Thursday, May 31, 2018

လျှော့သင့်တာလည်းလျှော့ပါမှ

လျှော့သင့်တာလည်းလျှော့ပါမှ


 ကိုထူး ။ ။ ဆရာတော်၊ အလုပ်များနေပါသလားဘုရား..။
 အရှင် ။ ။ မများပါဘူး ကိုထူး၊ ဘယ်ကနေလှည့်လာတာလဲ..။
 ကိုထူး ။ ။ ဘကြီးသာမောင်ဆီက ငှါးထားတဲ့စာအုပ်ကလေးတွေ ပြန်သွားပေးရာကနေ လှည့်လာတာပါ ဘုရား..။
 အရှင် ။ ။ အင်း.. ဦးသာမောင်ကြီးလည်း စာတွေအတော်ဖတ်တဲ့သူပါပဲ..။


 ကိုထူး ။ ။ ဘကြီးသာမောင်က စာလည်းဖတ်တယ်၊ တရားလည်း အားထုတ်ပါတယ်၊ ဒါပေမယ့် သူပြောတာတွေက နည်းနည်းများ လွဲနေသလားလို့ ထင်မိတယ်ဘုရား..။
 အရှင် ။ ။ အလို.. ဘာကြောင့်ပါလိမ့်..။
 ကိုထူး ။ ။ သူပြောတာက ခုနောက်ပိုင်း အပြင်အာရုံတွေကို နည်းနိုင်သမျှ နည်းအောင်ပဲ နေတော့တယ်တဲ့ ဘုရား..။
 အရှင် ။ ။ အင်း.. အဲဒီတော့..။
 ကိုထူး ။ ။ တပည့်တော်ကတော့ ဘာမှ ပြန်မပြောခဲ့ပါဘုရား၊ ဒါပေမယ့် စိတ်ထဲမှာတော့ “ဘယ့်နှယ်၊ အာရုံနဲ့ဘာဆိုင်လို့လဲ၊ အာရုံဆိုတာ ဒွါရခြောက်ပေါက်မှာ ကြုံသလို ကျနေမှာပဲ၊ ထိန်းချုပ်လို့ ရတာမျိုးလည်းမဟုတ်၊ နည်းအောင်လုပ်ဖို့လိုသလား၊ တကယ်ဆို အာရုံနဲ့ မဆိုင်ဘူး၊ ယောနိသော မနသိကာရ- အယောနိသောမနသိကာရ တို့နဲ့ပဲဆိုင်မှာပေါ့” ဆိုပြီး စိတ်ထဲကတော့ သိပ်ဘဝင်မကျဘူးပေါ့ဘုရား။
 အရှင် ။ ။ အင်း..၊ ဆက်ပါဦး..။
 ကိုထူး ။ ။ အဲဒါပါပဲ ဘုရား၊ ဆရာတော်ကော ဘယ်လိုသဘောရပါသလဲ၊ တပည့်တော်ထင်တာတွေ မှန်သလား၊ လွဲသလား စဉ်းစားပေးပါဦးဘုရား။
 အရှင် ။ ။ အင်း.. ဦးဇင်းနားလည်လိုက်တာက ဒကာကြီး ဦးသာမောင်ပြောတာက (အသက်ရှင်သန်ဖို့ အတွက်) တကယ်မလိုအပ်တဲ့ အပြင်အာရုံတွေကို လျှော့ချတာကို ပြောတယ်လို့ သဘောကျပါတယ်။ ဥပမာ- အပျင်းပြေဆိုပြီး မှီဝဲကြတဲ့ ဆေးလိပ်၊ ကွမ်းယာ စတာတွေကို လျှော့ချလိုက်တာမျိုး၊ အရက်သေစာကို ရှောင်ကြဉ်လိုက်တာမျိုး၊ ဥပုသ်သည်တွေမှာဆိုရင် ညနေစာ မစားပဲ နေလိုက်တာမျိုးတွေပေါ့။

 ကိုထူး ။ ။ အော.. မှန်ပါ့ဘုရား၊ အမှုကိစ္စနည်းအောင် လုပ်တဲ့သဘောပေါ့ဘုရား။
 အရှင် ။ ။ တစ်ခါ နားအတွက် ကျပြန်တော့လည်း သီချင်းတွေ နားမထောင်တော့ သလိုမျိုး ၊ နှာခေါင်းအတွက် ကျပြန်တော့လည်း ရေမွှေးဘာညာ မသုံးတော့သလိုမျိုး၊ အစားအသောက် ကျပြန်တော့လည်း ဘယ်ငါးနဲ့မှ ဘယ်ဟင်းနဲ့မှ ဆိုတာမျိုးတွေ မရှိတော့ပဲ မျှတရုံလောက်သာ စားသောက်နေထိုင် သွားတော့သလိုမျိုးတွေပေါ့။
 ကိုထူး ။ ။ မှန်ပါ့ဘုရား။
 အရှင် ။ ။ အဲဒါကိုပဲ ပြင်ပအာရုံတွေကို တတ်နိုင်သလောက် လျှော့ချတယ်လို့ ဆိုလိုချင်ပုံရပါတယ်၊ တကယ်တော့ အသက်ရှင်သန်မှုအတွက် တကယ်မလိုအပ်တဲ့ အရာတွေ (unnecessary things for survival) ကို လျှော့ချလိုက်တာမျိုးပေါ့။

 ကိုထူး ။ ။ သဘောပေါက်ပါပြီဘုရား၊ အသက်ရှင်သန်ဖို့အတွက် တကယ်မလိုအပ်၊ ဇိမ်ခံရုံ သက်သက်မျှသာဖြစ်တဲ့ အသုံးအဆောင် (luxury goods) တွေကို လျှော့ချလိုက်တဲ့ သဘောပေါ့ဘုရား။
 အရှင် ။ ။ ဟုတ်တယ်..၊ အဲဒါတွေကိုလျှော့ချလိုက်ခြင်းသည် တနည်းအားဖြင့်ပြောရရင် ကာမသုခလ္လိကာနုယောဂ အကျင့်ကို တော်လှန်လိုက်တာပါပဲ။

 ကိုထူး ။ ။မှန်ပါ့ဘုရား။ ဒီသဘောအထိ သက်ရောက်မှန်း ခုမှပဲ သတိထားမိပါတော့တယ်ဘုရား။ …………………………………………………………………..

 အရှင် ။ ။ နောက်.. ဓမ္မသဘောမှာ ကိုထူးပြောခဲ့သလို အာရုံနဲ့ဘာဆိုင်လို့လဲ၊ ယောနိသောမနသိကာရ- အယောနိသောမနသိကာရ (နှလုံးသွင်းမှန်မှု- မမှန်မှု) တို့ကသာ အရေးကြီးတယ် ဆိုတာသည်လည်း အတိုင်းအတာတစ်ခုအထိသာမှန်တယ်၊ အကုန်မမှန်သေးဘူး။
 ကိုထူး ။ ။ ဆက်ပါဦးဘုရား။
 အရှင် ။ ။ မဟာသတိပဋ္ဌာနသုတ်တော်ကို ကြည့်ပါ။ ကမ္မဋ္ဌာန်း ဘယ်လိုအားထုတ်ရမယ် ဆိုတာလောက်သာ ဟောတော်မူထားတာ မဟုတ်ပါဘူး။ ဘယ်လိုနေရာကို ရွေးပါဆိုတာမျိုးလည်း ပါသေးတယ်။

ကိုထူး ။ ။ တောအရပ်၊ သစ်ပင်အောက်၊ ဆိတ်ငြိမ်ရာအရပ်တွေကို ညွှန်ပြတော်မူထားတာ တွေ့ရ ပါတယ်ဘုရား။

 အရှင်။ ။ ဒါ ဘာကို ပြောသလဲဆိုရင် အပြင်းစားအာရုံတွေကို တွန်းလှန်ဖို့ဆိုရာမှာ နှလုံးသွင်း မှန်ရုံလောက်နဲ့ လုံလောက်ချင်မှ လုံလောက်မယ်။ ရှောင်သင့်တာတွေကို ရှောင်ရမယ်၊ လျှော့သင့် တာတွေကို လျှော့ရမယ်လို့ ဆိုလိုရာရောက်တယ်။ အထူးသဖြင့် ကမ္မဋ္ဌာန်းကို အားထုတ်ခါစ (beginner) သမားတွေအတွက် ရှောင်သင့်တာကို ရှောင်ဖို့ လုံးဝလိုအပ်တယ်။ ဘာကြောင့်လဲဆိုရင် နှလုံးသွင်း ဘယ်လောက်ပဲ မှန်ပါတယ်ဆိုဆို၊ အာရုံတရားတွေက တအားနှောင့်ယှက်လာရင် တွန်းလှန်နိုင်ဖို့ ခက်တတ်သေးလို့ပဲ။

 ကိုထူး ။ ။ မှန်ပါ့ဘုရား။

 အရှင် ။ ။ အဲသလို ဆိတ်ငြိမ်ရာတွေကို ညွှန်ပြရတယ်ဆိုတာကလည်း အသံသည် သမာဓိရဲ့ အနှောင့်အယှက်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ အဲဒါကို ဝိသုဒ္ဓိမဂ်က ‘သဒ္ဒ ကဏ္ဋကတ္တာ စျာနဿ- အသံသည် စျာန်၏ ဆူးငြောင့်ခလုတ် ဖြစ်လို့ပါပဲ ’ လို့ မိန့်တော်မူတယ်။

 ကိုထူး ။ ။ မှန်ပါ့ဘုရား။

 အရှင် ။ ။ ဆိုတော့ ဆက်စဉ်းစားမယ်..၊ အသံလောက်ပဲလား ဆိုတော့…။

 ကိုထူး ။ ။ အာရုံခြောက်ပါးလုံးပါဘုရား။

 အရှင် ။ ။ ဟုတ်တယ် ထင်ခွေသူမသီချင်းသံကြောင့် စျာန်လျှောခဲ့ရတဲ့ ရသေ့တွေရှိသလို၊ ရူပါရုံကြောင့် စျာန်လျှောခဲ့ရတဲ့ ရသေ့တွေလည်းရှိတယ်။ ဥပမာမယ်.. မုဒုလက္ခဏမိဖုရားကြီးရဲ့ အဆင်းရူပါရုံ (ဝိသဘာဂအာရုံ)ကြောင့် စျာန်လျှောခဲ့ရတဲ့ အလောင်းတော် ဟရိဓဇ ရသေ့များလိုပေါ့။ ထိုနည်းတူစွာ အနံ့ကြောင့်၊ အရသာကြောင့်၊ အတွေ့အထိကြောင့်စျာန်လျှောခဲ့ရသူတွေလည်း ရှိမှာပါပဲ။

 ကိုထူး ။ ။ မှန်ပါဘုရား။

 အရှင် ။ ။ အဲဒါကို တစ်ဖက်ကတွေးရင် အာရုံတရားတွေ ဖိစိလွှမ်းမိုးခြင်းခံရတဲ့အတွက် သီလ- သမာဓိ-ပညာစခန်းကို လှမ်းမတက်နိုင်ဘဲလည်း ရှိတတ်တယ်လို့ကော အဓိပ္ပါယ်မရပေဘူးလား။

 ကိုထူး ။ ။ အဲသလို အဓိပ္ပါယ် ရပါတယ်ဘုရား။

 အရှင် ။ ။ ဒီနေရာမှာ ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ပဏ္ဍိတသာမဏေ တရားအားထုတ်စဉ်က အကြောင်းကလေး သိပ်စိတ်ဝင်စားစရာကောင်းတယ်။

 ကိုထူး ။ ။ အမိန့်ရှိပါဘုရား။ ...................................................................................

 အရှင် ။ ။ ခုနစ်နှစ်သားအရွယ် ကိုရင်ကလေး ပဏ္ဍိတ၊ တစ်နေ့သောအခါ သူ့ဆရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့အတူ ဆွမ်းခံကြွတော်မူခဲ့ပါသတဲ့။ လမ်းမှာ ရေမြောင်းကလေးတစ်ခုတွေ့တော့ “ဒီရေမြောင်းနဲ့ ဘာလုပ်ကြတာတုန်းဘုရာ့” လို့ သူ့ဆရာကို မေးတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ဒီရေမြောင်းနဲ့ ရေကိုသွယ်ပြီး ကောက်ပင်တွေ ဖြစ်ထွန်းအောင် စိုက်ပျိုးကြတာပေါ့ကွဲဲ့” လို့ဖြေတော်မူတယ်။ ဆက်မေးတယ်၊ “အရှင်ဘုရား၊ ရေမှာ သိတတ်တဲ့ စိတ် ရှိပါသလား” တဲ့။ “ရေမှာ သိတတ်တဲ့စိတ် မရှိပါဘူး ကိုရင်ရဲ့” လို့ ပြန်ဖြေတယ်။ “အရှင်ဘုရား၊ စိတ်မရှိတဲ့ရေကို လိုရာသို့ရောက်အောင် သယ်ဆောင်နိုင်ပါသလားဘုရား” လို့ ထပ်မေးတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “သယ်ဆောင်နိုင်တယ် ပဏ္ဍိတရဲ့” လို့ ပြန်ဖြေတယ်။ အဲဒီမှာ ကိုရင်ကလေးက “စိတ်မရှိတဲ့ရေကိုတောင် လိုရာရောက်အောင် သယ်ဆောင်နိုင်ကြသေးရင် စိတ်ရှိတဲ့လူတွေအနေနဲ့ ကိုယ့်စိတ်ကို ကိုယ့်အလိုသို့ပါစေပြီးတော့ ရဟန်းတရားကို ဘာကြောင့် အားမထုတ်နိုင်ရမှာလဲ” လို့ တွေးမိပါသတဲ့။

 ကိုထူး ။ ။ အံ့သြစရာပါဘုရား။

 အရှင် ။ ။ နည်းနည်းရှေ့ကို ဆက်သွားကြတော့ လေးသမားတစ်ယောက် မြားကိုမီးကင်၊ မျက်စိတစ်ဖက်ကိုမှိတ်ပြီး မြားကိုဖြောင့်နေတာ တွေ့ကြပြန်သတဲ့။ အဲဒီမှာလည်း “မြားတံမှာ သိတတ်တဲ့စိတ် ရှိပါသလား၊” စသဖြင့် မေးရင်းဖြေရင်းနဲ့ “စိတ်မရှိတဲ့ မြားကိုတောင် မီးကင်ပြီးဖြောင့်အောင် လုပ်နိုင်ကြသေးရင် စိတ်ရှိတဲ့သူတွေဟာ ကိုယ့်စိတ်ကိုယ် ကိုယ့်အလိုသို့ ပါစေပြီးတော့ ရဟန်းတရားကို ဘာကြောင့် အားမထုတ်နိုင်ဘဲ ရှိရမှာလဲ” ဆိုပြီး တွေးမိပြန်သတဲ့။

 ကိုထူး ။ ။ တကယ့် ပါရမီ့ရှင်တွေပါဘုရား။

 အရှင် ။ ။ အဲဒီမှာ “ကျောင်းကိုပြန်ပြီး တရားအားထုတ်ချင်တယ်ဘုရာ့” ဆိုတော့ အရှင်သာရိပုတ္တရာ မထေရ်ကလည်း အနှောင့်အယှက် ကင်းကင်းနဲ့ အားထုတ်နိုင်စေဖို့ သူ့အခန်းသော့ကို ပေးလိုက်ပါသတဲ့။ ဒီလိုနဲ့ ကိုရင်ကလေးသည် အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အခန်းကိုဝင်၊ မိမိခန္ဓာကိုယ်ကို ဝိပဿနာတင်ပြီး ရှုမှတ်နေခဲ့ပါသတဲ့ ကိုထူးရဲ့။

 ကိုထူး ။ ။ မှန်ပါဘုရား။

 အရှင် ။ ။ ဒီမှာ ဦးဇင်းတို့ ဆွေးနွေးလိုရင်းအချက်တွေကို ရောက်လာပါပြီ။ ကိုရင်ကလေး တရားအားထုတ်နေတော့ သိကြားမင်းနဲ့ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးဆင်းလာပြီး ဆူဆူညံညံ အော်မြည် တတ်တဲ့ ငှက်တွေကို အဝေးကို မောင်းထုတ်ပေးကြ သတဲ့။ သိကြားမင်းရဲ့အမိန့်နဲ့ နေနတ်သား လနတ်သားတွေကလည်း နေဝန်းလဝန်းတွေကို ရှေ့ဆက်မသွားအောင် တားထားကြရသတဲ့။ သိကြားမင်းကိုယ်တိုင်ကလည်း တံခါးမှာသွားနေပြီး စောင့်ရှောက်ပေးပါသတဲ့။

 ကိုထူး ။ ။ ဘုန်းရှင်ကံရှင်တွေပါဘုရား။

 အရှင် ။ ။ အင်း..၊ ဘုန်းရှင်ကံရှင်ဆို ကဿပဘုရားရှင် လက်ထက်တော်တုန်းဆီက မြသပိတ်ရခဲ့တဲ့ စာရေးတံဆွမ်းဒါယကာ မဟာဒုတ်ဆိုတာ ခု တရားအားထုတ်နေတဲ့ ကိုရင်ပဏ္ဍိတလောင်းလျာပေါ့ ကိုထူးရဲ့။

ကိုထူး ။ ။ အော.. သိပါပြီဘုရား။ ဘုန်းကံကြီးမားသူတွေကို နတ်သိကြားတွေ ကတောင် စောင့်ရှောက်ပေးကြရတာပဲပေါ့ ဘုရား။

 အရှင် ။ ။ သိကြားတင်ဘယ်ကမလဲ၊ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်သော်မှ သနားစောင့်ရှောက် ချီးမြှောက်တော်မူရပါတယ် ကိုထူးရဲ့။ ကြည့်..။ အရှင်သာရိပုတ္တရာမထေရ်မြတ်က ကိုရင်ကလေး ဆာနေရှာရော့မယ်ဆိုပြီး ငါးကြင်းသားဟင်းနဲ့ဆွမ်းကို ယူလာတော့.. အဲဒီအချိန်မှာ ကိုရင်ကလေးက မဂ်ဖိုလ်သုံးဆင့် ရင့်လို့ အနာဂါမ်အဆင့်တိုင် ပေါက်မြောက်နေပြီတဲ့။ ဆက်အားထုတ်ရရင် တစ်ထိုင်တည်းနဲ့ ရဟန္တာဖြစ်နိုင်စရာရှိတာကို ဘုရားရှင်က မြင်တော်မူတဲ့အတွက် ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ကျောင်းတံခါးမုခ်ကနေ စောင့်ပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ပုစ္ဆာတွေမေးတော်မူတယ်။ ပုစ္ဆာအမေးအဖြေလည်းဆုံးရော ကိုရင်ကလေးလည်း ရဟန္တာဖြစ်၊ ကိုရင်ကလေးလည်း ဆွမ်းဘုဉ်းပြီးရော နေဝန်းလဝန်းတွေလည်း ချက်ချင်း မွန်းလွဲသွားပါသတဲ့။

 ကိုထူး ။ ။ ကုသိုလ်ရှင်များအကြောင်း ကြားနာရတာ အားရစရာချည်းပါပဲဘုရား။

 အရှင် ။ ။ အင်း.. ဒီနေရာမှာ ဦးဇင်းပြောလိုရင်းက အာရုံတရားတွေ ဖိစိလွှမ်းမိုးခြင်းခံရရင် သီလ- သမာဓိ-ပညာ စခန်းတွေမှာ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်နိုင်ပဲ ရှိတတ်တယ်။ အဲဒီအာရုံတရားတွေကို ကိုယ်ကိုယ်တိုင်ကဖြစ်စေ မိတ်ဆွေကောင်းတွေက ကူညီစောင့်ရှောက်ကြလို့ဖြစ်စေ လျှော့ချထားနိုင်ခဲ့ရင်၊ တဖက်မှာလည်း ယောနိသောမနသိကာရ ရှိမယ်ဆိုရင် သီလ-သမာဓိ-ပညာ စခန်းတွေကို တက်လှမ်းတဲ့အခါ ချမ်းချမ်းသာသာ တက်လှမ်းနိုင်ဖို့ရာသာ ရှိတယ် ဆိုတာကို ပြောလိုရင်းပါပဲ။

 ကိုထူး ။ ။ ကျေးဇူးကြီးလှပါတယ်ဘုရား။ ယောနိသောမနသိကာရရှိရင် လုံလောက်ပြီလို့ထင်ထားခဲ့တာ မပြည့်စုံသေးမှန်းသိပါပြီဘုရား။ ဒါကြောင့်လည်း ဆရာတော်တွေက ဉာဏ်မမှီရင် မဝေဖန်ဖို့ ပြောကြတာပါပဲဘုရား။ ဘကြီးသာမောင်ကိုလည်း စိတ်ထဲက ပြစ်မှားမိသမျှ တောင်းပန် လိုက်ပါဦးမယ်ဘုရား။

 အရှင် ။ ။ ကောင်းပါပြီ ကိုထူးရေ။ ဘုရားအဆုံးအမတော်တွေက အင်မတန်သိမ်မွေ့ပါတယ်။ အကောက်အယူနေရာ ကျဖို့ အင်မတန်အရေးကြီးပါတယ်။ သဒ္ဓါနဲ့ သတိကို လက်ကိုင်ထား၊ ဝိရိယစိုက်၊ သမာဓိရှိရှိ တည်တည်ငြိမ်ငြိမ်လေးနဲ့ အသိပညာရှိရှိနဲ့ သွားကြရမှာပေါ့၊ ကဲ.. ဒီနေ့ ဒီလောက်ဆို တော်ကြဦးစို့။

 ကိုထူး ။ ။ သာဓု သာဓု သာဓုပါဘုရား..။

 မေတ္တာဖြင့်

 အရှင်ဝိသာရဒ (ရမ္မာဝတီ)