"အပ္ပမာဒ" ဆိုတာ
"အပ္ပာမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။"★ မြတ်စွာဘုရားက ဟောတယ်တဲ့ ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ဝင်စားနေတာကို ပမာဒလို့ ခေါ်တယ်။ ပမာဒ-မေ့လျော့တယ်ဆိုတာ တခြား ဘာမှ မလုပ်ဘဲ မေ့နေတာ။
★ အရပ်ထဲက လူတွေက ပြောကြတယ်။ "ဟာ ငါသွားစရာရှိတယ်။ မေ့နေလိုက်တာ" အဲဒီ အမေ့ မျိုးကို ပြောတာမဟုတ်ဘူး။ မေ့တယ်ဆိုတာ ဘာလဲဆိုလျှင် ကာမဂုဏ်ကိစ္စ၊
အပျော်အပါးကိစ္စတွေထဲ စိတ်ကို လွှတ်ထားတာ၊ တရားဓမ္မဘက်ကို လှည့်တောင် မကြည့်ဘူး။ အဲဒါကို မေ့နေတယ်လို့ ခေါ်တယ်။ အလုပ်ကိစ္စတွေနဲ့ပဲ နစ်မြှုပ်ထားတာကို မေ့နေတယ်လို့ ခေါ်တယ်။
★ မြတ်စွာဘုရားဆိုလိုတဲ့ ‘အပ္ပမာဒ’ ဆိုတာ ကာမဂုဏ် အာရုံထဲမှာ စိတ်ကို နှစ်မြှုပ်မထားဘူးတဲ့။
★ ကာမဂုဏ် အာရုံတွေဆိုတာ ဘာလဲဆိုလျှင် နေ့စဉ်နှင့်အမျှ လူ့ဘဝမှာ စားဝတ်နေရေး ကိစ္စတွေပဲ လုပ်တယ်။ မိသားစု ကိစ္စတွေပဲ လုပ်တယ်။ စီးပွားရေး ကိစ္စတွေပဲ လုပ်တယ်။ တခြားကိစ္စတွေပဲ လုပ်တယ်။
★ ကုသိုလ်ကောင်းမှုဘက်ကို စိတ်လုံးဝ မလှည့်ဘူး။ အဲဒီလို သာမန်ကိစ္စတွေထဲမှာ စိတ်ကို နှစ်မြှုပ်ထားတာကို မေ့တယ်လို့ပြောတာ။ ပမာဒဆိုတာ အဲဒါကိုပြောတာ။
★ အပ္ပမာဒ ဆိုတာ အဲဒါရဲ့ ဆန့်ကျင်ဘက် ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ကို ဦးတည်တယ်။ ဒါနကောင်းမှုလုပ်ဖို့ စိတ်ကိုလှည့်တယ်။ သီလဘက်ကို စိတ်ကိုလှည့်တယ်။ သမာဓိဘက်ကို စိတ်ကို လှည့်ထားတယ်။ ဒီကိစ္စတွေက ပိုအရေးကြီးတယ်လို့ သတိထားတယ်။ အဲဒါက အပ္ပမာဒဘဲ။
★ "ပမာဒေါ သဗ္ဗဝိပတ္တီနံ မူလံ" ကာမဂုဏ် အာရုံတွေထဲမှာ စိတ်ကို နှစ်မြှုပ်ထားတဲ့ ပမာဒဟာ ပျက်စီးမှုအားလုံးရဲ့ အခြေအမြစ်ပဲလို့ ဆိုတယ်။
★ ပျက်စီးမှု အားလုံးဆိုတာ ကာမဂုဏ်အာရုံထဲမှာ နှစ်မြှုပ်ထားတော့ တရားဓမ္မလမ်းကြောင်းကို သွေဖယ်ပြီး နေတဲ့အတွက် အကုသိုလ်တွေ လုပ်မိပြီး ဘဝတစ်ခုလုံး ပျက်စီးသွားတယ်။ သံသရာထဲ နစ်မြှုပ်သွားတယ်။ ဒါက ပျက်စီးခြင်းပဲ။
★ အဲဒီလို မဟုတ်ဘဲနှင့် ကာမဂုဏ်အာရုံထဲ အချိန်မဖြုန်းဘဲနှင့် တရားဓမ္မဘက်ကို ဦးတည်ပြီး သတိရတယ်၊ သတိထားတယ်။ အေး လူ့ဘဝရလာလျှင် ဒါနကောင်းမှုလည်း လုပ်ရမယ်။ သီလလည်း ဆောက်တည်ရမယ်။ ဘာဝနာလည်း လုပ်ရမယ်။ တရားဓမ္မကို မမေ့လျော့သင့်ဘူး။
★ တခြားကိစ္စဆိုတာ ဘဝရလာသည့် အတွက်ကြောင့် မတတ်သာလို့ လုပ်ကြရတယ်။ တရားဓမ္မက အဓိက အလုပ်လို့ သိမြင်လာပြီဆိုရင် ဒါ "အပ္ပမာဒ" ဖြစ်လာပြီလို့ ခေါ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 ‘သေချာသောလမ်းမှလျှောက်လမး်ပါ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu