သာသနာတည်ကြောင်းတရား (၇) ပါး
ကိုထူး။ ။ ဗုဒ္ဓသာသနာတော်ဟာ တစ်ချို့လူတွေ ပြောနေကြသလို အနောက်နိုင်ငံတွေဘက်မှာ ထွန်းလင်းလာစရာအကြောင်း ရှိပါသလားဘုရား။
အရှင်။ ။ သာသနာတော်ဟာ အာရှမှာတည်လိမ့်မယ်၊ အနောက် ဥရောပမှာတည်လိမ့်မယ်၊ အာဖရိကမှာတည်လိမ့်မယ်လို့တော့ တပ်အပ်ကျ ပြောလို့ မရပါဘူး။ အဲသလို ဟောတော်မူထားခဲ့တဲ့ ဒေသနာတော်လည်း မရှိပါဘူး။ သို့သော်လည်း အကြောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံတဲ့ နေရာတွေမှာ သာသနာတည်တော်မူလိမ့်မယ်ဆိုပြီး အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ ဒေဝတာဝဂ်မှာလာရှိတဲ့ အပ္ပမာဒဂါရဝသုတ္တန်စတဲ့ ဒေသနာတော်တွေကို ကိုးကားပြီး ဆရာမြတ်တွေ ဖြေဆိုတော်မူထားကြတာတွေ ရှိတယ် ကိုထူးရဲ့။
ကိုထူး။ ။ အဲဒီ အကြောင်းတရား (၇) ပါးကို သိပါရစေဘုရား။
အရှင်။ ။ ကောင်းပြီ၊ သေချာမှတ်ပါ။
(၁) သက်တော်ထင်ရှား မြတ်စွာဘုရားအပေါ်မှာ၊ ဓာတ်တွေ မွေတော် စေတီတော်တွေအပေါ်မှာ ရိုသေလေးစားမှုရှိခြင်း။
(၂) မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိဓမ္မ ဆိုတဲ့ တရားတော်တွေ အပေါ်မှာ ရိုသေလေးစားမှု ရှိခြင်း။
(၃) ဒီနေ့မှ သာမဏေဝတ်ခါစ ကိုရင်လေးကစပြီး သီလရှိတဲ့ရဟန်းသံဃာတွေ အပေါ်မှာ ရိုသေလေးစားမှုရှိခြင်း။
(၄) သီလ၊ သမာဓိ၊ ပညာလို့ဆိုအပ်တဲ့ သိက္ခာသုံးပါးအပေါ်မှာ ရိုသေလေးစားမှုရှိခြင်း။
(၅) တည်ကြည်ငြိမ်သက်မှု သမာဓိတရားအပေါ်မှာ ရိုသေလေးစားမှုရှိခြင်း။
(၆) မမေ့မလျော့မှု သတိတရား (တနည်း) သတိပဋ္ဌာန်တရားတော်အပေါ်မှာ ရိုသေလေးစားမှုရှိခြင်း။
(၇) ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းဖြင့် ချီးမြှောက်စေ့စပ်ခြင်း (အာမိသပဋိသန္ထာရ)၊ တရားဓမ္မဟောပြောပြသခြင်းဖြင့် ချီးမြှောက်စေ့စပ်ခြင်း (ဓမ္မပဋိသန္ထာရ) တို့အပေါ် ရိုသေလေးစားမှု ရှိခြင်း။ တို့ပါပဲ။
ကိုထူး။ ။ မှန်လှပါဘုရား။
အရှင်။ ။ ဆိုလိုတာက၊ အာရှ၊ အာဖရိက၊ ဥရောပ မရွေးပါဘူး၊ အဲဒီတရား ခုနစ်ပါးနဲ့ ပြည့်စုံတဲ့ သူတွေ နေတဲ့နေရာမှာ သာသနာတော် တည်ပါလိမ့်မတဲ့ ကိုထူးရဲ့။
ကိုထူး။ ။ မှန်လှပါဘုရား။
အရှင်။ ။ လက်ရှိသာသနာတော်တည်နေပါတယ် ဆိုတဲ့ နေရာတွေမှာတောင်... ဆင်းတုတော်တွေ စေတီပုထိုးတွေကို အုတ်ပုံသာသာ၊ လည်ပတ်စရာ နေရာတွေအဖြစ်သာ သဘောထားလာကြတဲ့တစ်နေ့၊ တရားဓမ္မတွေကို လှောင်ပြောင်ဖို့ ဝန်မလေးတော့တဲ့တစ်နေ့၊ သီလရှိတဲ့ ရဟန်းသာမဏေတွေကို အရိုအသေ မပေးနိုင်တော့တဲ့တစ်နေ့၊ သီလ သမာဓိ ပညာ အကျင့်သိက္ခာတွေကို ဘေးဖယ်လာကြတဲ့တစ်နေ့၊ တည်ကြည်ငြိမ်သက်မှု သမာဓိကို ပျက်ရယ်ပြုလာကြတဲ့တစ်နေ့၊ သတိပဋ္ဌာန်တရားတွေကို ရှုတ်ချလာကြတဲ့တစ်နေ့၊ ပစ္စည်းလေးပါးထောက်ပံ့မှုတွေ တရားဓမ္မဟောပြောမှုတွေ ရပ်တန့်သွားကြတဲ့တစ်နေ့... အဲဒီနေရာကနေ သာသနာတော် ကွယ်ပျောက်သွားမှာ အမှန်ပဲ ကိုထူးရဲ့။
ကိုထူး။ ။ အမှန်ပါပဲဘုရား။
အရှင်။ ။ တန်ဖိုးရှိတာကို တန်ဖိုးရှိမှန်းသိမှ တန်ဖိုးထားစောင့်ရှောက်ဖို့ စိတ်အားထက်သန်ကြတာ ဓမ္မတာပဲ ကိုထူးရဲ့။ ဘုရားအဆုံးအမ သာသနာတော်ရဲ့ တန်ဖိုးကို မြင်အောင် ကြည့်တတ်ကြဖို့ သိအောင်ကြည့်တတ်ကြဖို့ လိုပါတယ်။
ကိုထူး။ ။ မှန်ပါဘုရား။
အရှင်။ ။ သာသနာတော်ပြန့်ပွါးထွန်းကားတဲ့ နေရာနဲ့၊ သာသနာအဆုံးအမ မရှိတဲ့ နေရာ၊ သာသနာအဆုံးအမအတိုင်း လိုက်နာတဲ့ မိသားစုနဲ့ သာသနာအဆုံးအမ လုံးဝမရှိတဲ့ မိသားစု၊ ကိုယ့်သန္တာန်မှာ သာသနာ အဆုံးအမ တည်နေခိုက်နဲ့၊ သာသနာအဆုံးအမ လက်လွတ်ခိုက် ငြိမ်းချမ်းမှုချင်း မတူညီကြပုံတွေကို ယှဉ်ထိုးကြည့်ရင် မြင်နိုင်ကြမယ်ထင်တာပဲ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။ ဒီနေ့ခေတ်မှာဆို သတင်းစီးမျောမှုတွေကလည်း မြန်ဆန်လာတော့ ပိုပြီး သိနိုင် မြင်နိုင်ကြပါတယ်ဘုရား။
အရှင်။ ။ ဟုတ်တယ်။ သာသနာတော်ကြီး တည်တ့့ံခြင်းသည် လောကသားတွေ ငြိမ်းချမ်းမှုတည်တံ့ခြင်းပဲ၊ သာသနာတော်ကွယ်ခြင်းသည် ငြိမ်းချမ်းမှုတရားကွယ်ပျောက်ခြင်းပဲ။ ဆိုတော့.. ကဲ .. အပေါ်က ခုနစ်ချက်ကို မှတ်မိလွယ်အောင် လင်္ကာလေး ရေးပေးလိုက်မယ်။ အဲဒီခုနစ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေ များလာအောင် ကြိုးစားနိုင်ကြပါစေ ကိုထူးရေ။
ကိုထူး။ ။ ကြိုးစားအားထုတ်ပါ့မယ်ဘုရား။
{ရတနာသုံးရပ်၊ ကျင့်မြတ်သိက္ခာ၊ သမ္မာသမာဓိ၊ သတိပဋ္ဌာင်္နံ၊ ပဋိသန်ဟု၊ ခုနစ်တန်တရား၊ ရိုသေငြား၊ ဘုရားသာသနာတည်ကြောင်းတည်း။}
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ) 17/08/2014