Thursday, May 31, 2018

"သပိတ်ကိုဆောင်ခွင့်ရစေသော"

"သပိတ်ကိုဆောင်ခွင့်ရစေသော" 

ဆွမ်းခံတဲ့အကျင့်မြတ်ဆိုတာ အဲဒီအကျင့်မြတ်ကိုလည်း ကြည်ညိုနိုင်၊ သဒ္ဓါတရားလည်းရှိနိုင်ကြတဲ့ ဒကာ-မတွေ ရှိတဲ့ အရပ်မှာသာ တည်ရှိနိုင်ပါတယ်။ အိုးခွက်ဆောင်စရာမလို စျေးဝယ်စရာမလို ရဟန်းပီပီ သပိတ်ကိုဆောင်ရုံမျှနဲ့ ပရိယတ် ပဋိပတ် အားထုတ်ခွင့်ရနိုင်တဲ့နေရာ ဆိုတာ ကမ္ဘာမှာ သိပ်ရှားသွားပါပြီ။ ဒီနေ့ခေတ် အိန္ဒိယ သီရိလင်္ကာတို့မှာ ပညာသင်နေကြတဲ့ ရဟန်းတော်အများစုဟာ သပိတ်မဆောင် အိုးခွက်ကိုဆောင်ပြီး ပညာသင်ယူနေကြရပါတယ်။


ဘာကြောင့်လဲ..? အိန္ဒိယမှာက ဗုဒ္ဓဘာသာမဟုတ်သူတွေများသွားပြီ၊ ဆွမ်းလောင်းရကောင်းမှန်း မသိတော့ဘူး၊ ဆွမ်းခံရနိုင်ဖို့ မလွယ်တော့ဘူး။ သီရိလင်္ကာနိုင်ငံကတော့ ဆွမ်းခံတဲ့အကျင့်ကို ဓုတင်အကျင့်မြတ် အဖြစ် လေးလေးနက်နက် ခံယူပြီး အင်မတန် ဆွမ်းလောင်းချင်ကြပါတယ်။ သို့သော် ရဟန်း အများစုကတော့ ဆွမ်းခံတယ်ဆိုတာ ရှက်စရာလို့ ထင်ကုန်ကြပြီ။

လေ့လာသူတစ်ချို့ကတော့ သီရိလင်္ကာသည် ဒတ်ချ်၊ ပေါ်တူဂီ၊ အင်္ဂလိပ်တို့လို ခရစ်ယာန် သာသနာပြုမင်းတွေလက်အောက်မှာ နှစ်ပေါင်း (၄၀၀) လောက် နေထိုင်ခဲ့ရတဲ့ အတွက် အဲဒီဘာသာရဲ့ ရိုက်ခတ်မှုတွေရှိခဲ့တယ်။ ရဟန်းငယ်တွေအနေနဲ့ ဆွမ်းခံရတာရှက်စရာလို့ ထင်ကုန်ကြတယ် ၊ တောင်းစားရတဲ့အလုပ် အင်မတန်အောက်ကျနောက်ကျနိုင်တဲ့အလုပ်လို့ ထင်ကုန်ကြတာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

 ဘာကြောင့်ပဲဖြစ်ဖြစ် မျက်မြင်အရ ဒီနေ့ခေတ် သီရိလင်္ကာမှာ ဆွမ်းခံတဲ့ ရဟန်းသာမဏေဆိုတာ သိပ်ရှားသွားပြီ။ ဒကာ-မတွေအနေနဲ့ ဆွမ်းလောင်းချင်စိတ် ရှိကြသော်လည်း စိတ်ရှိသလောက် ဆွမ်းလောင်းခွင့် မရကြတော့ဘူး။ (တောရွာဘက်တွေမှာတော့ အနည်းအကျဉ်းတွေ့ရ ပါသေးတယ်။)

................................................. မြန်မာပြည်မှာတော့ ဆွမ်းလောင်းခြင်းကုသိုလ်ကို အထွတ်အမြတ်ထားတဲ့ ဒကာ-မတွေ များစွာရှိနေသေး သလို ဆွမ်းခံခြင်းကျင့်ဝတ်ကို အလေးအနက်ထားတဲ့ ရဟန်း-သာမဏေတွေလည်း များစွာ ရှိနေပါသေးတယ်။

ဒီအချက်သည် ငွေများများလည်း အကုန်မခံနိုင်၊ ဆွမ်းဟင်းအမယ် များများလည်း မချက်ပြုတ်နိုင်၊ ဘုန်းကြီးကျောင်းအရောက် ဆွမ်းပို့ဖို့လည်း သီးသန့်အချိန်မပေးနိုင်တဲ့ ဒကာ-မတွေအတွက် တကယ့် အခွင့်အရေးတစ်ရပ်ပါပဲ။ မိမိတို့စားသောက်ဖို့ ချက်ပြုတ်သည့်အထဲက တစ်ဇွန်း တစ်ယောင်းမ လောင်းလှူရုံမျှဖြင့် ဆွမ်းဒါနကုသိုလ်ရှင် ဖြစ်စေနိုင်တဲ့ မဟာအခွင့်အရေးကြီးပါပဲ။

ရဟန်း-သာမဏေများအတွက်လည်း (စျေးခြင်းဆွဲစရာမလိုပဲ၊ အိုးခွက်ကို ဆောင်စရာမလိုပဲ၊ ထမင်းဆိုင်တွေမှာ သွားစားစရာမလိုပဲ) သပိတ်ကို ဆောင်ရုံမျှနဲ့ ဘောဇနသပ္ပါယမျှတစွာ ပရိယတ်- ပဋိပတ် အားထုတ်ခွင့်၊ ပြန်လည်ဟောပြောပို့ချခွင့်တွေ ရလိုက်ကြတာပါပဲ။ တကယ်တော့ ဆွမ်းခံခြင်း ဆွမ်းလောင်းခြင်းဆိုတာ ဒကာ-မတွေအတွက်ရော၊ ရဟန်းသာမဏေအတွက်ပါ အင်မတန်ကျေးဇူး များစေတဲ့ ကျင့်ဝတ်ကြီးတစ်ခုပါ။ ........................................................

စာရေးသူအနေနဲ့ ကံပစ်ချသည့်အတိုင်း တောမြို့ တောရွာလေးတွေမှာ (၆) နှစ်တိုင်တိုင် ကျောင်းထိုင် ခဲ့ဖူးကြောင်း ယခင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ အဲသလို ကျောင်းထိုင်ခဲ့စဉ်တုန်းက ဝါတွင်းကာလဆိုရင် ဆွမ်းခံကြွဖြစ်ခဲ့ပါတယ်။ တစ်ချို့ ကျောင်းဒကာတွေကတော့ သဘောမကျပါဘူး။ သူတို့ပို့တဲ့ ဆွမ်းနဲ့ မလုံလောက်လို့သာ ကျောင်းထိုင်ဘုန်းကြီး ဆွမ်းခံကြွရတယ်လို့ အထင်ခံရမှာ ရှက်ကြပါသတဲ့။ အဲသလိုမဟုတ်ကြောင်း အကျယ်တဝင့် ရှင်းပြရပါတယ်။ (ဒကာတွေက တပည့်တော်တို့ မျက်နှာကိုလည်း ထောက်ပါဦးဘုရားဆိုတဲ့အတွက် ဆွမ်းခံကျင့်ဝတ်ကိုဖျက်လိုက်ကြတဲ့ ရဟန်းတော်တွေ မနည်းလောက်ဘူးလို့လည်း အတွေးရောက်ခဲ့ပါတယ်။)

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွမ်းခံကြွတော်မမူဖို့ ဘုရာ့ခမည်းတော်ကြီးကိုယ်တိုင် ဘုရားရှင်ကို အသည်းအသန် တားမြစ်ခဲ့တာကို စာပေမှာ တွေ့ရတယ်။ သားဘုရားဆွမ်းခံကြွတဲ့အတွက် ဘုရင်တစ်မျိုးနွယ်လုံး သိက္ခာကျ အရှက်တကွဲဖြစ်ရတယ်ဆိုပြီး အသည်းအသန်လာတားနေတဲ့ ခမည်းတော်ကြီးကို "ခမည်းတော်မင်းကြီး ဤမဟာသမ္မတခတ္တိယ မင်းမျိုးမင်းနွယ်ဆိုသည်ကား သင်မင်းကြီးတို့ရဲ့ အမျိုးအနွယ်သာဖြစ်ပါတယ်။ သားဘုရားတို့သည်ကား ဒီပင်္ကရာ အစရှိသော ဘုရားရှင်တို့ရဲ့ အနွယ်သာ ဖြစ်တယ်။

ထိုနောင်တော်ဘုရားရှင်တို့သည်လည်း အိမ်စဉ်လှည့်လည်ဆွမ်းခံခြင်း အကျင့်မြတ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုတော်မူခဲ့ကြပါတယ်' လို့ ရှင်းပြတော်မူရတယ်။ ဒါ့အပြင် "ခမည်းတော်မင်းကြီး ရဟန်းဖြစ်သောသူသည် လူဒကာ-မတို့၏ အိမ်တံခါးဝ၌ သပ္ပါယ်စွာ ရပ်၍ရအပ်သောဆွမ်းကို မှီဝဲ သုံးဆောင်ပြီး ကျင့်ကြံအားထုတ်ရသည်။ အနေသနမဖက် ကောင်းစွာ ကျင့်အပ်သော ဆွမ်းခံလှည့်လည်ခြင်း အကျင့်ကို မချွတ်မယွင်း ကျင့်ရသည်။

ထိုသို့ကျင့်ကြံအားထုတ်သော ရဟန်းမှာ ပစ္စုပ္ပန် တမလွန်နှစ်တန်သော ဘဝ၌ ချမ်းသာစွာ နေထိုင်ရသည်။" စသဖြင့် ဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့ရဖူးပါတယ်။ တကယ်တော့ ဆွမ်းခံရတဲ့ ကောင်းကျိုးတွေဟာ မနည်းလှပါဘူး။ စာသင်သားဘဝ တုန်းကလည်း နေ့စဉ်ဆွမ်းခံမကြွမီနဲ့ ဆွမ်းခံကြွဆဲတွေမှာ မေတ္တာကောင်းကောင်း ပို့ဖြစ်ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးဘဝ ဆွမ်းခံကြွစဉ်မှာတော့ တစ်ချို့အိမ်မှာ လင်မယား ရန်ဖြစ်နေကြရင်တောင် "ဟေ့.. တော်ကြတော့၊ ဆရာတော် ဆွမ်းခံကြွလာနေတယ်" ဆိုတဲ့ ဟန့်တားသံတွေကို ကြားခဲ့ရတယ်။

 ကျောင်းထိုင် ဘုန်းကြီးကိုယ်တိုင် ရွာထဲဆွမ်းခံကြွတဲ့အတွက် ရွာသူ-ရွာသားတွေနဲ့ ကျောင်းထိုင်ဘုန်းကြီးမျက်နှာမစိမ်းတော့ဘူး။ ခါတိုင်းဆိုရင် တစ်လမှ တစ်ခါ အလှည့်ကျဆွမ်းပို့တဲ့ ကုသိုလ်မျိုးကိုသာ ရခဲ့ကြတဲ့ ရွာသူ-ရွာသားတွေအနေနဲ့ နေ့စဉ်ဝတ်မပျက် ဆွမ်းဒါနကုသိုလ်ပြုခွင့်တွေ ရခဲ့ကြတယ်။ ဘုန်းကြီးဆွမ်းခံကြွတဲ့လမ်းကို ဗွက်မပေါက် ကျောက်မစူးအောင် ဂရုစိုက်ပြုပြင်ပေးသူတွေ ပေါ်လာတယ်။ လမ်းကိုပြုပြင်သူတွေပေါ်လာတော့ ဘုန်းကြီးတင်မက တစ်ရွာလုံးလည်း ကောင်းကောင်းသွားလာကြရတော့တာပေါ့။ ပီတိဖြစ်စရာတွေချည်းပါပဲ။ .........................................

 စောစောက စကားကို ပြန်ကောက်ရရင် "ဒီနေ့ခေတ်မှာ အိုးခွက်ဆောင်စရာမလို စျေးဝယ်စရာမလိုဘဲ ရဟန်းပီပီ သပိတ်ကိုဆောင်ရုံမျှနဲ့ ပရိယတ် ပဋိပတ် အားထုတ်ခွင့်ရနိုင်တဲ့နေရာ ဆိုတာ ကမ္ဘာမှာ သိပ်ရှားသွားပါပြီ။ သပိတ်ပိုက်ပြီး ဆွမ်းခံကြွရင်ပင် သူတောင်းစားဆိုပြီး လိုက်ဖမ်းမယ့်နိုင်ငံတွေ၊ စစ်တပ်အစောင့်အရှောက်နဲ့ ဆွမ်းခံကြွနေရတဲ့ နိုင်ငံတွေ အများကြီး ပေါ်ပေါက်လို့လာနေပါပြီ။" မြန်မာပြည်ကြီးမှာတော့ ဘုရားအလိုတော်ကျ နည်းကောင်းလမ်းမှန် ဆွမ်းခံကျင့်ဝတ်ကို ထိန်းသိမ်းတော်မူထားကြတဲ့ ဆရာတော် သံဃာတော်တွေ၊ သဒ္ဓါတရား အားကြီးလှတဲ့ ဒကာ-မတွေ များစွာရှိနေသေးတဲ့အတွက် ရဟန်းပီပီ ကျင့်သုံးနေထိုင်ခွင့်တွေများစွာ ရှိနေပါသေးတယ်။

 မြန်မာပြည်တည်းဟူသော သာသနာ့ခံတပ်တော်ကြီးကို မကျဆုံးရလေအောင် စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်တော်မူနေ ကြတဲ့ ဆရာတော်သံဃာတော်တွေ၊ ရဟန်း-သာမဏေတွေ၊ သူတော်-သီလရှင်တွေ၊ ဒကာ-ဒကာမတွေ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် သာသနာတော်အကျိုး လောကကောင်းကျိုးကို သယ်ပိုးတော်မူနိုင်ကြပါစေသော...။ အိုးခွက်မဆောင် သပိတ်ဆောင်၍ သာသနာ့ဝန်ကို ဆောင်ခွင့်ရစေသော..။

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)