်နေ့ရောက်တော့ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်တွေကို နေအိမ်သို့ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်။ ဆွမ်းဘုန်းပေးပြီးတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်မြတ်က “သံဃာတော်တွေ ကြွလာမယ်ဆိုတာ ဘယ်သူပြောလို့ သိသတုန်း” မေးတော်မူတဲ့ အတွက် ဝေဿဝဏ်နတ်မင်းကြီး ပြောခဲ့ကြောင်း အစအဆုံး လျှောက်ထားရပါတယ်။

 ပြီးတဲ့နောက် “အရှင်မြတ်ဘုရား၊ တပည့်တော်မဆွမ်းအလှူမှာ ပုဗ္ဗမုဥ္စစေတနာ ကုသိုလ်နှင့် အပရစေတနာ ကုသိုလ်သည် ဝေဿဝဏ်နတ်မင်းကြီး ချမ်းသာခြင်းအတွက် ဖြစ်ပါစေသား” ရယ်လို့ လျှောက်ထား လိုက်တယ်။ အဲဒါဟာ အမျှဝေဖို့တောင်းဆိုခဲ့တဲ့ ဝေဿဝဏ်နတ်မင်းကြီးကို အမျှပေးဝေလိုက်တာပါပဲ။ အရှင်သာရိပုတ္တရာက “နန္ဒမာတာ၊ အံ့သြစရာကွယ်၊ မဖြစ်စဖူး အဖြစ်ထူးလိုက်လေ၊ သင့်လိုလူသားတစ်ယောက်က သည်လိုတန်ခိုးအာနုဘော်ကြီးမားတဲ့ ဝေဿဝဏ်နတ်မင်းကြီးနဲ့ မျက်မှောက် ထင်ရှား စကားပြောခွင့်ရတတ်ပါပေတယ်” လို့ မိန့်တော်မူတယ်။

နန္ဒမာတာက “အရှင်ဘုရား၊ ဒါက အံ့သြစရာမဟုတ်သေးပါ၊ တပည့်တော်မမှာ တခြားအံ့သြစရာကောင်းတာတွေ၊ ထူးထူးခြားခြားဖြစ်တာတွေ ရှိပါသေးတယ်ဘုရား” လို့ လျှောက်လိုက်တယ်။ အဲဒီ နောက်ထပ်လျှောက်ထားချက် (၇)ချက်ကို မြန်မာ စကားပြေ အရေးအသား ခေတ်ဦးရဲ့အရသာကိုလည်း ခံစားရ၊ ပိုပြီးတော့လည်းလေးနက်ရလေအောင် အရှင်မဟာသီလဝံသရဲ့ အရေးအသားတိုင်းဖော်ပြလိုက်ပါတယ်။ “(၁) အရှင်သာရိပုတ္တရာလည်း ‘တန်ခိုးကြီးသော နတ်မင်းနှင့်တကွ မျက်မှောက်ကင်္ကာ ဖူးတွေ့ရ၍ နန္ဒမာတာ နှုတ်ဆက်ရသောဟူသည် အံ့ဖွယ်သရဲ ဖြစ်စွတကား’ ဟု ကောင်းချီးပေး၏။

နန္ဒမာတာလည်း အကြိမ်ကြိမ်လျှင် အံ့ဖွယ်သရဲ ဖြစ်လောက်သော မိမိကျေးဇူးကို ဆိုပေ၏။ (၂) နန္ဒဟု အမည်ရှိသော အကျွန့်သားတစ်ယောက်သာတည်း။ ထိုသို့သောသားကို တစ်စုံတစ်ခုသော သေပျောက်လောက်သော အဖြစ်ကြီး၌ ယူငင်၍သတ်ညှစ်လေ၏။ အကျွန်၏နှလုံးသား တစိုးတစိ ဖောက်ပြန်ခြင်းမျှ မကြာ်သော မဖြစ်ဘဲလျှင် ကြပတေ့ပင် ဆည်းတားနိုင်သတည်း။  (၃) တစ်ဦးတုံ ကြမ္မာအလျောက် ဖိတ်စဉ်လေသော အကျွန့်လင်သည် ဘီလူးဖြစ်သတည်း။ တစ်ရံတစ်ရံလာလတ်၍ လူကအသွင်ဖြင့် မြင်မြဲတိုင်းပင် ပြလှာ၏။ ထိုပြလှာသည်ကို မြင်သော်လည်း အကျွန့်နှလုံး တွန့်တို မရှိသလျှင်ကတည်း။ (၄) တစ်ကြိမ်တုံ ငယ်သောအရွယ်ကလျှင် မိဘပေးစားသောလင်၏ အိမ်တွင် ရှိလှာ၏။ ထိုသို့ရှိလှာသော အခါကစ၍ လင်မှတစ်ပါးကို နှလုံးမျှ လွန်ကျူး၍ ကျင့်ဖူးလေသည်မရှိ။ (၅) အကြင်တစ်ဦးတုံ အကြင်သောအခါကစ၍ သာသနာတွင် ‘ဘုရား ဒါယိကာမ’ ဟု သရဏဂုံဆောက်တည်၍ ဝန်ခံစမူ၏။ ထိုသောအခါကစ၍ ပဥ္စသီတင်း ပျက်ဖူးသည်မရှိ။ (၆) အကြင်တစ်ဦးတုံ အကြင်အကြင်မျှလောက်သော စျာန်သမာပတ်ချမ်းသာကို မြတ်သောပုဂ္ဂိုလ်တို့ ခံ၏။ အကျွန်လည်း ထိုအတိုင်းလျှင် အလိုအလျောက် စျာန်ချမ်းသာကို ခံစားရ၏။ (၇) စျာန်သမာပတ် ချမ်းသာမှ တစ်ပါးလည်း လောကုတ္တရာအားဖြင့် သြရံဘာဂိယသံယောဇဉ်ငါးပါးကို အကျွန်၌ မဖျောက်နိုင်ဘဲ ကြွင်သည်မရှိ။ ဤသို့ခုနစ်ကြိမ်စေ့အောင်လျှင် မိမိကိုယ်၌ အမြဲဖြစ်သော အကျင့်ကို နန္ဒမာတာ မိန်းမမြတ် သည် ပြန်ပေသည့် အတိုင်းလျှင် သာရိပုတ္တရာအရှင်ကား အံ့ဖွယ်သရဲဖြစ် လျက် ကောင်းချီးပေးသည်နှင်နှင် တည်း ။ ဤသို့ဆိုအပ်ခဲ့ပြီးသော ကျေးဇူးအကျင့်၊ သီတင်းအာစာရတို့သည်ကား နန္ဒမာတာ မိန်းမမြတ်၏ ကျေးဇူးအာနုဘော်နှင်နှင်တည်း။

” ကျမ်းကိုး။ ။ * အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ မဟာယညဝဂ်၊ နန္ဒမာတာသုတ်၊ ပါဠိတော် *အရှင်မဟာသီလဝံသ၏ ပါရာယနဝတ္ထု။ *ဒဂုန်ဦးစန်းငွေ၏ ဗုဒ္ဓကိုယ်တိုင် ဖြေကြား ခဲ့ရသော မေးခွန်းနှင့် ပြဿနာများ။

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)