မှတ်ကျောက်
★ မိထွေးတော် ဂေါတမီကို မြတ်စွာဘုရားက သင်ပေးသွားတယ်။ တစ်ယောက်, ယောက်က "ဓမ္မ - မှန်ကန်တဲ့တရား၊ ၀ိနယ - ဘုရားရဲ့ အဆုံးအမ၊ ဆုံးမချက်၊ သတ္တုသာသန - မြတ်စွာဘုရားရဲ့ သြဝါဒ" လို့ အတည်ပြုပြီး လာပြောမယ်ဆိုလျှင် မှတ်ကျောက် တင်ကြည့်လိုက်ပါတဲ့။★ ဘုရားရဲ့ ဓမ္မ၊ ၀ိနယ၊ သတ္တုသာသန တရားတော် မှန်လျှင် ရှိနေတဲ့ အတွယ်အတာတွေ လျှော့သွားရမယ်။ မုန်းတီးတဲ့စိတ်တွေ လျှော့သွားရမယ်။ **** နောက်ဆုံးမှာ လျှော့သွားပြီး လုံးဝ ပျောက်ကွယ် သွားစေနိုင်တဲ့ စွမ်းအားရှိတယ်။ ****
★ အဲဒီလို မဟုတ်ဘဲနဲ့ လောဘတွေ၊ ဒေါသတွေ တိုးလာမယ်ဆိုရင် ဒါ ဘုရား အဆုံးအမတွေ မဟုတ်ဘူးလို့ သေချာ ဆုံးဖြတ်လိုက်တဲ့။
★ ကျင့်စဉ်တစ်ခုကို ကျင့်လို့ ကိုယ့်သန္တာန်မှာ လောဘ နဲသွားသလား။ ဒေါသ နဲသွားသလား။ မောဟ နဲသွားသလား။ ဒါ အဓိက ကျတယ်။ လောဘလည်း နဲ မသွားဘူး။ ဒေါသနှင့် မောဟလည်း နဲမသွားဘဲ အကုသိုလ်တွေ တိုးသာလာတယ်ဆိုလျှင် ဒါ မှားတဲ့ အကျင့်၊ ဒါ ဘုရားဟောတဲ့ တရားမဟုတ်ဘူးလို့ မြတ်စွာဘုရားက မှတ်ကျောက်ပေးထားတယ်။ အဲဒီ "စံ" နှင့်ပဲ တိုင်းတာပြီးတော့ မှားတယ် မှန်တယ်ကို ဆုံးဖြတ်ရမယ်တဲ့။
★ အရေးကြီးဆုံးက တရားကို လက်ခံကျင့်သုံးလိုက်လို့ ကိုယ့်သန္တာန်မှာ အသိဉာဏ်တွေ တိုးတတ်လာသလား။ သို့မဟုတ် အသိဉာဏ်တွေ ဆုတ်ယုတ်သွားသလား။ ကောင်းမွန်တဲ့ စိတ်သဘောထားတွေ တိုးတတ်လာသလား။ သို့မဟုတ် ဆုတ်ယုတ်သွားသလား။ သူတော်ကောင်းစိတ် ပိုပြီး ၀င်လာသလား သို့မဟုတ် လျှော့နည်းသွားသလား ဆိုတာသာ အရေးကြီးတယ်။
★ တချို့တရားတွေက လိုက်နာကျင့်သုံးလိုက်တဲ့အခါ ဘာဖြစ်သလဲဆိုရင် မာနတွေ ၀င်လာတယ်။ ငါလို တတ်တဲ့သူ မရှိဘူး။ ငါက သာတယ်။ ဗမာပြည်မှာလည်း တခါတလေ ပေါ်တတ်သေးတယ်။ နဲနဲပါးပါး တရားသိသွားပြီဆိုလျှင် ဘုန်းကြီးတောင် ရှိမခိုးနိုင်တော့ဘူးဆိုတဲ့ အနေအထား ဖြစ်သွားတယ်။
★ ယခင်က သံဃာကို လေးစားပြီး ဘုန်းကြီးကို ရှိခိုးတယ်။ တရားကျင့်ပြီးတဲ့နောက် ဘုန်းကြီးကို ရှိမခိုးနိုင်တော့ဘူး ဆိုတော့ သူက မာန်မာနတွေ ပိုတတ်သွားတဲ့ သဘောပေါ့။ မာနဆိုတာ ကုသိုလ်လား၊ အကုသိုလ်လား မေးလျှင် အကုသိုလ်ပဲ။
★ ကိုယ်ရဲ့အရည်အချင်းကို ဘုန်းကြီးထက် သာတယ်ဆိုတဲ့ အနေအထားထိ ရောက်အောင်မြင့်ပြီး၊ ကိုယ့်အနေနှင့် အရိုအသေ ပေးရမည့် ပုဂ္ဂိုလ် မရှိတော့ဘူးလို့ ထင်လာတာ မာန ၀င်တာပဲ။ မာနက ၀င်မှန်း မသိအောင် တစ်ခါ, တစ်ခါ သိမ်မွေ့တယ်လို့ ဆိုလိုတာ။
★ မှန်ကန်တဲ့ တရားကို သိရှိနားလည်လာတဲ့ ပုဂ္ဂိုလ်က အဲဒီလို မဟုတ်ဘူး။ ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို ရိုရိုသေသေ၊ လေးလေးစားစား ဆက်ဆံနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တဲ့ စိတ်ဓာတ် ရှိတယ်။ စိတ်ကောင်း နုလုံးကောင်း မွေးတယ်။ မာန်မာနတွေ ကင်းတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်တွေ လျော့ကျလာတယ်။
★ တကယ် တတ်ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေက ပြောလေ့ရှိတယ်။ "ငါမတတ် သေးဘူးလို့ သိတဲ့နေ့ဟာ စာတတ်တဲ့ နေ့ပဲ" တဲ့။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 ‘သေချာသောလမ်းမှလျှောက်လမး်ပါ’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu