Thursday, May 31, 2018

"ဓမ္မပူဇာဆိုတာ ဘယ်လို ပူဇော်တာပါလိမ့်"

"ဓမ္မပူဇာဆိုတာ ဘယ်လို ပူဇော်တာပါလိမ့်"


 ခုဒ္ဒကပါဌအဋ္ဌကထာ၊ မင်္ဂလသုတ်အဖွင့်၌ပူဇာဟူသည်ကို “ပူဇာတိ သက္ကာရဂရုကာရ မာနနဝန္ဒနာ- ပူဇာဟူသည် ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊မြတ်နိုးတနာပြုခြင်း၊ ရှိခိုးခြင်းတည်း” ဟု ဖွင့်ဆိုပြထားပေသည်။ ထို့ကြောင့် အာမိသဖြင့် ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း ၊မြတ်နိုးတနာပြုခြင်း၊ ရှိခိုးခြင်းများကို ‘အာမိသပူဇာ’ ဟု လည်းကောင်း၊ ဓမ္မဖြင့် ကောင်းစွာပြုခြင်း ၊အလေးအမြတ်ပြုခြင်း၊ မြတ်နိုးတနာပြုခြင်း၊ ရှိခိုးခြင်းများကို ‘ဓမ္မပူဇာ’ ဟုလည်းကောင်းအကျဉ်းအားဖြင့် မှတ်သားနိုင်ကြပြီ ဖြစ်ပါသည်။

 "အာမိသပူဇာ" ထိုတွင် အာမိသဟူသည်ပစ္စည်းလေးပါး၊ လာဘ်လာဘ၊ တံစိုးလက်ဆောင်၊ ကိလေသာကာမ၊ ကိလေသာတို့ဖြင့် သုံးသပ်အပ်သောအရာတို့ဟူ၍ဆရာမြတ်တို့က ဖွင့်ဆိုရှင်းပြတော်မူကြ၏။ ထို့ကြောင့်.. အပူဇော်ခံပုဂ္ဂိုလ်တို့အား ပန်း၊ရေချမ်း၊ ဆီမီး၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာ ငွေကြေးဝတ္ထု စသည့် အာမိသပစ္စည်းတို့ဖြင့် မြတ်နိုးတနာပြု၍ ပေးလှူခြင်း စသည်ကို အာမိသပူဇာ ဟုခေါ်ဝေါ်ရလေသည်။

ယနေ့ခေတ်တွင် အသုံးတွင် ခေတ်စားနေသော တရားဟောပုဂ္ဂိုလ်တို့အား ကပ်လှူသည့် နဝကမ္မစာအိတ်ကြီးငယ် စသည်တို့သည်ကား အများသိမှတ်နေကြသကဲ့သို့ ဓမ္မပူဇာစစ်စစ် မဟုတ်မူ၍၊့ အာမိသပူဇာ စာရင်းဝင်တို့သာ ဖြစ်ကြလေသည်။ ဤနေရာတွင် ပူဇာဟူသောစကားကို သက္ကာရနှင့် ဂါရဝ ဟူသော စကားတို့ဖြင့် ယှဉ်တွဲကြည့်လျှင် ပို၍ နားလည်ဖွယ်ရာရှိ၏။

 မှန်၏။ ပါရာဇိကဏ်အဋ္ဌကထာ၌ အောက်ပါအဓိပ္ပါယ်ကို ဖွင့်ဆိုထား သည်ကို တွေ့ရ၏။ - အာမိသဖြင့်တစ်စုံတစ်ယောက်အား ပူဇော်ကြရာ၌ အပူဇော်ခံပုဂ္ဂိုလ်အားကား အလေးအနက်မထားဘဲ မိမိ၏လှူဖွယ်ပစ္စည်းကိုသာကောင်းစွာပြင်ဆင် လှူဒါန်းလျှင်၊ ၎င်းကို ‘သက္ကာရ’ ဟု ခေါ်၏။ - လှူဖွယ်ပစ္စည်းကိုကားကောင်းစွာပြင်ဆင်မှုမပြုဘဲ၊ အလှူခံ ပုဂ္ဂိုလ်ကိုသာ အလေးအမြတ်ပြုကာ ပေးကမ်း လှူဒါန်းလျှင်၊၎င်းကို ‘ဂါရဝ’ ဟုခေါ်၏။ - ထိုသက္ကာရ၊ ဂါရဝနှစ်ပါးနှင့် ပြည့်စုံစွာ ချစ်ခင်မြတ်နိုးခြင်းနှင့်တကွ ကောင်းစွာ ပြင်ဆင်စီရင်အပ်သော လှူဖွယ်ပစ္စည်းဖြင့် အလှူခံပုဂ္ဂိုလ်ကိုလည်း အလေးအမြတ် ပူဇော်ချီးမြှောက်ခြင်းကို‘ပူဇာ’ ဟု ခေါ်လေသည်။ ထို့ကြောင့် ကောင်းစွာပြင်ဆင်ထားအပ်သောလှူဖွယ်ဝတ္ထုတို့ဖြင့် အလှူခံပုဂ္ဂိုလ်တို့အား ချစ်ခင်မြတ်နိုးစွာ အလေးအမြတ်ပြု ပူဇော်ချီးမြှောက်လျှင်၊ ၎င်းကို‘အာမိသပူဇာ’ ဟု ခေါ်ရလေသည်။ “ဓမ္မပူဇာ” ‘ဓမ္မပူဇာ’ ဟူသောစကားရပ်၌'ဓမ္မ'အရ မပြုကျင့်ဘဲ ရှောင်ကြဉ်ကြရမည်ဟု ပညတ်တော်မူ အပ်သည့် (ဝါရိတ္တ) သီလသိက္ခာပုဒ်တော်များ၊ လိုက်နာရမည်ဟု ပညတ်တော်မူအပ်သည့် ဆရာသမားတို့ အပေါ်၌ ပြုကျင့်ရာသော ဝတ္တရားများစသော စာရိတ္တသီလ(ခေါ်) အာစာရပညတ်တော်များ၊ ဓုတင်အကျင့်များ ၊ သောတာပတ္တိမဂ်၏ရှေ့ ဂေါတြဘုဉာဏ် တိုင်အောင်သောသမထ-ဝိပဿနာအကျင့်များကို ကောက်ယူရလေသည်။

 မှန်၏။ ထို ရှောင်ကြဉ်ရမည့်သီလသိက္ခာပုဒ်တော်များ၊ ဖြည့်ကျင့်ရမည့် ဝတ္တရားကြီးငယ်များ၊ ဓုတင်အကျင့်မြတ်များနှင့်သမထ-ဝိပဿနာ အကျင့်မြတ်များသည် မဂ်လေးပါး၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရား ကိုးပါးအားလျော်ကန်ထိုက်တန်သည့် အကျင့် (ပုဗ္ဗဘာဂပဋိပဒါ) တို့ပင် ဖြစ်လေသည်။ ထို့ကြောင့် ‘ဓမ္မေနပူဇနာ ဓမ္မပူဇာ’ ဟူသည်နှင့်အညီ၊ ဘုရား တရား သံဃာ ရတနာသုံးပါးတို့အား လေးစားချစ်ခင်ကြည်ညိုသော အားဖြင့်ထို သီလသိက္ခာပုဒ်တော်များကို လိုက်နာခြင်း၊ ဝတ်ကြီးဝတ်ငယ်များကို ဖြည့်ကျင့်ခြင်း၊ဓုတင်အကျင့်မြတ်တို့ကို လိုက်နာကျင့်သုံးခြင်း၊ သမထ-ဝိပဿနာတရားတို့ကို ပွါးများအားထုတ်ခြင်းဟူသော အကျင့်-ဓမ္မဖြင့် ပူဇော်ခြင်းကိုပင် ‘ဓမ္မပူဇာ’ ဟု ခေါ်ရလေသည်။

လိုရင်းချုပ်၍ ဆိုရပါလျှင် ဘုရား တရားသံဃာ ရတနာသုံးပါးအပေါ် လေးစားချစ်ခင်သောအားဖြင့် ဗုဒ္ဓ၏အဆုံးအမ မြတ်ဓမ္မအတိုင်း လိုက်နာကျင့်သုံးနေထိုင်၍ပူဇော်ခြင်းကို ဓမ္မပူဇာ ဟု ခေါ်ရလေတော့သည်။ “ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား” - လောကတွင် ရှိသမျှလူနတ်ဗြဟ္မာ သတ္တဝါတို့ကို ဧရာမနေရာကြီးတစ်ခုတွင် စုဝေးစေပြီး အပူဇော် အခံထိုက်ဆုံး ပုဂ္ဂိုလ်ကိုရွေးချယ်မည်ဆိုပါက ထိုပုဂ္ဂိုလ်သည် ဗုဒ္ဓရှင်တော်မှတပါး အခြားသူဖြစ်စရာ အကြောင်းမရှိပေ[အရဟံ]။ - အကြောင်းကား ဗုဒ္ဓသည်သာ လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိန ဥဒ္ဓစ္စ အဟိရိကအနောတပ္ပ ဟူသော ကိလေသာတရားဆိုးတို့ကို ဝါသနာအငွေ့အသက်နှင့်တကွ ပယ်ဖြတ်တော်မူပြီးသောကြောင့်ပင်ဖြစ်လေသည် [အရ,ဟံ]။ - ဗုဒ္ဓ၏ ထိုသဘောသည်ကား လူရှေ့တွင်သာ ကိလေသာ ကင်းသယောင် ဟန်ဆောင်နေသည်မဟုတ်၊လူသူမရှိသည့် ဆိတ်ကွယ်ရာ၌လည်း ၎င်းအတူပင် မကောင်းမှုကို ပြုတော်မမူသည်သာ ဖြစ်လေသည် [အ,ရဟံ]။ - ထို့ကြောင့်ပင် ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတော်တို့ကိုသိ၍ဗုဒ္ဓကို ချစ်ခင်ကြည်ညိုကြသူ တို့သည် ကျောင်းသင်္ကန်းဆွမ်းဆေးတို့ဖြင့် ပူဇော်ခြင်း အာမိသပူဇာဖြင့်လည်းကောင်း၊ဖော်ပြခဲ့ပြီးသော သိက္ခာပုဒ်တော်များကို လိုက်နာခြင်းစသော ဓမ္မပူဇာဖြင့်လည်းကောင်း ယနေ့တိုင်ပူဇော်လျက်ရှိကြလေသည်။

 “အာမိသဖြင့်ပူဇော်ကြသော်လဲ…” ထိုတွင် ဗုဒ္ဓသည် အာမိသပူဇာထက်ဓမ္မပူဇာကို ပို၍ နှစ်သက်တော်မူကြောင်းကို မဟာပရိနိဗ္ဗာနသုတ္တန်တွင် ကိုယ်တော်တိုင် အတိအလင်းဟောကြားတော်မူခဲ့လေသည်။ မှန်ပါ၏။ ဗုဒ္ဓသည် ဘုရားဖြစ်တော်မူသည်မှ (၄၅) နှစ်တာကာလပတ်လုံးဆုံးမထိုက်သမျှ ဝေနေယျတို့ကို ဆုံးမတော်မူ၍ လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ထိုက်တန်စွာရရှိစေတော်မူပြီးသည့်နောက် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် မြောက်အရပ်သို့ ခေါင်းရင်းပြုကာခင်းထားအပ်သော သလွန်တော်မြတ်၌ ပရိနိဗ္ဗာန်ပြုတော်မူရန်အလို့ငှါ လက်ယာနံတောင်းဖြင့် မြတ်သောလျောင်းစက်ခြင်းကို ပြုတော်မူလေသည်။ ထိုရောအခါ ဗုဒ္ဓကိုကြည်ညိုကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် နတ်၌ဖြစ်သော ပန်း, နံသာတို့ဖြင့်လည်းကောင်း၊နတ်စောင်းပတ်သာ တူရိယာတို့ကို တီးခတ် သီဆိုကာဖြင့်လည်းကောင်း ဗုဒ္ဓကို ပူဇော်ကြလေသည်။ထိုအခါ ဗုဒ္ဓသည် အရှင်အာနန္ဒာကို ခေါ်တော်မူပြီးလျှင်… “''အာနန္ဒာ အင်ကြင်းပင်အစုံတို့သည်အခါမဲ့ ပွင့်သောပန်းတို့ဖြင့် ပင်လုံးကျွတ်ပွင့်လျက် ရှိကုန်၏၊ ထို (အင်ကြင်းပင်)တို့သည် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ပန်းတို့ကို မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။ မန္ဒာရဝမည်သော နတ်ပန်း (ထင်ရှားပန်း) တို့သည်လည်းကောင်းကင်မှ ကျလာကုန်၏၊ ထို (ပန်း) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့်မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက် ကြဲဖြန့်ကုန်၏၊ မပြတ်မစဲကြဲဖြန့်ကုန်၏။ နတ်၌ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့သည်လည်း ကောင်းကင်မှကျလာကုန်၏၊ ထို (စန္ဒကူးနံ့သာမှုန့်) တို့ကိုလည်း (နတ်တို့သည်) မြတ်စွာဘုရားကိုပူဇော်သည့်အနေဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ထက်သို့ ကြဲဖြန့်ကုန်၏၊ လွှမ်းလျက်ကြဲဖြန့်ကုန်၏၊ မပြတ်မစဲ ကြဲဖြန့်ကုန်၏။ နတ်တူရိယာတို့ကိုလည်း မြတ်စွာဘုရားကိုပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက်ရှိကုန်၏။ နတ်သီချင်းသံတို့သည်လည်းမြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက်ရှိကုန်၏။ အာနန္ဒာ ဤမျှလောက် (ပူဇော်မှု) ဖြင့် မြတ်စွာဘုရားကို အရိုအသေပြုသည် မမည်သေး၊အလေးပြုသည် မမည်သေး၊ မြတ်နိုးသည် မမည်သေး၊ ပူဇော်သည် မမည်သေး၊ ပသသည် မမည်သေး” ဟု မိန့်တော်မူ၏။

 “ဓမ္မအကျင့်မြတ်ဖြင့် ပူဇော်ပါ” ထို့နောက်ဗုဒ္ဓသည် “အာနန္ဒာအကြင်ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ ဥပါသကာဖြစ်စေ ဥပါသိကာမ ဖြစ်စေ (လောကုတ္တရာ)တရားနှင့် လျော်သော တရားကိုကျင့်လျက်နေ၏၊ လျော်သော အကျင့်ကိုကျင့်လျက်နေ၏၊တရားနှင့်လျော်စွာ ကျင့်လျက်နေ၏၊ ထိုသူသည် အမြတ်ဆုံးပူဇော်ခြင်းဖြင့်မြတ်စွာဘုရားကို အရိုအသေပြုသည် မည်၏၊ အလေးပြုသည် မည်၏၊မြတ်နိုးသည် မည်၏၊ ပူဇော်သည် မည်၏၊ ပသသည် မည်၏” ဟု သူနှစ်သက်သော ပူဇော်ခြင်းကို အတိအလင်း မိန့်ကြားတော်မူလေသည်။ မှန်ပါ၏။ ဘုရားအလောင်းတော်မြတ်သည်ဒီပင်္ကရာမြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ လဲလျောင်းတော်မူလျက် ရှစ်ပါးသောအကြောင်းအင်္ဂါပြည့်စုံစွာဖြင့် သဗ္ဗညုတဉာဏ်တော်ကို ဆုတောင်းတော်မူခဲ့သည်မှာ ပန်းနံသာတူရိယာဘုန်းတော်ဘွဲ့တေးသံသာများဖြင့် ပူဇော်ခံတော်မူလို၍ မဟုတ်ခဲ့ချေပြီ၊ အာမိသပူဇာဖြင့်အပူဇော်ခံယူတော်မူလို၍ ပါရမီတော်မြတ်တို့ကို ဖြည့်ကျင့်တော်မူခြင်း မဟုတ်ခဲ့ချေပြီ။ စင်စစ်အားဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုရရှိရန်ထိုက်တန်သည့် သီလတော်မြတ်တို့ကို ဖြည့်ကျင့်ခြင်း၊ ဓုတင်အကျင့်မြတ်တို့ကိုဆောက်တည်ခြင်း၊ သမထ-ဝိပဿနာတရားများကို ပွါးများကြခြင်းတည်းဟူသော အငြိမ်းဓာတ်ကိုရလိုသသူ နတ်လူတို့၏ ပုဗ္ဗဘာဂပဋိပဒါအကျင့်မြတ် အကျိုးငှါသာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ခြင်းဖြစ်လေသည်။

 ထို့ကြောင့်ပင် မဟာပရိနိဗ္ဗာနဓာတ်ဖြင့်ချုပ်ငြိမ်းတော်မူအံ့ဆဲဆဲအခါ လျောင်းတော်မူရာ သလွန်တော်ထက်မှနေ၍ “အာနန္ဒာ ထို့ကြောင့် ဤ (သာသနာတော်)၌ (လောကုတ္တရာ) တရားနှင့် လျော်သော တရားကိုကျင့်လျက် နေကုန်အံ့၊ လျော်သော အကျင့်ကိုကျင့်လျက် နေကုန်အံ့၊ တရားနှင့် လျော်စွာ ကျင့်လျက်နေကုန်အံ့ဟု ဤသို့နှလုံးသွင်းလျက် သင်တို့ ကျင့်ကြံအားထုတ်ရမည် အာနန္ဒာ''ဟု မိန့်မှာတော်မူခဲ့လေသည်။ ပစ္စည်း လာဘ်လာဘ အာမိသထက် အကျင့်မြတ်ဓမ္မကို အလေးဂရုပြုတော်မူသော ဘုရားရှင့်သာသနာတော်၌ ဓမ္မပူဇာ၏ သဘောကိုထဲထဲဝင်ဝင် သိမြင်အောင်ကြိုးစားပြီးလျှင်၊ ဆွမ်းတော်တင် ပန်းတော်ကပ်၊ ဓမ္မကထိကအား နဝကမ္မဖြင့်ပူဇော်စသည့် အာမိသပူဇာဖြင့် ပူဇော်ရုံမျှဖြင့် ကျေနပ်နှစ်သိမ့်မနေကြဘဲ၊ ဘုရားရှင်နှစ်သက်တော်မူသည့် ဓမ္မပူဇာ အကျင့်မြတ်ဖြင့် ပူဇော်နိုင်အောင် ကြိုးစားအားထုတ်တော်မူကြပါကုန်စို့ ဗုဒ္ဓဘာသာ ကလျာဏနွယ်ဝင် သူတော်စင် သူတော်ကောင်းအပေါင်းတို့..။

 ကျမ်းကိုး။ ။ အင်္ဂုတ္ထိုရ် ပါဠိတော်- အဋ္ဌကထာ၊ ခုဒ္ဒကပါဌအဋ္ဌကထာ၊သုတ်မဟာဝါအဋ္ဌကထာ- ဘာသာဋီကာ၊ ပါဠိတော် မြန်မာပြန်၊ သပြေကန်ပရိတ်ကြီးနိဿယသစ်၊ မင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယ ဇာတ်တော်ကြီးဝတ္ထု

 မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)