Thursday, May 31, 2018

ရဟန်းတော်များအနေဖြင့် မိခင်ဖခင်များကို ရှိခိုးသင့်- ရှိမခိုးသင့်

ရဟန်းတော်များအနေဖြင့် မိခင်ဖခင်များကို ရှိခိုးသင့်- ရှိမခိုးသင့်
 Ashin Eindacara။ ။ အရှင်ဘုရား ရဟန်းတစ်ပါးသည် မိဘထက်သီလဂုဏ်အားဖြင့် မြင့်ပါ၏။ သို့သော် မိဘကား ရဟန်း၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ပါ၏။ ထို့ကြောင့် ရဟန်းသည် မိဘ၏ဂုဏ်ကျေးဇူးကို အားရုံပြုကာ ခြေအစုံကို ရှိခိုးသော် မိဘဖြစ်သူတို့၌ အပြစ်ဖြစ်ပါသလား။ ရှိခိုးသင့် မခိုးသင့် သိချင်ပါတယ်ဘုရား။


 Ashin Visarada။ ။ စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက၌ ရဟန်းတို့ ရှိမခိုးထိုက်သောပုဂ္ဂိုလ် ဆယ်ယောက်နှင့် ရှိခိုးထိုက်သောပုဂ္ဂိုလ် သုံးယောက်တို့ကို ဟောကြားညွှန်ပြတော်မူထားပါတယ်။ "ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် (၁၀) ယောက်" ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။ ၁။ ရှေးဦးပ ဉ္စင်း ဖြစ်သူသည် နောက်မှ ပ ဉ္စင်းဖြစ်သူကို ရှိမခိုးအပ်၊

၂။ လူ သာမဏေကို ရှိမခိုးအပ်၊

 ၃။ နာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို ရှိမခိုးအပ်၊

 ၄။ မာတုဂါမကို ရှိမခိုးအပ်၊

 ၅။ ပဏ္ဍုက်ကို ရှိမခိုးအပ်၊

၆။ ပရိဝါသ်နေသော ရဟန်းကို ရှိမခိုးအပ်၊

 ၇။ အရင်းသို့ ငင်ထိုက်သော ရဟန်းကို ရှိမခိုးအပ်၊

၈။ မာနတ်ပေးခြင်းငှာထိုက်သော ရဟန်းကို ရှိမခိုးအပ်၊

၉။ မာနတ်ကျင့်ဆဲရဟန်းကို ရှိမခိုးအပ်၊

 ၁၀။ အဗ္ဘာန် သွင်းထိုက်သော ရဟန်းကို ရှိမခိုးအပ်၊ ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆယ်ဦးတို့တည်း။

 "ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ် (၃) ယောက်"

 ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤသုံးဦးတို့တည်း။

 ၁။ နောက်မှ ပ ဉ္စင်းဖြစ်သော သူသည် ရှေးဦးပ ဉ္စင်းဖြစ်သောသူကို ရှိခိုးထိုက်၏၊

၂။ နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးကို ရှိခိုးထိုက်၏၊

၃။ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ရှေးဘုရားတို့အတူ လာတော်မူသော ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာ ဘုရားကို ရှိခိုးထိုက်၏၊ ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤသုံးဦးတို့တည်းဟု (မိန့်တော် မူ၏)။ (စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက) .........................................................................................................

 အထက်ပါ ညွှန်ပြတော်မူချက်ကို ထောက်ဆပါလျှင်... - ဖခင်သည် လူဝတ်ကြောင်ဖြစ်နေမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။ - ဖခင်သည် ရဟန်းဖြစ်နေခဲ့သော်လည်း မိမိထက် သီတင်းငယ်သူ (သိက္ခာဝါတော်ငယ်သူ) ဖြစ်နေပါမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။ - ဖခင်သည် ရဟန်းလည်းဖြစ်နေခဲ့ပြီး မိမိထက် သိက္ခာဝါတော်ကြီးခဲ့မူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိခိုးထိုက်ပါသည်။ ဂရုဓမ် (၁၀)ပါး၌လာရှိသော "ရဟန်းမသည် ပ ဉ္ဇင်းဖြစ်၍ ၀ါတစ်ရာရှိသော်လည်း ထိုနေ့ပ ဉ္ဇင်းဖြစ်သော ရဟန်းအားရှိခိုခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီပြီးရိုသေခြင်း အမှုတို့ကို ပြုရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူ ဇော်၍ အသက်ထက်ဆုံးမလွန်ကျူးအပ်။" ဟူသောပညတ်ချက် ကို ထောက်ဆလျှင်သော်လည်းကောင်း၊ အထက်ပါ ရှိမခိုးအပ်သူ (၁၀) ယောက်၌လာရှိသော နံပါတ် (၄) ညွှန်ပြတော်မူချက်အရသော်လည်းကောင်း .... -မိခင်ကိုမူ ရဟန်းမပင်ဖြစ်နေခဲ့စေကာမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ဟု မှတ်သားနိုင်ပါသည်။

 -------------------------------------------------------------------------------

 ဗဟုသုတအလို့ငှါ မင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးလာ "ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ" ကိုပါ ဖော်ပြရပါသည်။ "ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ" ရှိခိုးခြင်း ဝန္ဒနာကာရ အရာ၌ကား သီလအစရှိသောဂုဏ်တို့ဖြင့် ကြီးမြတ်သော သူသည်သာလျှင် သီလအစရှိသောဂုဏ်တို့ဖြင့် ငယ်သောသူတို့၏ ရှိခိုးခြင်းကို ခံထိုက်၏။ ကြီးသောဂုဏ်ရှင်သည် ငယ်သောဂုဏ်ရှင်အား ရှိမခိုးထိုက်။ ရှိခိုးချေသော် နှစ်ဦးလုံး အပြစ်မလွတ်။ ပညာဂုဏ် အစရှိသော ကျေးဇူးတစ်ခုခုကို အကြောင်းပြု၍လည်းကောင်း၊ နိဿယ နည်းယူသောအခါ, ပညာသင်သောအခါ အစရှိသည် တို့၌လည်းကောင်း ဖြစ်မူကား ငယ်သော်လည်း ကြီးမြတ်သောသူတို့ ရှိခိုးခံထိုက်၏။

သက္ကာရ, ဂါရဝ, ပူဇာအရာဖြစ်မူကား ပုဂ္ဂိုလ်အမြတ် အယုတ်ဟူ၍ မရွေးသင့် ထိုသူတို့၌ ရှိတိုင်းသော ကျေးဇူး အားလျော်စွာ ပြုအပ်လှတော့သည်သာဟု သိအပ်၏။ ထိုတွင် 'သက္ကာရ' ဟူသည်ကား အဘယ်နည်း၊ 'ဂါရဝ' ဟူသည်ကား အဘယ်နည်း၊ 'ပူဇာ' ဟူသည်ကား အဘယ်နည်းဟူမူ- [ယဿ စတ္တာရော ပစ္စယေ သက္ကရိတွာ သုဋ္ဌုအဘိသင်္ခတေ ပဏီတပဏီတေ ကတွာ ဒေန္တိ၊ သော သက္ကတော။ ယသ္မိ ံ ဂရုဘာဝံ ပဋ္ဌပေတွာ ဒေန္တိ၊ သော ဂရုကတော။ ယံ မနသာ ပိယာယန္တိ၊ သော မာနိတော။ ယဿ သဗ္ဗမ္ပေတံ ကရောန္တိ၊ သော ပူဇိတော။ ။] ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့် အညီ- -ပုဂ္ဂိုလ်အား အလေးမပြုလွန်းဘဲ ပစ္စည်းကိုသာ ကောင်းစွာ စီရင်၍ ပေးကမ်းခြင်းသည် 'သက္ကာရ' မည်၏။ -ပေးကမ်းဖွယ်ပစ္စည်းတို့ကို ကောင်းစွာစီရင်ခြင်း စသည်တို့ကို မပြုဘဲ ပုဂ္ဂိုလ်ကိုသာ အလေးအမြတ်ပြု၍ ပေးကမ်းခြင်းသည် 'ဂါရဝ' မည်၏။

 -ထို သက္ကာရ, ဂါရဝ နှစ်ပါးနှင့်ပြည့်စုံစွာ ချစ်မြတ်နိုးခြင်းနှင့်တကွ ကောင်းမွန်စွာ စီရင်အပ်သော ပစ္စည်းဖြင့် ပုဂ္ဂိုလ်ကိုလည်း အလေးအမြတ်ပြု၍ ပူဇော်ချီးမြှောက်ခြင်းသည် 'ပူဇာ'မည်၏ ဟု မှတ်အပ်၏။

(မင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးမှ)

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)