ငါ့အတွက် ငါဇာတ်ဆောင်၊ သူ့အတွက် ငါဇာတ်ပို့
မိဘဆရာသမားများ၏ ကျေးဇူးကြောင့် ငါးရာ့ငါးဆယ်ဇာတ်တော်များနှင့် ငယ်စဉ်ကပင် ရင်းနှီးခွင့်ရခဲ့သည်။ "ဇာတ်ပေါင်းသော် ….. သည် ယခုအခါ (… ဘယ်သူ…) ဖြစ်လာ၏။ ….. သည် ယခုအခါ (… ဘယ်သူ…) ဖြစ်လာ၏။ (…..) သည်ကား ငါဘုရားဖြစ်လာ၏" ဟူသော ဇာတ်ပေါင်းခန်းသည် ဇာတ်တော်တိုင်း၏ အထွဋ်အထိပ်ဖြစ်သည်။ ဇာတ်တော်များကိုဖတ်ရင်း ဘယ်သူကတော့ဖြင့် ဘယ်ဇာတ်တော်မှာ ဘုရားလောင်းရဲ့ မိတ်ဆွေကောင်းအဖြစ် ပါဝင်ခဲ့တာကိုး၊ဘယ်သူတွေကတော့ဖြင့် ဘုရားလောင်းကို ဒုက္ခမျိုးစုံပေးပြီး အားဖြည့်ပေးခဲ့တာကိုး၊ ဘုရားအလောင်းတော်ကလည်း တော်လိုက်တာ ၊ ကောင်းကောင်းဆိုးဆိုး လောကဓံမျိုးစုံကြားထဲက ပါရမီတရားမြတ်တွေကို မရအရ ဖြည့်ဆည်း ယူနိုင်တာခဲ့တာကိုး စသဖြင့် သဘောကျခဲ့ရပါသည်။ ထိုမှနောက် ဓမ္မပဒဝတ္ထုများ၊ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ “မြန်မာနိုင်ငံ ပဋိပတ်သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ”၊ “သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ” စသည့် စာအုပ်ကောင်းများနှင့် ရင်းနှီးခွင့် ရခဲ့ပြန်ပါသည်။ ထိုစာအုပ်များတွင် လာရှိသည့် ထိုထိုအရှင်မြတ်ကြီးတို့၏ ဘဝခရီးလမ်းတလျှောက် ကြုံတွေ့ခဲ့ကြရသည့် ပုဂ္ဂိုလ်အသီးသီး၊ ပါဝင်ပတ်သက်ခဲ့ကြပုံ အထွေထွေတို့ကိုကြည့်ရင်း ဇာတ်ဆောင်နှင့် ဇာတ်ပို့တို့၏ သဘာဝကို ပို၍ရိပ်မိလာသလို ဖြစ်ခဲ့ရသည်။ သံသရာခရီးသွားများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သက်ရောက်မှုများရှိကြောင်း ရိပ်မိလာခဲ့ရသည်။
လူတိုင်းသည် တစ်ချိန်တည်းတွင် မိမိတို့အတွက် ဇာတ်ဆောင်များ ဖြစ်နေသကဲ့သို့ အခြားသူများအတွက်မူ ဇာတ်ပို့အဖြစ်ပါဝင် ပတ်သက်နေကြောင်း သိရှိခွင့် ရခဲ့သည်။ ဥပမာအားဖြင့် ရှင်သာရိပုတ္တရာမထေရ်မြတ်အကြောင်းကို ဖတ်ရှုလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ဇာတ်ဆောင်အဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး၊ အရှင်မောဂ္ဂလာန်၊ သိဥ္စည်းဆရာကြီး၊ မြတ်စွာဘုရားရှင် စသူတို့ကို ဇာတ်ပို့အနေဖြင့် တွေ့မြင်ကြရမည်ဖြစ်လေသည်။
ထို့အတူ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်အကြောင်းကို ဖတ်ရှုလျှင်လည်း အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကို ဇာတ်ဆောင်အနေဖြင့် တွေ့မြင်ရမည်ဖြစ်သကဲ့သို့ အရှင်သာရိပုတ္တရာ စသော သူများကို ဇာတ်ပို့အနေဖြင့်သာ တွေ့ကြရမည် ဖြစ်လေသည်။ လူတစ်ဦး၏ဘဝတွင် အချိန်ကာလ၊ နေရာဒေသ၊ ဇာတ်ရုပ်ပုံစံအကြမ်း-အချော တို့ကို လိုက်၍ ဇာတ်ပို့သူပေါင်းများစွာ ရှိနိုင်ပေသည်။ ဘဝဇာတ်လမ်းအစမှသည် အဆုံးတိုင်အောင် ပါဝင်သူ၊ ဇာတ်လမ်းအစမှသည် ဇာတ်လမ်းအလယ်လောက်အထိ ပါဝင်သူ၊ ဇာတ်လမ်းအလယ်လောက်မှ စတင်ကာ အဆုံးထိအောင် ပါဝင်သူ၊ ဇာတ်လမ်းအစမျှလောက်တွင်သာ ပါဝင်သူ၊ ဇာတ်လမ်းဆုံးခါနီးမှသာ ပါဝင်လာသူ စသည်ဖြင့် ဇာတ်ပို့သူပေါင်းများစွာ ရှိနိုင်သည်။
အချို့မှာမူ ဇာတ်လမ်းတစ်နေရာ၌ ပါဝင်ခဲ့ကြပြီး ကာလတစ်ခုအထိ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုးအထိ တိမ်မြုပ်သွားတတ်ကြပြီးလျှင် တစ်ချိန်ချိန်တွင် ပြန်လည်ပေါ်လာတတ်ကြ သည်မျိုးလည်း ရှိတတ်ကြလေသည်။ နေရာဒေသအားဖြင့်လည်း ဇာတိရပ်ရွာတွင် ကြုံဆုံရသူ၊ တပြည်တရွာတွင် ကြုံဆုံရသူ ၊ ကျောင်းတွင်ကြုံဆုံရသူ၊ အလုပ်ခွင်တွင် ကြုံဆုံရသူ၊ ပန်းခြံတွင် ကြုံဆုံရသူ၊ စစ်မြေပြင်တွင် ကြုံဆုံရသူ စသဖြင့် အမျိုးမျိုးအစားစားရှိနိုင်လေသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဇာတ်ပို့သူများသည် အချိန်ကာလ၊ နေရာဒေသနှင့် ဇာတ်ဆောင်၏ဘဝ အတက်-အကျကိုလိုက်၍ ဇာတ်ရုပ်ပုံစံ အကြမ်း-အချောအဖုံဖုံအားဖြင့် ဇာတ်ပို့ပေးကြခြင်းပင်ဖြစ်ပေသည်။
အချို့သည် မိသားစုပုံစံအားဖြင့်၊ အချို့သည် မိတ်ဆွေကောင်းပုံစံအနေအားဖြင့်၊ အချို့သည်ကား အစမှအဆုံးတိုင်အောင် ဇာတ်ရုပ်ပုံစံအကြမ်း (villain) အားဖြင့်၊ ပံ့ပိုးပေးတတ်ကြလေသည်။ ထိုတွင် ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အချို့သည် အစပိုင်းတွင် ချစ်သူခင်သူ မိတ်ဆွေကောင်း အနေအားဖြင့် ပံ့ပိုးခဲ့ကြသော်လည်း ဇာတ်လယ်လောက်တွင် ဗီလိန်ပုံစံသို့ ပြောင်းသွားကြခြင်းမျိုး၊ အစတွင် ဗီလိန်ပုံစံ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မိတ်ဆွေကောင်း ပုံစံသို့ပြောင်းသွားကြခြင်းမျိုးပင် ဖြစ်လေသည်။
ထို့ထက်ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ မိမိ၏ဘဝဇာတ်လမ်းတွင် တစ်ခန်းတစ်ကဏ္ဍလောက်သာ ပါဝင်လာကြသော်လည်း မိမိ၏ဘဝ အတက် (သို့မဟုတ်) အကျအတွက် အားကြီးစွာ ပံ့ပိုးတတ်ကြ သူများပင်ဖြစ်လေသည်။ များသောအားဖြင့် ထိုသူမျိုးတို့ ပါဝင်လာကြပုံများမှာ မျက်လှည့်ဆန်ဆန် ရှိတတ်ပေသည်။ ဘယ်ကနေ ဘယ်သူ့ အဆက်အသွယ်ဖြင့် ဘယ်လိုပါဝင်လာမှန်း ရေရေရာရာ မသိရအောင်ပင် ရှိတတ်လေသည်။ သို့ရာတွင် သူတို့ပါဝင်ပတ်သက်မှု တစ်ခုတစ်လေကြောင့်ပင် ဘဝအတွက် ကြီးစွာသော အပြောင်းအလဲကြီးမျိုး ဖြစ်ပေါ်တတ်လေသည်။
စင်စစ် ဤနေရာတွင် စာရေးသူအနေဖြင့် မိမိ၏ဘဝအတက်အကျအတွက် ထိုသို့အားကြီးစွာ ပါဝင်ပတ်သက်ခဲ့ကြသူများ၏ အကောင်း-အဆိုး ပုံစံနှစ်မျိုးဖြင့် ပံ့ပိုးပေးခဲ့ကြပုံများကို ရေးသားပြချင်လှပါသည်။ ထိုသို့ရေးသား တင်ပြရလျှင် စာရှုသူများအတွက် ပို၍နားရှင်းဖွယ်ရာရှိမည်ဟုလည်း ထင်ပါသည်။ သို့ရာတွင် ထိုသူများ၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂလိကစံနှုန်းအချို့ကို လေးစားသော အားဖြင့် လောလောဆယ်တွင် မရေးသားသာသေးပါ။ မည်သို့ဆိုစေ ထိုသူမျိုးတို့နှင့် ပတ်သက်၍ ခံစားခဲ့ရသည့် ခံစားမှုအချို့ကိုတော့ ဓမ္မဓိဋ္ဌာန်သဘော ဖော်ပြရပါလိမ့်ဦးမည်။ စာရေးသူ၏ဘဝတွင် စာရေးသူလက်လှမ်းမမှီနိုင်လောက်သည့် အရာကို လက်လှမ်းမီစေရန် ပင့်တင်ပေးခဲ့သူများ ပေါ်ပေါက်လာ ခဲ့ဖူးသည်။
ထိုသူမျိုးတို့တွင် အချို့သည် စာရေးသူ အပေါ် စေတနာကောင်းထားခဲ့သည်ဟု ထင်ရသော်လည်း စင်စစ် စာရေးသူအပေါ် ပံ့ပိုးခဲ့ကြခြင်းသည် သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုထက် ပိုခဲ့ကြသည်မဟုတ်ပေ။ စင်စစ်၊ ထိုသူများသည် အစပိုင်းတွင် မိတ်ဆွေကောင်း အသွင် ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဗီလိန်အသွင်သို့ပြောင်းကာ စာရေးသူ၏ဘဝဇာတ်လမ်းအတွင်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်ပံ့ပိုးခဲ့ကြ သူများသာဖြစ်လေသည်။ နောက်တစ်မျိုးကြုံခဲ့ရသည်ကား တကယ့်စေတနာရိုးရိုးဖြင့် ပံ့ပိုးခဲ့ကြသူများပင် ဖြစ်ပါသည်။
ထိုသူမျိုးများနှင့် ကြုံရသည်မှာလည်း အံ့သြဖွယ်ရာ ကောင်းလွန်းလှသည်။ မထင်မှတ်သည့်အချိန်၊ မထင်မှတ်သည့်နေရာတွင် ထိုသူတို့နှင့်ဆုံဆည်းခဲ့ရသည်။ မိုးပေါ်ကကျလာသည့်အလား ခုမှတွေ့၍ ခုမှဆုံခဲ့ကြစေကာမူ မိမိအပေါ်စေတနာရိုးရိုးဖြင့် ပံ့ပိုးခဲ့ကြသူများဖြစ်သည်။ ထိုသူတို့၏ အပံ့အပိုးကို မရခဲ့လျှင် လက်ရှိတွင် မိမိသည် ယခုအနေမျိုး ရှိနေလိမ့်မည်မဟုတ်သည်မှာ သေချာသည်။
မိမိဖက်ကလည်း ထိုသူတို့အပေါ် အင်မတန်ကျေးဇူးတင်ကာ ရိုးရိုးသားသားပင် မိမိစွမ်းနိုင်ရာ အသိပညာ အပံ့အပိုးများပေးခဲ့သည်။ သို့သော် အကြောင်းကြောင်းသော (ကြားထဲက အမျိုးမျိုးသောသွေးထိုးမှု များလည်း ပါနိုင်သည်) အကြောင်းကြောင်းကြောင့် ကာလတိုအတွင်းမှာပင် ထိုသူများနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။
အစပိုင်းတွင် ထိုသူများနှင့်ပတ်သက်၍ ငါ့အပေါ် နားလည်မှုလွဲရက်လေခြင်းဟု ထိထိခိုက်ခိုက် ခံစားခဲ့ရသော်လည်း “သူတို့သည် ငါ့ဘဝဇာတ်လမ်းမှာ ပါဝင်ရန်အခွင့် တန်သလောက် ပါဝင်ခဲ့ကြပြီ၊ ယခု ငါ့ဘဝဇာတ်လမ်းတွင် ပါဝင်ရန် သူတို့အခွင့် သူတို့အပိုင်းကဏ္ဍကုန်ပြီ” ဟု နားလည်လာခဲ့သည်မှနောက် သူတို့၏ပံ့ပိုးခဲ့မှုများကို စဉ်းစားမိတိုင်း ကျေးဇူးတင် ဝမ်းမြောက်မိသည်မှလွဲ၍ “ငါ့အပေါ် နားလည်မှု လွဲရက်လေခြင်း”ဟု ထိထိခိုက်ခိုက် ခံစားခဲ့ရမှုမျိုး လုံးဝချုပ်ငြိမ်း သွားခဲ့ရလေသည်။
စင်စစ် ဤသို့ ဘဝသံသရာခရီးလမ်းတွင် “ငါ့အတွက် ငါဇာတ်ဆောင်၊ သူ့အတွက် ငါဇာတ်ပို့ (တနည်း) သူ့အတွက် သူဇာတ်ဆောင်၊ ငါ့အတွက် သူဇာတ်ပို့” အနေဖြင့်သွားနေကြခြင်းသည် ပဋ္ဌာန်းတရားတော်အလိုအရ “ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော” သဘောမျှသာဖြစ်လေသည်။
ထိုသဘောကို နစ်နစ်နောနော စဉ်းစားဖို့ကောင်းသည်၊ ဆင်ခြင်သက်ဝင်ဖို့ကောင်းလေသည်။ လူတိုင်း၏ဘဝတွင် မိတ်ဆွေနေရာမှ ဇာတ်ပို့မည့်သူများရှိကြသကဲ့သို့ ဗီလိန်နေရာမှ ဇာတ်ပို့မည့်သူများလည်း ရှိကြသည်သာဖြစ်လေသည်။ တက်လမ်းသို့ တွန်းတင်ပေးမည့်သူများနှင့် ကြုံရနိုင်သကဲ့သို့ အကျဘက်သို့ တွန်းချမည့် သူများနှင့်လည်း ကြုံကြရမည်သာဖြစ်လေသည်။
မိမိအပေါ် အလွန်တရာ မလိုမုန်းထားခဲ့သူများသည် မိမိ၏ အရှက်၊ အသက်၊ ဂုဏ်သိက္ခာကို ကာကွယ်ပေးသူများအဖြစ် ပြောင်းလဲသွားနိုင်သကဲ့သို့၊ မိဘအရင်း၊ ဆရာအရင်း၊ ဇနီးခင်ပွန်း ချစ်ကျွမ်းဝင်ကြသူ အချင်းချင်းသည်ပင် ဗီလိန်ဘဝသို့ ရောက်မှန်းမသိ ရောက်သွားကြသည်မျိုးလည်း ရှိနိုင်လေသည်။ ကံဆုံက တွဲကြရသည်၊ ကံကုန်ကလည်း ကွဲကြရသည်။ ကံမဆုံခင် မကြုံကြရသော်လည်း ကံဆုံလာသောအခါ ကောင်းသည်ဆိုးသည်မရွေးသာပဲ ကြုံစရာရှိသမျှနဲ့ ကြုံကြရမြဲသာဖြစ်လေသည်။
စင်စစ် မိတ်ကောင်းများနှင့်ဆုံရခြင်း၊ မိတ်ဆိုးများနှင့်ကြုံရခြင်းမှန်သမျှ လောကဓမ် သဘောမျှ ချည်းသာဖြစ်လေသည်။ လောကမှ မထွက်မြောက်သေးသူတို့အတွက် လောကဓမ်နှင့်ကင်းသူ ဟူ၍ကား တစ်သူမျှမရှိ။ စင်စစ် ကောင်းကောင်းဆိုးဆိုး လောကဓမ်မျိုး မှန်သမျှတို့သည် နှလုံးသွင်း မမှန်သူတို့အတွက် နစ်မြုပ်ဖို့ ချည်းသာ ဖြစ်သော်လည်း၊ နှလုံးသွင်းမှန်ကန် သူတို့အတွက်မူ လွတ်မြောက်ဖို့ ချည်းသာ ဖြစ်လေသည်။
ဤသဘောကို ဇာတ်တော်များကို ဖတ်ရှုခြင်းမှလည်း ရရှိနိုင်သည်၊ အတ္ထုပ္ပတ္တိ စာအုပ်အမျိုးမျိုးကို ဖတ်ရှုခြင်းမှလည်း ရရှိနိုင်သည်။ ရရှိလာသော ထိုသဘောသဘာဝများကို မိမိဘဝတွင် ကြုံဆုံခဲ့ရသည့် ဇာတ်ပို့အမျိုးမျိုးတို့၏ ပံ့ပိုးမှုအဖုံဖုံတို့နှင့် ယှဉ်ထိုးကြည့်နိုင်ကြပေလိမ့်မည်။ ထိုသို့ယှဉ်ထိုးကြည့်နိုင်လာလေလေ ကိုယ့်ဘဝအတွက် သူပါဝင်ခဲ့ဟန်၊ သူ့ဘဝအတွက် ကိုယ်ပါဝင်ခဲ့ရဟန်၊ ဇာတ်ဆောင်နှင့် ဇာတ်ပို့တို့၏ အဖြစ်မှန်သဘောကို သဘောတရားအတိုင်း ရှုနှိုင်းချိန်ဆ ကွက်ကွက်ကွင်းကွင်း မြင်လာကြမည်သာ ဖြစ်လေသည်။ သူ့အတွက် ကိုယ့်ကဏ္ဍ ကုန်သွားပြီမှန်းကို သိလျှင် သူ့အပေါ်စေတနာရှိပါသည်ဟု သူ့အပေါ်အတင်းတွယ်ကာ သူ့အတွက် ဝေဖန်စရာ၊ နှမြောစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ။
ကိုယ့်အတွက် သူ့ကဏ္ဍကုန်သွားပြီမှန်းကိုသိလျှင် သူမရှိတော့၍ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာလည်း မလိုတော့ပြီ။ ကိုယ်မှလွဲ၍ မိဘအပါအဝင် အခြားသူမှန်သမျှ ကိုယ့်အတွက် ဇာတ်ပို့အဆင့်မျှသာရှိကြောင်း၊ မည်သူ့အတွက်မဆို ကိုယ်သည်လည်း ဇာတ်ပို့အဆင့်မျှသာရှိကြောင်း သဘောပေါက် နားလည် လာလေလေ ကြုံခဲ့ ဆုံခဲ့ ကွဲခဲ့ ကွာခဲ့၊ ကြုံဆဲ ဆုံဆဲ ကွဲဆဲ ကွာဆဲများအတွက် ယခင်လောက် ခံစားချက် မပြင်းထန်၊ သောက ဒေါသ လောဘဒဏ်များကို လျှော့ချနိုင်လာလေလေ သာ ဖြစ်ပြီး လောကဓမ် မှန်သမျှကို ယခင်ထက် သက်တောင့်သက်သာ ရင်ဆိုင်လာနိုင်ကြမည်သာ ဖြစ်လေသည်။
စင်စစ် ဤသဘောကို သိအောင်ကြိုးစားကြခြင်းကို သူ့ကျေးဇူးကို ချေဖျက်လိုသော မကောင်းသော စိတ်ထားဖြင့် ပြုလုပ်ထိုက်ကြသည်ကားမဟုတ်။ သူ့ကဏ္ဍ၊ ကိုယ့်ကဏ္ဍကို ကွဲပြားအောင် ခွဲခြားသိမြင်ပြီး ကိုယ်စွမ်းကိုယ်စကို ယုံကြည်ကာ မိမိသာလျှင် မိမိဘဝ၏ဇာတ်ဆောင်ဖြစ်ကြောင်းနှင့် ကိုယ့်ကိုကိုယ် ထိန်းကျောင်းဖို့ အထူးလိုအပ်ကြောင်း ကောင်းစွာသဘောပေါက် နားလည်ကြရန်သာ ဖြစ်လေသည်။ ဤစာစုကို ဖတ်ရှုမိသူ တစ်ဦးတစ်ယောက် ဇာတ်ဆောင်နှင့် ဇာတ်ပို့၊ ဇာတ်ပို့နှင့်ဇာတ်ဆောင် သဘောသဘာဝကို အတန်ငယ်ရိပ်မိ၍ စိတ်ဖိစီးမှုအချို့ အတိုင်းအတာတစ်ခုအထိ သက်သာခွင့်ရခဲ့မည်ဆိုလျှင် ဤစာစုကိုရေးသား၍ ဇာတ်ပို့ခဲ့ရကျိုးရှိပေပြီ။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။ အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။ မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင် အံ့နည်း၊ ကောင်းစွာဆုံးမအပ်ပြီးသော မိမိသည်သာ ရနိုင်ခဲသော အားကိုးစရာ-အရဟတ္တဖိုလ်ကို ရနိုင်၏။
{ဓမ္မပဒပါဠိတော်၊ အတ္တဝဂ်}
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)